အမ်း နပခကို AA ထိုးစစ်ဆင်

ရခိုင်တွင် အကြီးဆုံးစစ်ဌာနချုပ်ကို AA က ဇူလိုင် ၁၇ ရက်မှစ၍  တကျော့ပြန် တိုက်ခိုက်နေခြင်းဖြစ်သည်။

By Admin 18 Jul 2024

ရခိုင်ပြည်၊ အမ်းမြို့ရှိ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - MPA)
ရခိုင်ပြည်၊ အမ်းမြို့ရှိ၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်ကိုတွေ့ရစဉ်။ (ဓာတ်ပုံ - MPA)

DMG ၊ ဇူလိုင် ၁၈ 

ရခိုင်ပြည်၊ အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ) ကို အာရက္ခတပ်တော်(AA)က ထိုးစစ်ဆင် တိုက်ခိုက်နေသဖြင့် အမ်းမြို့အနီးတွင် တိုက်ပွဲပြင်းထန်နေကြောင်း သတင်းရရှိသည်။ 

ရခိုင်တွင် အကြီးဆုံးစစ်ဌာနချုပ်ကို AA က ဇူလိုင် ၁၇ ရက်မှစ၍  တကျော့ပြန် တိုက်ခိုက်နေခြင်းဖြစ်သည်။

“ပထမတစ်ခါ ထိုးစစ်ဆင်ခဲ့တယ်။ စစ်ကောင်စီက လေကြောင်းပစ်ကူတွေ အရမ်းများတော့ တိုက်ပွဲခဏရပ်ခဲ့တယ်။ အခုထပ်ပြီး မနေ့က ထိုးစစ်ဆင်နေတာ။ တိုက်ပွဲတွေ အရမ်းပြင်းနေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်ရှိ နပခဌာနချုပ်နှင့် တောဟိန်းတောင်ဗျူဟာကုန်းအပါဝင် အခြားတပ်စခန်းများကို AA က ပြီးခဲ့သည့် မတ်လအကုန်ပိုင်းမှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ ယင်းအထဲမှ တောဟိန်းတောင်ဗျူဟာကို ဇွန်လ ၂၃ ရက်တွင် အပြီးသတ်သိမ်းပိုက်ခဲ့ပြီး အခြားတပ်စခန်းအချို့ကိုလည်း သိမ်းပိုက်ထားသည်။ 

လက်ရှိ ထိုးစစ်ဆင်နေသည့် နပခကို ကာကွယ်ရန်အတွက် စစ်ကောင်စီက ကြိမ်ချောင်းနှင့် ခမောင်းတော ကျေးရွာကြား မဲတောင်ကြောတစ်လျှောက်တွင် ကာကင်းစခန်း ၅ ခု တိုးချဲ့ချထားပြီး ယင်းစခန်းများကို AA က တပြိုင်နက်တည်း ထိုးစစ်ဆင်နေကြောင်း သိရသည်။ 

စစ်ကောင်စီကလည်း နပခ မကျရှုံးရေး လေကြောင်းနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံတိုက်ခိုက်နေသည်။ 

“နပခဌာနချုပ်ထဲက ၁၂ လုံး အတွဲလိုက်ပစ် ရော့ကတ်ဒုံးတွေနဲ့ လှမ်းပစ်နေတာ ရှိတယ်။ လေကြောင်းကလည်း ပစ်ကူတွေရှိတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ပြောသည်။ 

အမ်းမြို့နယ်သို့ စစ်ကောင်စီ၏ စစ်ကူအင်အားဖြည့်တင်းသည့် အမ်း-ပဒါန်းကားလမ်းနှင့် ကုန်းလမ်းကြောင်းများကို AA ဖြတ်တောက်ပိတ်ဆို့ထားသည်။ 

အမ်းမြို့နယ်တွင် နပခ၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်တပ်ဖွဲ့များ ရှိကြောင်း သိရသည်။

ဗီဒီယိုများ