တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု

စက်တင်ဘာလ ၉ ရက်နေ့တွင် ရောက်သည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့၌ ဒေသခံများမှ ဂါရဝပြူပူဇော်ထားခဲ့သည့် ပန်းခွေများမှာ နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့်တွင် အာဏာပိုင်များက လာရောက်ပြန်ထားသွားခဲ့သည်။

16 Sep 2021

(စက်တင်ဘာလ ၈ ရက်နေ့မှ ၁၅ ရက်နေ့အထိ)

စက်တင်ဘာ ၈

  • NUG အစိုးရက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အရေးပေါ်အခြေအနေကြေညာသည့် စက်တင်ဘာလ ၇ ရက်နေ့ နောက်ပိုင်းတွင် မြန်မာနိုင်ငံ၏ ရွှေဈေးကွက်အတွင်း ရွှေဈေးနှုန်းအဆမတန်မြင့်မားလာပြီး ၁၆ ပဲ တစ်ကျပ်လျှင် ငွေကျပ် ၁၈ သိန်းအထိ စံချိန်တင်မြင့်တက်ခဲ့သည်။
  • ချင်းပြည်နယ်၊ ပလက်ဝမြို့တွင် ကိုဗစ်ကူးစက်ခံရသူ များလာသည့်အတွက် နေ့လည် ၁၁ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ကြရန် ကန့်သတ်ထားသည့်အတွက် ဒေသခံများ အခက်ကြုံနေရကြောင်း သိရသည်။
  • မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးသံအမတ် မစ္စတာအီရာဝန်ယူဆွဖ်က မြန်မာနိုင်ငံထဲ လူသားချင်းစာနာမှုဆိုင်ရာ အထောက်အပံ့များပေးနိုင်ရန်အတွက် သက်ဆိုင်ရာအဖွဲ့များအားလုံး (၄)လအကြာ အပစ်ရပ်ပေးရန် တောင်းဆိုမှုကို ကြိုဆိုကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က စက်တင်ဘာလ ၇ ရက်နေ့တွင် ထုတ်ပြန်ပြောကြားခဲ့သည်။
  • အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဦးညီပုအပါအဝင် ဝန်ကြီးဟောင်း(၅)ဦးကို စက်တင်ဘာလ ၈ ရက်နေ့တွင် ရခိုင်ပြည်နယ် တရားလွှတ်တော်၌ Video Conferencing ဖြင့် ရုံးထုတ်စစ်ဆေးခဲ့ကြောင်း အမှုလိုက်ပါဆောင်ရွက်နေသူထံမှ သိရသည်။
  • ရခိုင်ပြည်နယ်စစ်တွေမြို့တွင် ဝန်ထမ်းပေါင်း ၁ဝဝ ကျော်ဖြင့်လည်ပတ်နေသည့် Smart အထည်ချုပ်စက်ရုံမှာ အစိုးထံမှ အော်ဒါအပ်ထည်မရ၍ ပိတ်ထားရသည်မှာ ၁နှစ်နီးပါးခန့်ရှိပြီဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၉

  • စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် နိုင်ငံရေးခေါင်းဆောင်များအပါအဝင် ပုဂ္ဂိုလ်အားလုံးကို ခြွင်းချက်မရှိ အမြန်ဆုံးလွှတ်ပေးပြီး နိုင်ငံရေးမတူညီမှုအား အမြန်ဆုံးဆွေးနွေး အဖြေရှာဆောင်ရွက်သွားမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)မှ စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
  • စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သည့် ဆရာတော်ဦးဥတ္တမနေ့ကို တရားဝင် အစိုးရရုံးပိတ်ရက်အဖြစ် သတ်မှတ်ပေးရန် တောင်းဆိုချက်ကို မရရှိသရွှေ့ ဆက်လက်တောင်းဆိုသွားမည်ဟု ဆရာတော်၏ရုပ်ထုအား လာရောက်ပူဇော်ခဲ့သည့် ရခိုင်ပြည်သူများက ပြောဆိုကြသည်။
  • အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ၂ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင် တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ် ၄ ဦးကို စက်တင်ဘာလ ၉ ရက်နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ပြန်လည်လွှတ်ပေးခဲ့သည်။
  • ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့မှ မွတ်ဆလင်အုပ်ချုပ်ရေးမှူးများကို မြန်မာစစ်တပ်ကခေါ်ယူပြီး AA ၏ အုပ်ချုပ်ရေးကိစ္စများကို လက်မခံရန် ပြောကြားခြင်းမှာ ဒေသတွင်း တရားဥပဒေစိုးမိုးရေးကို နှောင့်ယှက်ဖျက်စီးရန် ကြိုးစားနေခြင်းဖြစ်ကြောင်း ULA/AA ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောကြားခဲ့သည်။
  • စက်တင်ဘာလ ၉ ရက်နေ့တွင် ရောက်သည့် (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့တွင် ရခိုင်ပြည်နယ်၊ အမ်းမြို့ရှိ ဆရာတော်ဦးဥတ္တမရုပ်ထုရှေ့၌ ဒေသခံများမှ ဂါရဝပြူပူဇော်ထားခဲ့သည့် ပန်းခွေများမှာ နံနက်ပိုင်းက ပျောက်ဆုံးသွားခဲ့ပြီး နေ့လည် ၁ နာရီခွဲခန့်တွင် အာဏာပိုင်များက လာရောက်ပြန်ထားသွားခဲ့သည်။
  • ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဆိုသည့် သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မများဖြင့် အချိန်ကြာမြင့်စွာ တရားရင်ဆိုင်ခဲ့ရသည့် ရခိုင်ဒေသခံ ၁၆ ဦးမှာ စက်တင်ဘာလ ၉ ရက်နေ့က ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း မိသားစုဝင်များထံမှ သိရသည်။
  • စက်တင်ဘာလ ၉ ရက်နေ့တွင်ကျရောက်သော ရုပ်ရှင်သရုပ်ဆောင်မင်းသား နေတိုး(ခ) ကိုနေလင်းအောင်၏ အသက် ၄ဝ ပြည့်မွေးနေ့အလှူအဖြစ် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အနှေးယာဉ်မောင်းသူများအတွက် စားနပ်ရိက္ခာများလှူဒါန်းပေးခဲ့သည်။
  • ရခိုင်တို့၏ ရှေးဟောင်းသမိုင်းဝင် မြောက်ဦးရှိ ဘုရား၊ ပုထိုး၊ စေတီပရိဝုဏ်များ အတွင်း မူးယစ်ဆေးဝါးသုံးစွဲခြင်းများနှင့် စုံတွဲများချိန်းတွေ့ခြင်းတို့ကို ကြပ်မတ် တားဆီးပေးရန် အရေးတကြီးလိုအပ်နေသည်ဟုမြို့ခံများနှင့် ဘုရားဖူး ပရိသတ်များက ပြောသည်။
  • အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ၅၂(က)ဖြင့် ၃ နှစ်ခန့်အကြာ တရားစွဲဆိုခံခဲ့ရသည့်အတွက်နစ်နာမှုများရှိခဲ့သည်ဟု စစ်တွေထောင်မှ လွတ်မြောက်လာသည့် မြေပုံမြို့နယ် ယိုးချောင်းကျေးရွာမှ ကိုဇော်နိုင်ဝင်း၊ ရသေ့တောင်မြို့နယ်ပြာပင်ရင်းကျေးရွာမှ ကိုနေလင်းထွန်း၊ ရသေ့တောင်မြို့အရှေ့မြောက်ရပ်ကွက်မှကိုမောင်ချေနှင့် ပေါက်တောမြို့နယ် ရွာချောင်းကြီးကျေးရွာမှကိုမောင်သန်းဌေးရခိုင်လူငယ် ၄ဦးတို့က ပြောဆိုခဲ့သည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် မြန်မာ့လွတ်လပ်ရေးမီးရှူးတန်ဆောင် အာရှနေဝန်းဆရာတော် အသျှင်ဥတ္တမနေ့ကို ဂုဏ်ပြုသောအားဖြင့် ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲများနှင့် အမေးအဖြေအစီအစဉ်များကို ကိုဗစ်စည်းကမ်းနှင့်အညီ ကျင်းပခဲ့ကြသည်။

