မောင်တောတွင် ပစ်ခတ်ခံရ၍ ALP တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးသေဆုံး

မောင်တောမြို့နယ်၊ ခွေးညောင်ရွာအုပ်စု၊ ဂြင်းချောင်း(မွတ်ဆလင်)ရွာဟောင်းတွင် သြဂုတ်လ ၁၃ ရက် နံနက် ၁ နာရီခန့်က သေနတ်ပစ်ခတ်ခံရ၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

13 Aug 2022

ပစ်ခတ်မှုကြောင့် သေဆုံးသွားသူနှစ်ဦး၏ ရုပ်အလောင်းကို မောင်တောဆေးရုံသို့ သယ်ယူလာစဉ် (ဓာတ်ပုံ- မောင်တောမြို့နယ် ကရုဏာကွန်ရက်)

DMG ၊ သြဂုတ် ၁၃

မောင်တောမြို့နယ်၊ ခွေးညောင်ရွာအုပ်စု၊ ဂြင်းချောင်း(မွတ်ဆလင်)ရွာဟောင်းတွင် သြဂုတ်လ ၁၃ ရက် နံနက် ၁ နာရီခန့်က သေနတ်ပစ်ခတ်ခံရ၍ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)မှ တပ်ဖွဲ့ဝင်တစ်ဦးနှင့် အရပ်သားတစ်ဦးတို့ သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူနှစ်ဦးမှာ အဆိုပါကျေးရွာ၌ မွေးမြူရေးလုပ်ကိုင်နေသည့် ALP တပ်ဖွဲ့ဝင် ဦးဌေးလင်း(၃၅ နှစ်)နှင့် သရေကုန်းဘောင်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုခိုင်မြတ်ကျော်တို့ဖြစ်ကြသည်။

ကိုခိုင်မြတ်ကျော်မှာ ယမန်နေ့က ညဉ့်အချိန်က မြုံးထောင်ရန် ရွာထဲမှထွက်သွားခဲ့ပြီး ALP တပ်ဖွဲ့ဝင်များနေသည့်တဲ၌ ဝင်အိပ်နေစဉ် အမည်မသိလက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်သည်ဟု သရေကုန်ဘောင်ကျေးရွာသားတစ်ဦးကပြောသည်။

"ရွာသားတွေကတော့ မနက်ပိုင်းမှသိရတာ။ ကျနော်တို့သိရသလောက်တော့ အိပ်နေတာက ၃ ယောက်လို့ပြောတယ်။ တစ်ယောက်က ပြေးလို့လွတ်သွားတယ်ပေါ့နော်။ လွတ်သွားတဲ့တစ်ယောက်ကလဲ ALP အဖွဲ့ကနေ အငြိမ်းစားယူပြီး ကျနော်တို့ရွာမှာ လာနေတာ။ ကျနော်တို့ရွာခံသားကတော့ မြုံးထောင်ထားတာကို မနက် ၄ နာရီမှာ တခါတည်းဖော်သွားလို့ရအောင်ဆိုပြီး ဝင်အိပ်နေတုန်း ပစ်ခတ်တဲ့အထဲပါသွားတာ"ဟု ၎င်းကပြောသည်။

လက်ရှိတွင် အလောင်းအား မောင်တောဆေးရုံ၌ထားရှိပြီး အလောင်းခွဲစိတ်မှတ်တမ်းအား ရဲကိုအပ်ကာ စုံစမ်းစစ်ဆေးမှုပြုလုပ်သွားမည်ဟု သရေကုန်ဘောင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်ကပြောသည်။

"အခုကျနော့်လက်ထဲမှာ အလောင်းစစ်ဆေးမှုမှတ်တမ်းတွေရလာတယ်။ ဒါကို ရဲလက်ထဲအပ်ပြီး အဖြေသိရမှပဲ ကျနော့်ဘက်ကပြောနိုင်မယ်။ လောလောဆယ် အသေးစိတ်ကို ကျနော်ပြောလို့မရသေးဘူး။ ဘယ်သူ၊ဘယ်ဝါ ပစ်သွားတယ်ဆိုတာကိုလည်း ရဲတွေက စုံစမ်းစစ်ဆေးမှုတွေလုပ်ဆောင်သွားမှာပါ" ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်(ALP)မှ ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်စိုးကို DMG ကဆက်သွယ်မေးမြန်းခဲ့ရာ သူ့အနေဖြင့် ယခုဖြစ်စဉ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း ပြောသည်။

"အဲဒီဖက်ကို ကျနော်တို့ဆက်သွယ်နေပါတယ်။ ကျနော်သိရသလောက်တော့ အဲဒီဖက်မှာ ကျနော်တို့တပ်ဖွဲ့ဝင်တွေလည်းမရှိဘူး။ စခန်းလည်းမရှိဘူးလို့တော့ ထင်တယ်။ ဒါပေမဲ့ အသေးစိတ်မသိရသေးတော့ ပုံသေပြောဖို့ခက်နေတယ်။ စုံစမ်းမေးမြန်းပြီးမှပဲ အသေးစိတ်ပြောနိုင်ပါမယ်"ဟု ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။