တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်ခံရမှုများထဲတွင် ရခိုင်က တတိယနေရာမှာ ရှိနေ

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ခံခဲ့ရသည့်အထဲတွင် ရခိုင်ပြည်သည် တတိယအများဆုံးနေရာတွင် ပါဝင်ခဲ့ကြောင်း BNI-Myanmar Peace Monitor မှ သုတေသနအစီရင်ခံစာတွင် ဖော်ပြသည်။

By Admin 31 Jan 2023

တစ်နိုင်ငံလုံး လေကြောင်းတိုက်ခိုက်ခံရမှုများထဲတွင် ရခိုင်က တတိယနေရာမှာ ရှိနေ

ရခိုင်တွင် တိုက်ပွဲကာလအတွင်းက စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုတစ်ခု။

DMG ၊ ဇန်နဝါရီ ၃၁

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကို ခံခဲ့ရသည့်အထဲတွင် ရခိုင်ပြည်သည် တတိယအများဆုံးနေရာတွင် ပါဝင်ခဲ့ကြောင်း BNI-Myanmar Peace Monitor မှ သုတေသနအစီရင်ခံစာတွင် ဖော်ပြသည်။

၂၀၂၁ ခုနှစ် ဖေ‌ဖော်ဝါရီလ ၁ ရက်မှ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၅ ရက်နေ့အထိ စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများ၊ မြို့ပြဒေသအလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ လှုပ်ရှားနယ်မြေများနှင့် တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့(ERO)များ၏ ထိန်းချုပ်နယ်မြေများအား လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ရက်ပေါင်း ၂၅၈ ရက်အထိရှိခဲ့သည်ဟု BNI- Myanmar Peace Monitor က ယနေ့(ဇန်နဝါရီလ ၃၁ ရက်)တွင် ထုတ်ပြန်ထားသည်။

ထိုသို့ လေကြောင်းတိုက်ခိုက်ခံရမှု အများဆုံးမြို့နယ်မှာ ကရင်ပြည်နယ်၊ မြဝတီနှင့် ဖာပြွန်မြို့နယ်တို့ဖြစ်ပြီး တတိယအများဆုံးမှာ မောင်တောမြို့နယ်ဖြစ်ကြောင်း BNI-Myanmar Peace Monitor သုတေသနဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ကျနော်တို့မှတ်တမ်းအရဆိုရင် အဲဒီမြို့နယ်မှာ ၂၇ ရက်နေ့ရှိတယ်။ ကရင်ပြည်နယ် မြဝတီမြို့နယ်က လေကြောင်း တိုက်ခိုက်မှု အများဆုံးဖြစ်တယ်။ နောက်ပြီးတော့ ဖာပြွန်မြို့နယ်မှာ ၂၄ ရက်ရှိတယ်။ ရခိုင်ပြည်နယ် မောင်တော မြို့နယ်က တတိယအများဆုံး လေကြောင်းတိုက်ခိုက်ခံရတဲ့ မြို့နယ်ဖြစ်တယ်။ မောင်တောမြို့နယ်မှာ စစ်ကောင်စီလေကြောင်းတိုက်ခိုက်တာက ၁၁ ရက်ရှိတယ်” ဟု ၎င်းကဆိုသည်။

စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု အခြေအနေများကို BNI က ကောက်ယူမှတ်တမ်းပြုရာတွင် မြို့နယ်အလိုက် ရက်ဖြင့်သာ မှတ်တမ်းတင်ထားသည့်အတွက် အကြိမ်ရေအားဖြင့်ဆိုပါက ယခုထက် ပိုများနိုင်ကြောင်းလည်း ၎င်းကဆက်ပြောသည်။

မြို့နယ်အလိုက် လေကြောင်းတိုက်ခိုက်ခံရမှုမှာ တစ်ရက်လျှင် အကြိမ်ရေအားဖြင့် အနည်းဆုံး ၃ ကြိမ်မှ ၅ ကြိမ်အထိရှိကြောင်း BNI-Myanmar Peace Monitor သုတေသနဌာန အစီရင်ခံစာကဆိုသည်။

စစ်ကောင်စီက အရပ်သားပြည်သူများနေထိုင်ရာ ရပ်ရွာများ၊ စာသင်‌ကျောင်းနှင့် စစ်ဘေးရှောင်စခန်းများကို ပစ်မှတ်ထားကာ ဗုံးကြဲတိုက်ခိုက်သည်ကို အများဆုံးတွေ့ရှိရပြီး မြို့ပြဒေသလိုက် PDF/LDF များ လှုပ်ရှားရာ၊ တိုက်ပွဲဖြစ်ပွားရာ စစ်မျက်နှာများအား ပစ်မှတ်ထားကာ လေကြောင်းမှ ထိုးစစ်ဆင်တိုက်ခိုက်မှုသည် ဒုတိယ အများဆုံးဖြစ်နေသည်ကို တွေ့ရှိရကြောင်းလည်း ၎င်းအစီရင်ခံစာတွင် ဖော်ပြသည်။

ရခိုင်ပြည်တွင် ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သည့် တကျော့ပြန်တိုက်ပွဲအတွင်း မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်အနီးမှ စစ်ကောင်စီတပ်စခန်းများကို ရက္ခိုင့်တပ်တော်(AA)က သိမ်းပိုက်မှုများရှိခဲ့ပြီး ထိုအနီးပတ်ဝန်းကျင်များကို စစ်ကောင်စီက လေကြောင်းမှ တိုက်ခိုက်မှုများရှိခဲ့သည်။

#R007