စက်တင်ဘာ ၁၀

  • နိုင်ငံရေးအကျည်းသားဟောင်းများအဖွဲ့(ရခိုင်ပြည်နယ်)တွင် အဖွဲ့ဝင်များ သေဆုံးခြင်းနှင့် အကျဉ်းကျခံနေရသူများ ရှိသဖြင့် အဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
  • ဒေါ်လာဈေးမြင့်တက်လာနေမှုကြောင့် နိုင်ငံခြားသွင်းကုန်များနှင့် အခြားကုန်စည်များ ဈေးနှုန်း ဆက်လက်မြင့်တက်လာနိုင်ကြောင်း ရခိုင်စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။
  • ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်စည်းကမ်းလိုက်နာမှုမရှိသည့်အတွက် ဖမ်းဆီးအရေးယူခံထားရသူ (၃၈)ဦးအထိရှိလာပြီး ယင်းအထဲတွင် စစ်တွေမြို့မှ(၃၃)ဦးနှင့် ဂွမြို့နယ်တွင်(၅)ဦးတို့ဖြစ်ကြောင်း DMG မှ ကောက်ယူထားသည့်စာရင်းအရ သိရသည်။
  • ရခိုင်ပြည်နယ်၊ စစ်တွေမြို့က သိန်းထောင်ကျော်တန် အိမ်ခြံမြေများမှာ အရောင်းအဝယ် လုံးဝမဖြစ်ဘဲ ရှိနေကြောင်း အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူများထံမှ သိရသည်။  
  • ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်အတွင်းက ဧက ၂၀၀ ခန့်ရှိသည့် ဒီရေတောတစ်ခုကို “အာရှနေဝန်း ဆရာတော်ဦးဥတ္တမ ဘေးမဲ့ဒီရေတော“အဖြစ် အမည်ပေးသတ်မှတ်ခဲ့ကြသည်။
  • တရုတ်ကွန်မြူနစ်ပါတီနှင့်အရှေ့တောင်အာရှ၊ တောင်အာရှမှနိုင်ငံရေးပါတီ (၁ဝဝ )ကျော်တို့ ပြုလုပ်သည့်အွန်လိုင်းဆွေးနွေးပွဲသို့ မြန်မာနိုင်ငံက တစ်ခြားပါတီသုံးခုနှင့်အတူရခိုင်အမျိုးသားပါတီ ( ANP) လည်း တက်ရောက်ခဲ့သည်။
  • ဂျပန်နိုင်ငံနိုင်ငံအလယ်တန်းအဆင့် ဘော်လီဘောပြိုင်ပွဲတွင် ဂျပန်အသင်းကိုယ်စားပြုကစားခဲ့သည့်ရခိုင်အမျိုးသမီးတစ်ငယ်တစ်ဦး အကောင်းဆုံးကစားသမားဆုရရှိသွားကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့ တိုက်နယ်ဆေးရုံတွင် ဆရာဝန်မရှိဘဲ ၂ လခန့်ကြာမြင့်သွားခဲ့ပြီးနောက် ဆရာဝန်တစ်ဦးကို ယာယီထမ်းဆောင်ရန်တာဝန်ပေးလိုက်ပြီဟု သိရသည်။
  • ရခိုင်ပြည်နယ်၊စစ်တွေမြို့အခြေစိုက် ပရဟိတအဖွဲ့အစည်းတစ်ခုဖြစ်သောရွှေရောင်မေတ္တာဖောင်ဒေးရှင်းတွင် အမျိုးသမီးလူနာများအတွက်ရည်ရွယ်၍အမျိုးသမီးလူမှုကူညီရေးအဖွဲ့တစ်ခုကို သီးသန့်ဖွဲ့စည်းလိုက်သည်။
  • ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ်တွင် လမ်းဘေးတွင် မူးယစ်ဆေးဝါးနှင့်အရက်သေစာသောက်စားသူ ၂၆ ဦးတို့ ဖမ်းဆီးခံခဲ့ရသည်။

