- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အကြမ်းဖက်မှုပုဒ်မဖြင့် (၂)နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်ခံထားရသည့် ရခိုင်လူငယ် ၄ ဦးလွတ်မြောက်
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ၂ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ် ၄ ဦးကို ဟနေ့ စက်တင်ဘာလ ၉ နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
09 Sep 2021
DMG ၊ စက်တင်ဘာ ၉
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)ဖြင့် ၂ နှစ်ခန့်ကြာ ဖမ်းဆီးချုပ်နှောင်တရားစွဲဆိုခံထားရသည့် ရခိုင်လူငယ် ၄ ဦးကို ဟနေ့ စက်တင်ဘာလ ၉ နေ့တွင် စစ်တွေခရိုင်တရားရုံးမှ ပြန်လည်လွှတ်ပေးလိုက်ကြောင်း သိရသည်။
ယင်းသို့ လွတ်မြောက်လာသူများမှာ ရသေ့တောင်မြို့ အရှေ့မြောက်ရပ်ကွက်မှ ကိုမောင်ချေ (၃၃)နှစ်၊ ရသေ့တောင်မြို့နယ်၊ အောင်သစ္စာကျေးရွာမှ ကိုနေလင်းထွန်း(၁၉)နှစ်၊ စစ်တွေမြို့နယ် ဗျိုင်းဖြူရွာကျေးရွာမှ ကိုဇော်နိုင်ဝင်း(၁၉)နှစ်နှင့် ပေါက်တောမြို့နယ်၊ ရွာချောင်းကြီးကျေးရွာမှ ကိုမောင်သန်းဌေး(၂၂)နှစ်တို့ဖြစ်သည်။
၎င်းတို့လေးဦးနှင့်ပတ်သက်၍ တရားစွဲအဖွဲ့အစည်းက တရားဝင်ရုပ်သိမ်းလွှာတင်လာသည့်အတွက် ယခုကဲ့သို့ အမှုကိုရုပ်သိမ်းလိုက်ခြင်းဖြစ်သည်ဟု အမှုလိုက်ပါဆောင်ရွက်နေသည့် တရားလွှတ်တော်ရှေ့နေ ဦးအောင်နိုင်ဝင်းကပြောသည်။
“အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေတွေက အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုက ဥပဒေအကြံပြုချက်နဲ့ တရားစွဲဆိုရတာဖြစ်တာကြောင့် တရားရုံးကို ရုပ်သိမ်းလွှာတင်လာပေမယ့် တရားစွဲအဖွဲ့အစည်းအဆင့်ဆင့်ကိုသွားပြီးမှ အဲဒီအဖွဲ့အစည်းတွေကလည်း ရုပ်သိမ်းလွှာအပေါ်မှာ ခွင့်ပြုရတာဖြစ်တဲ့အတွက် တရားရုံးကရုပ်သိမ်းခွင့်ပြုတဲ့အမိန့်ကို ချမှတ်လိုက်တာဖြစ်တယ်”ဟု ဦးအောင်နိုင်ဝင်းက ပြောသည်။
ကိုမောင်ချေအပါအဝင် ဖမ်းဆီးခံရသူလေးဦးတို့မှာ ပြီးခဲ့သည့် ၂၀၁၉ ခုနှစ် ဇူလိုင်လအတွင်း ကိုမောင်ချေ၏ကားဖြင့်စီးနင်းလိုက်ပါရာကာကနေ ပုဏ္ဏားကျွန်းမြို့ရဲစခန်းအနီးမှာ ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။
ယင်းနောက်၎င်းတို့လေးဦးကို ရက္ခိုင့်တပ်တော်(AA)နှင့် ဆက်စပ်သည်ဟူသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)နှင့် တရားစွဲဆိုခံရခြင်းဖြစ်သည်။
လွတ်မြောက်လာသူထဲမှ ကိုဇော်နိုင်ဝင်းက “ကျွန်တော်တို့ အခုလိုအပြစ်မရှိဘဲ အကြာကြီးဖမ်းဆီးခံရတဲ့အတွက် အရမ်းကိုဝမ်းနည်းမိပါတယ်။ ကျွန်တော်တို့လို ဖမ်းဆီးခံရသူတွေလည်းအထဲမှာ အများကြီးရှိသေးတယ်။ သူတို့ကိုလည်း လွတ်စေချင်ပါတယ်”ဟု ပြောသည်။
ကိုမောင်ချေအပါအဝင် လေးဦးမှာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် (၂)နှစ်ခန့်ကြာ တရားရင်ဆိုင်ပြီးနောက် ယနေ့တွင်ပြန်လည်လွတ်မြောက်လာခြင်းဖြစ်သည်။
နှစ်အရှည်ကြာ ဖမ်းဆီးခံထားခဲ့ရသည့်အတွက် အခက်အခဲအမျိုးမျိုးနှင့်ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ထိုသို့ပြန်လည်လွတ်မြောက်လာသဖြင့် ဝမ်းသာကြောင်း ကိုမောင်ချေ၏ မိခင် ဒေါ်မအောင်သိန်း က ပြောသည်။
“ကျွန်မသားဖမ်းဆီးခံရတော့ လူပင်ပန်းစိတ်ပင်ပန်းနဲ့ အမျိုးမျိုးအခက်အခဲဖြစ်ခဲ့ရတယ်။ အခုလိုပြန်လွှတ်လာတော့ အရမ်းဝမ်းသာတယ်။ ဒီလိုမျိုးပြန်လွှတ်စေချင်တာကြာပြီ။ လွှတ်မယ့်နေ့ကိုလည်းမျှော်နေတာကြာပြီ” ဟု ဒေါ်မအောင်သိန်းကပြောသည်။
ရခိုင်ပြည်နယ်တွင် တပ်မတော်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည့်ကာလအတွင်း အေအေနှင့်ဆက်စပ်သည်ဆိုသည့်သံသယဖြင့် ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်တို့ဖြင့် တရားစွဲဆိုခံထားရသူ ၂၀၀ ကျော်အထိရှိကြောင်း သဇင်ဥပဒေအထောက်အကူပြုအဖွဲ့၏စာရင်းအရ သိရသည်။
အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေပုဒ်မနှင့် တရားစွဲဆိုခံထားရသူများထဲမှ အသက် ၁၈ နှစ်အောက် ကလေးသူငယ်မှု ၁၇ မှုကို ပြီးခဲ့သည့် မေလအတွင်းက စစ်ကောင်စီမှ ပြန်လည်ရုပ်သိမ်းပေးခဲ့သည်။
လက်ရှိတွင်လည်း ရခိုင်ကအကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်ဖြင့် တရားစွဲခံထားရသည့်သူများထဲမှ အမှုအချို့ကိုလရတ်ပေးရန်ရှိကြောင်း ပြည်နယ်ကောင်စီအဖွဲ့အဝင် ပြည်နယ်စစ်ကောင်စီပြောခွင့်ရ ဦးလှသိန်းက သြဂုတ်လ ၃၁ ရက်နေ့က သူ့၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။