- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းပိတ်လိုက်သဖြင့် အလုပ်သမားမိသားစု ၉၀၀ ကျော် စားဝတ်နေရေးခက်ခဲနိုင်
ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်မှုကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး ယာယီပိတ်သိမ်းလိုက်သဖြင့် ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေကြသည့် အလုပ်သမားမိသားစု ၉၀၀ နီးပါး စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်း ပြောဆိုကြသည်။
15 Jul 2021
DMG ၊ ဇူလိုင် ၁၅
ရခိုင်ပြည်နယ်၊ မောင်တောနယ်စပ်ကုန်သွယ်မှုကို ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ပြီး ယာယီပိတ်သိမ်းလိုက်သဖြင့် ကုန်သွယ်ရေးစခန်းကို အမှီပြုလုပ်ကိုင်နေကြသည့် အလုပ်သမားမိသားစု ၉၀၀ နီးပါး စားဝတ်နေရေးခက်ခဲလာနိုင်ကြောင်း ပြောဆိုကြသည်။
"ကျွန်တော်တို့ ကုန်တင်ကုန်ချအလုပ်သမားတွေက တစ်နေ့လုပ်မှတစ်နေ့ စားဝတ်နေရေးဖူလှုံကြတဲ့ဘဝတွေပါ။ ကုန်သွယ်မှုစရပ်တော့ ဘယ်လိုလုပ်ပြီးမိသားစုတွေစားသောက်နေထိုင်ရမလဲ မတွေးတတ်တော့ဘူး" ဟု ကုန်တင်ကုန်ချလုပ်သားခေါင်းဆောင် အဘူးတော်ယုတ်က DMG ကိုပြောသည်။
မောင်တောနယ်စပ်ကုန်သွယ်မှုတွင် ကုန်တင်ကုန်ချ အလုပ်သမား ၁၃၀ ကျော်ရှိပြီး ၎င်းတို့၏မိသားစုများ ၉၀၀ ခန့်ရှိကြောင်း ကုန်တင်ကုန်ချအလုပ်သမားများအဖွဲ့မှ သိရသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား ဇူလိုင်လ ၁၅ ရက်နေ့မှစပြီး ၃၁ ရက်နေ့အထိပိတ်ထားရန် ရခိုင်ပြည်နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ထုတ်ပြန်ထားပြီး စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းမှ မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား ဖုန်းဖြင့်အကြောင်းကြားထားကြောင်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းတာဝန်ခံ ဦးသာထွန်းစိန်က ဆိုသည်။
"ရခိုင်ပြည် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ စာထုတ်ပြန်ထားတာတော့တွေ့ရတယ်။ ညွှန်ကြားချက်ကတော့ ခရိုင်ကိုရောက်မှာပေါ့။ စစ်တွေနယ်စပ်ကုန်သွယ်ရေးစခန်းကတော့ မနက်ဖြန်ကစပြီးကုန်သွယ်မှုစရပ်ထားဖို့ ဖုန်းနဲ့ အကြောင်းကြာထားတာတော့ရှိတယ်" ဟု ဆိုသည်။
ထိုသို့နယ်စပ်ကုန်သွယ်မှုအား ဇူလိုင်လ ၁၅ ရက်နေ့မှစပြီးယာယီရပ်ဆိုင်းထားခြင်းကြောင့် လက်လုပ်လက်စား ကုန်တင်ကုန်ချ အလုပ်သမား ၁၃၀ နှင့် သူတို့၏မိသားစု ၉၀၀ ကျော်ခန့်မှာစားဝတ်နေရေးအခက်အခဲဖြစ်မည်ကို စိုးရိမ်နေကြသည်။
“နယ်စပ်ကုန်သွယ်မှုကို ကိုဗစ်ရောဂါနဲ့ ပထမပိတ်ထားတုန်းကလည်း ကျွန်တော်တို့လို မိသားစုများတဲ့သူတွေအတွက် တစ်ရက်ကို ထမင်းတစ်နပ်ပဲစားပြီး အသက်ရှင်နေခဲ့တယ်။ ဒါတောင် ကုန်သည်တွေဆီက ချေးငှါးထားရတာတွေ အခုထိပြန်မဆပ်နိုင်သေးဘူး" ဟု ကုန်တင်ကုန်ချအလုပ်သမား ကာလာမျှာက ဆိုသည်။
မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းအား ကိုဗစ်ဒုတိယလိုင်း၌ ယာယီပိတ်ထားခဲ့ရာမှ ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့မှ စတင်ကုန်သွယ်မှုပြုခဲ့ပြီး ၂ လကျော်အကြာ ၂၀၂၁ ဇူလိုင်လ ၁၅ ရက်နေ့တွင် ကိုဗစ်တတိယလိုင်းကြောင့် ယာယီပိတ်ထားရခြင်းလည်းဖြစ်သည်။