စက်တင်ဘာ ၁၁

  • ရခိုင်မှ IDP စခန်းများနှင့် စစ်ဘေးရှောင်စခန်းများတွင် တရုတ်နိုင်ငံထုတ် Sinovac ကိုဗစ်ကာကွယ်ဆေး ထိုးနှံလျက်ရှိရာ လက်ရှိတွင် အမ်းနှင့် ပေါက်တောမြို့နယ်တို့၌ ထိုးနှံပြီးစီးနေပြီဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ သိရသည်။
  • မြန်မာနိုင်ငံတွင် ရွှေဈေးဆက်တိုက်မြင့်တက်နေပြီး စက်တင်ဘာလ ၁၁ ရက်နေ့တွင် ၁၆ ပဲရွှေတစ်ကျပ်သားကို ဆယ့်ကိုးသိန်းနှစ်သောင်းအထိ မြင့်တက်ခဲ့ကြောင်း ရွှေဆိုင်လုပ်ငန်းရှင်များထံမှ သိရသည်။
  • ရခိုင်ပြည်နယ်အတွင်း စစ်တွေမြို့မှ အခြားမြို့နယ်များသို့ ခရီးတိုပြေးဆွဲနေသည့် ခရီးသည်တင်ကားများအတွက် ယခင်ကားဂိတ်အဟောင်းအနီးတွင် ယာယီကားဂိတ်တစ်ခုကို ပြုလုပ်ထားပေးထားကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊ မင်းပြားမြို့တွင် ရဲတပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးတို့ တားနေသည့်ကြားထဲက အမည်မသိလူငယ်တစ်ဦး ကြိုးဆွဲချ သေဆုံးသွားခဲ့သည်။
  • ရခိုင်ပြည်နယ်၊ဂွမြို့နယ်တွင် ကိုဗစ်ကြောင့် စားဝတ်နေရေးခက်ခဲသူ အိမ်ထောင်စု ၁၄၀၀ခန့်အား သင်္ဂဟကမ်းလက်ရက္ခိတအဖွဲ့ကစားနပ်ရိက္ခာများသွားရောက်ထောက်ပံ့ခဲ့သည်။

စက်တင်ဘာ ၁၂

  • ရခိုင်ပြည်နယ် တစ်ခုတည်းတွင်သာရှိသည့် ရခိုင်တောင်လိပ်မျိုးစိတ်မှာ မဆင်မခြင် ဖမ်းဆီးစားသောက်မှုများကြောင့် လာမည့် ၅ နှစ်တာအတွင်း မျိုးသုန်းပျောက်ကွယ်သွားနိုင်သည့် အရေးနှင့် ကြုံတွေ့နေရကြောင်း လိပ်မျိုးစိတ်ရှင်သန်ရေးအဖွဲ့ထံမှ သိရသည်။
  • ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပြန်လည်မဖွင့်လှစ်ဘဲ ဆက်လက်ပိတ်ထားမည်ဆိုပါက ရေရှည်တွင် စီးပွားရေးလုပ်ငန်းများအတွက် ထိခိုက်မှုများရှိလာနိုင်ကြောင်း နယ်စပ်ကုန်သွယ်ရေး တာဝန်ရှိသူများက ပြောဆိုခဲ့သည်။
  • ရခိုင်ပြည်နယ်ရှိ ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ ကျောက်တော်၊ မင်းပြား၊ ပေါက်တောနှင့် မြေပုံ စသည့် မြို့နယ် ၇ ခုတွင် မသန်စွမ်းသူများစာရင်းကို ရခိုင်ပြည်နယ် မသန်စွမ်းသူများအစည်းအရုံးက ကောက်ယူသွားမည်။
  • (၈၂)နှစ်မြောက် ဆရာတော်ဦးဥတ္တမနေ့ အခမ်းအနားကို ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ရခိုင်အမျိုးသားဒီမိုကရက်တစ်ပါတီ(ဂျပန်)က ဦးဆောင်ကာ စက်တင်ဘာလ ၁၂ ရက် ညနေ ၅ နာရီမှ ည ၈ နာရီအထိ တိုကျိုမြို့ရှိ Minamii Otsuka Hall တွင်ကျင်းပခဲ့သည်။

