စစ်ကောင်စီလက်ချက်ကြောင့် မောင်တောနှင့် မင်းပြားတွင် အရပ်သားတစ်ဦးသေဆုံး၊ သုံးဦးဒဏ်ရာရ

ရခိုင်ပြည်၊ မောင်တောနှင့် မင်းပြားမြို့နယ်တွင် ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုများကြောင့် တစ်ရက်အတွင်း အရပ်သားတစ်ဦး သေဆုံးပြီး၊ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

By Admin 10 Jun 2024

စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ကိုင်းကြီး(မြို)ကျေးရွာမှ ဒဏ်ရာရရှိသူများ။ ဓာတ်ပုံ - ABN
စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုကြောင့် ကိုင်းကြီး(မြို)ကျေးရွာမှ ဒဏ်ရာရရှိသူများ။ ဓာတ်ပုံ - ABN

DMG ၊ ဇွန် ၁၀

ရခိုင်ပြည်၊ မောင်တောနှင့် မင်းပြားမြို့နယ်တွင် ဇွန်လ ၉ ရက်နေ့က စစ်ကောင်စီ လေကြောင်းပစ်ခတ်မှုများကြောင့် တစ်ရက်အတွင်း အရပ်သားတစ်ဦး သေဆုံးပြီး၊ သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

AA သိမ်းပိုက်ထားသော မင်းပြားမြို့ကို လေကြောင်းဖြင့် လာရောက်ပစ်ခတ်ခဲ့၍ အမျိုးသမီးတစ်ဦးသေဆုံးပြီး ဘုန်းကြီးကျောင်းတစ်ဆောင် ပျက်စီးသွားခဲ့သည်။ သေဆုံးသွားသူမှာ ဒေါ်ယဉ်ယဉ်အေး (၄၃ နှစ်) ဖြစ်သည်။ 

“မနေ့က မွန်းလွဲ ၂ နာရီကျော်လောက်မှာ လာပစ်တာပါ။ ဂျက်လေယာဉ်နဲ့ ဗုံးကြဲသွားတာ။ အမျိုးသမီးတစ်ယောက် ပွဲချင်းပြီးသေသွားပါတယ်” ဟု မင်းပြားဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

ယင်းအပြင် မောင်တောမြို့နယ်၊ ကိုင်းကြီး(မြို)ရွာကိုလည်း ယမန်နေ့ နံနက် ၅ နာရီခန့်အချိန် ဂျက်လေယာဉ်ဖြင့် လာရောက်ဗုံးကြဲမှုကြောင့် ဆရာတော်တစ်ပါးနှင့် ကလေးငယ်နှစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်။ ဒဏ်ရာရရှိသူများမှာ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တအဂ္ဂဝန၊ မရေသူမ (၉ နှစ်) နှင့် မောင်ကိုကိုမောင် (၁၂ နှစ်) တို့ ဖြစ်သည်။ 

“အခုက ကျနော်တို့ မောင်တောဖက်မှာ တိုက်ပွဲပြင်းနေတဲ့အတွက် စစ်ကောင်စီက နေ့တိုင်းလိုလို ဗုံးလာကြဲတယ်။ ဒေသခံတွေက လေကြောင်းအန္တရာယ်ကို အမြဲစိုးရိမ်နေကြရတယ်” ဟု မောင်တောဒေသခံတစ်ဦးက ပြောသည်။

မောင်တောမြို့နယ်ရှိ လက်ကျန်စခန်းအချို့ကို AA က ထိုးစစ်ဆင်တိုက်ခိုက်နေ၍ တိုက်ပွဲများပြင်းထန်နေသည်။ AA ထိုးစစ်ကို ဟန့်တားရန်အတွက် စစ်ကောင်စီသည် မောင်တောမြို့နယ်၊ အလယ်သံကျော်တံတားကို ဇွန်လ ၉ ရက်နေ့က မိုင်းခွဲဖျက်ဆီးခဲ့သည်။

၂၀၂၃ နှစ်ကုန်ပိုင်းကစတင်သည့် ရခိုင်ပြည်အတွင်း တိုက်ပွဲများမှာ ၇ လနီးပါးကြာမြင့်လာပြီး စစ်ကောင်စီတပ်စခန်း အများအပြားနှင့် ပလက်ဝနှင့် ရခိုင်က မြို့နယ် (၉) ခုကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ထိန်းချုပ်ထားသည်။ 

နိုင်ငံတဝန်းတွင် စစ်ရေးရှုံးနိမ့်နေသော စစ်ကောင်စီသည် လေကြောင်းကို အဓိကအသုံးပြုကာ ပြည်သူများအပေါ် ရည်ရွယ်ချက်ရှိရှိ ဦးတည်ပစ်ခတ်ပြီး စစ်ရာဇဝတ်မှုများကို ကျူးလွန်နေသည်။

စစ်ရေးအခြေအနေများကို သုတေသနပြုနေသည့် ဖယ်ဒရယ်ဂျာနယ်၏ အစီရင်ခံစာအရ ပြီးခဲ့သည့်လအတွင်း တိုင်းရင်းသားဒေသများတွင် တိုက်ပွဲ၊ မြေမြှုပ်မိုင်း၊ မတရားသတ်ဖြတ်မှုနှင့် လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် အရပ်သား (၁၁၈) ဦးကျော် သေဆုံးခဲ့ပြီး ရခိုင်ပြည်တွင် (၆၈) ဦးကျော်ဖြင့် သေဆုံးမှုအများဆုံး ဖြစ်သည်။

ဗီဒီယိုများ