တောင်ကုတ်မြို့ပေါ်သို့ AA ထိုးဖောက်လာ၍ တိုက်ပွဲဖြစ်ပွားနေ
အာရက္ခတပ်တော်က စကခ (၅) တည်ရှိရာ တောင်ကုတ်မြို့ပေါ်အထိ ထိုးဖောက်ဝင်ရောက်လာ၍ ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
13 Nov 2024
DMG ၊ နိုဝင်ဘာ ၁၃
အာရက္ခတပ်တော်က စကခ (၅) တည်ရှိရာ တောင်ကုတ်မြို့ပေါ်အထိ ထိုးဖောက်ဝင်ရောက်လာ၍ ယနေ့ နိုဝင်ဘာ ၁၃ ရက်တွင် ကိုင်းရှည်တံတားနှင့် သိမ်တောင်ရပ်ကွက်အနီးတွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
“တိုက်ပွဲက အရပ်သားနေ အိမ်တွေမှာရှိတဲ့ စစ်ကောင်စီတပ်သားတွေနဲ့ ဖြစ်နေတာ။ လက်နက်ကြီး ပစ်ခတ်မှုတွေ လည်းရှိတယ်” ဟု တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
တိုက်ပွဲအတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများကြောင့် မာလာမြိုင်လမ်း၊ ကံပိုင်ရပ်ကွက်တို့တွင် ကျရောက်ပေါက်ကွဲသဖြင့် နေအိမ်အချို့ပျက်စီးသွားခဲ့ကြောင်း သိရသည်။
AA ထိုးစစ်နှင့်အတူ တိုက်ပွဲများမှာလည်း တောင်ကုတ်မြို့ပေါ်အထိ ရောက်ရှိလာသဖြင့် မြို့တွင်း ပိတ်ကျန်နေ သေးသည့် ဒေသခံများမှာ နည်းမျိုးစုံဖြင့် ထွက်ပြေးတိမ်းရှောင်နေကြသည်။
“မြို့ပေါ်ရပ်ကွပ်တွေအထိ တိုက်ပွဲကရောက်လာတယ်။ လက်နက်ကြီးကျည်တွေလည်း ရပ်ကွက်တချို့မှာ ကျရောက် ပေါက်ကွဲတာတွေ ရှိလာတယ်။ ဒါကြောင့် ရတဲ့နည်းလမ်းတွေနဲ့ မြို့ခံတွေက ထွက်ပြေးလာကြတယ်” ဟု နောက်ထပ် တောင်ကုတ်ဒေသခံတစ်ဦးက ပြောသည်။
တောင်ကုတ် ပန်းမြောက်တောင်ပေါ်ရှိ အမြာက်တပ်နှင့် မြို့အဝင်ရှိ စစ်ကောင်စီတပ်စွဲ နေထိုင်နေသည့် တောင်ကုတ်တက္ကသိုလ်ကို AA က သိမ်းပိုက်ပြီးနောက် တောင်ကုတ်မြို့ကို သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလာခြင်း ဖြစ်သည်။
အာရက္ခတပ်တော်သည် တောင်ကုတ်မြို့ကို ဝန်းရံပိတ်ဆို့တိုက်ခိုက်ထားပြီးနောက် အောက်တိုဘာလကုန်ပိုင်းမှ စ၍ ထိုးစစ်အရှိန်မြှင့်တင် တိုက်ခိုက်လာသဖြင့် နှစ်ဖက်တိုက်ပွဲဖြစ်ပွား နေခြင်းဖြစ်သည်။
တောင်ကုတ်မြို့နှင့် ၁ မိုင်ခန့်အကွာရှိ စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် စကခ (၅) လက်အောက်ခ့ ခမရ - ၃၄၆၊ ခမရ - ၅၄၄ တပ်ရင်းတို့ကို AA က နိုဝင်ဘာ ၇ ရက်မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်နေသည်။