စက်တင်ဘာ ၁၃

  • ရခိုင်တွင် တာဝန်ထမ်းဆောင်နေသည့် နေ့စားလပေး တိုင်းရင်းသားစာပေ သင်ကြားနေသော ဆရာ၊ဆရာမများ(TA|LT)မှာ ဇူလိုင်လနှင့် သြဂုတ်လတို့အတွက် လစာကို စက်တင်ဘာ ၁၃ ရက်နေ့အထိ မရရှိသေးကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်ရှိ ပုဂ္ဂလိကသတင်းမီဒီယာများကို ပြည်နယ်စစ်ကောင်စီအနေဖြင့် စောင့်ကြည့်စိစစ်နေမှုများစ ပြုလုပ်သွားမည်ဟု စစ်ကောင်စီပြောခွင်ရ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောဆိုခဲ့သည်။
  • ရခိုင်ပြည်နယ် စစ်တွေမြို့တွင် လမ်းဘေးခွေးလေလွင့်များကို ကျွေးမွေးစောင့်ရှောက်နိုင်ရန်အတွက် Sliver Heart Animals Rescue Sittwe အဖွဲ့က ခွေးဂေဟာတစ်ခုဖွင့်လှစ်ရန် စီစဉ်နေသည်။
  • ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ငွေကျပ်သိန်းပေါင်း ၃,၆ဝဝ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားများကို ဖမ်းဆီးရမိခဲ့သည်။
  • ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ပိတ်ထားရသည့် နယ်စပ်ကုန်သွယ်ရေးစခန်းများကို ယခုလအတွင်း ပြန်ဖွင့်နိုင်ခြေရှိကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောခဲ့သည်။
  • ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံမှုပျက်ကွက်သူ ၃ ထောင်ခန့်ရှိသည်ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။
  • ရခိုင်ပြည်နယ်အတွင်း သံတွဲ၊ ဂွနှင့် ရသေ့တောင်မြို့နယ်များမှ လူပေါင်း လူပေါင်း ၅ သောင်းအား Vitamin D3 ကိုယ်ခံအားမြှင့်ဆေးရည်ကို တိုက်ကျွေးနေကြောင်း သိရသည်။

စက်တင်ဘာ ၁၄

  • ရခိုင်ပြည်နယ်အတွင်းက မြို့နယ်အသီးသီးတွင် အလှူရှင်များ၏ထည့်ဝင်ငွေများဖြင့် အောက်ဆီဂျင်စက်ရုံများကို ကိုယ်ထူကိုယ်ထ တည်ဆောက်လျက်ရှိကြရာ မကြာမီတွင် မင်းပြားနှင့် ရသေ့တောင်မြို့နယ် ၂ ခုမှ အောက်ဆီဂျင်စက်ရုံများ စတင်လည်ပတ်ကာ အောက်ဆီဂျင် ထုတ်လုပ်နိုင်တော့မည်ဖြစ်ကြောင်း သိရသည်။
  • ရိက္ခာသယ်ယူရာလမ်းကြောင်း ပိတ်ဆို့နေမှုကြောင့် စားနပ်ရိက္ခာအခက်အခဲကြုံနေရသည့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့သို့ ရခိုင်ပြည်နယ်ဘက်မှ ဆန်ရိက္ခာများ သယ်ယူပို့ဆောင်နေပြီဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။
  • ရခိုင်တွင် COVID -19 တတိယလှိုင်းအတွင်း အဝေးပြေးခရီးသည်တင်ယာဉ်လိုင်း ၁၀ ကျော်ခန့် ယာယီရပ်နားထားရကြောင်း စစ်တွေမြို့ မော်တော်ယာဉ်လုပ်ငန်းပေါင်းစုံ ထိန်းသိမ်းရေးကြီးကြပ်မှု ဗဟိုကော်မတီ(မထသ) ဥက္ကဋ္ဌ ဦးချမ်းအေးက ပြောသည်။
  • ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလူှိုင်းအတွင်း ပိုးစစ်ဆေးသူ ၁၀၀ တွင် ပိုးတွေ့ရှိသူ ၁၂ ရာခိုင်နှုန်းသာရှိတော့သော်လည်း ရောဂါကူးစက်မှု ဆက်လက်ရှိနေသည့်အတွက် ကိုဗစ်စည်းကမ်းနှင့်အညီ လိုက်နာကြရန် ရခိုင်ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောခဲ့သည်။
  • ရခိုင်ပြည်နယ်၊စစ်တွေမြို့ပေါ်ရှိ The Vertex Of Education International English camp school sittwe နှင့် Rakhine Education Development Program ၏တည်ထောင်သူကိုစည်သူအောင်၏ ဒေါက်တာဘွဲ့လိမ်လည်ခြင်းနှင့် သင်တန်းကျောင်းကိစ္စများတွင်နစ်နာခဲ့သူ အများအပြားရှိနေကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်တွင်မွေးကင်းစမှ ၂ နှစ်အောက် ကလေးများအတွက် ကာကွယ်ဆေးများကို သတ်မှတ်ရက်ထက် ၂လခန့်ကြာသည်အထိ မထိုးနှံရသေးကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ရှိ မြောက်ဦးခရိုင်တရားရုံးတွင် AA နှင့်ဆက်စပ်ပြီးအကြမ်းဖက်မှုပုဒ်မဖြင့် တရားစွဲခံနေရသူ ၁၆ ဦးသည် စက်တင်ဘာလ ၁၄ ရက်နေ့ညနေ ၄ နာရီခန့်ကလွတ်မြောက်လာခဲ့ကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်တွင် အသက် ၅၅ နှစ်အထက်ရှိသူများအား ကိုဗစ်ကာကွယ်ဆေးများကို စတင်ထိုးနှံပေးတော့မည်ဖြစ်ကြောင်း သိရသည်။

စက်တင်ဘာ ၁၅

  • ရခိုင်ပြည်နယ်အတွင်းရှိ ဥပဒေအရ ကာကွယ်ထားသည့် လိပ်နှင့် လိပ်ဥများကို ဈေးကွက်အတွင်းရောင်းချပါက ထောင် ၇ နှစ်အထိ ချမှတ်ခံရနိုင်သည်ဟု မြန်မာနိုင်ငံလိပ်မျိုးစိပ်ရှင်သန်ရေးအဖွဲ့မှ သိရသည်။
  • အထွက်နှုန်းကောင်းသော အိန္ဒိယမျိုးစေ့ စပါးကို ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်တော်မြို့နယ် အပေါက်ဝကျေးရွာနှင့် မြောက်ဦးမြို့နယ် တင်းထိန်ကန်ကျေးရွာတို့တွင် ပြီးခဲ့သည့်ဇွန်လမှစတင်ကာ စမ်းသပ်စိုက်ပျိုးနေကြောင်း သိရသည်။
  • ရခိုင်ပြည်နယ်တွင်ယခုနှစ် ကိုဗစ်တတိယလှိုင်းအတွင်းဖြစ်ပွားခဲ့သည့်ကိုဗစ်ပိုးအမျိုးအစားမှာမျိုးရိုးဗီဇပြောင်း Delta ပိုးမျိုးစိတ်ဟု ယူဆထားသည့်အတွက် သီးသန့်ထပ်မစစ်ဖြစ်တော့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှလက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောခဲ့သည်။
  • ဟားဗတ်တက္ကသိုလ်မှ ဒေါက်တာဘွဲ့ရဟုဆိုကာ ရခိုင်တွင် ကျောင်းဖွင့်ကာ လိမ်လည်ကျောင်းပြနေသူ ကိုစည်သူအောင်အား ရက္ခိုင့်တပ်တော် AA မှ ဖမ်းဆီးစစ်ဆေးနေကြောင်း AA ဒု-စစ်ဦးစီးချုပ် ဒေါက်တာညိုထွန်းအောင်၏ လူမှုကွန်ရက်စာမျက်နှာတွင် စက်တင်ဘာ ၁၅ ရက်နေ့က ရေးသားခဲ့သည်။