စစ်ကောင်စီက ဖမ်းဆီးထားသည့် ကျောင်းသူတစ်ဦးနှင့် ဒေသခံတို့ ၁ လနီးပါး ကြာသည့်တိုင် အဆက်အသွယ်မရ ဖြစ်နေ

ရခိုင်ပြည်၊၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံထားရသည့် ဆယ်တန်းကျောင်းသူနှင့် မောင်တောဒေသခံ လူငယ်တို့ကို တစ်လနီးပါးကြာသည့်တိုင် အဆက်အသွယ်မရသဖြင့် မိသားစုများမှာ စိုးရိမ်မှုများရှိနေကြသည်။

By Admin 25 Nov 2022

စစ်ကောင်စီက ဖမ်းဆီးထားသည့် ကျောင်းသူတစ်ဦးနှင့် ဒေသခံတို့ ၁ လနီးပါး ကြာသည့်တိုင် အဆက်အသွယ်မရ ဖြစ်နေ

ဖမ်းဆီးခံထားရသူ မအေးမြစန္ဒာ ။ ဓာတ်ပုံ- Aye Mya Sandar Facebook

DMG | နိုဝင်ဘာ ၂၅

ရခိုင်ပြည်၊၊ မောင်တောမြို့နယ်၊ ကြိမ်ချောင်းအမှတ်(၂၄) စစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာလ ၁ ရက်နေ့က ဖမ်းဆီးခံထားရသည့် ဆယ်တန်းကျောင်းသူနှင့် မောင်တောဒေသခံ လူငယ်တို့ကို တစ်လနီးပါးကြာသည့်တိုင် အဆက်အသွယ်မရသဖြင့် မိသားစုများမှာ စိုးရိမ်မှုများရှိနေကြသည်။

ဖမ်းဆီးခံရသူများမှာ မင်းပြားမြို့နယ်၊ ကျောက်ခေါင်းအုပ်စု၊ ပြိုင်းတောကျေးရွာမှ ၂၅ နှစ်အရွယ် ဆယ်တန်းကျောင်းသူ မအေးမြစန္ဒာနှင့် မောင်တောမြို့နယ်၊ အောင်သပြေကျေးရွာမှ ဆိုင်ကယ် ကယ်ရီမောင်းသူ မောင်မောင်ကျော်နှင့်အတူ ကြိမ်ချောင်း စစ်ဆေးရေးဂိတ်တွင် ဖမ်းဆီးခံလိုက်ရခြင်း ဖြစ်သည်။

မအေးမြစန္ဒာ၏ မောင်ဖြစ်သူ ကိုမျိုးငြိမ်းချမ်းက “ အခုဆိုရင် ဖမ်းထားတာ ၁ လနီးပါးရှိပြီ။ အခုချိန်ထိ သတင်း အစအနတောင် မကြားရသေးဘူး။ ကျနော်တို့ အဲဒီဂိတ်မှာလည်း စုံစမ်းပြီးပြီ သူတို့က မရှိဘူးလို့ ပြောတယ်။ နောက်ပြီးတော့ နခခ(၇) ကိုလည်း စာတင် ပြီးပြီ။ ဘာမှ အကြောင်းကြားတာလည်းမရှိဘူး။ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုလည်း မသိရဘူး ” ဟု ၎င်းက ဆိုသည်။

မအေးမြစန္ဒာမှာ ဆွေမျိုးများရှိရာ မောင်တော မင်္ဂလာညွန့်ကျေးရွာတွင် အလည်ရောက်ရှိနေခြင်းဖြစ်ပြီး မောင်တောမြို့သို့ မောင်မောင်ကျော်၏ ဆိုင်ကယ်ကယ်ရီကို ငှားကာ ပြန်လာစဉ် နှစ်ဦီးစလုံး ဖမ်းဆီးခံ လိုက်ရခြင်းဖြစ်ကာ ယနေ့ (နိုဝင်ဘာ ၂၅) ရက်နေ့အထိ တစ်စုံတစ်ရာ အဆက်အသွယ်မရသေးသဖြင့် စိုးရိမ်နေကြခြင်းဖြစ်သည်။

“ မိသားစုတွေအနေနဲ့ စိုးရိမ်မှုရှိတာပေါ့။ နောက်ပြီးတော့ သူက မိန်းကလေးလေ။ အမှန်တကကယ် အပြစ်ရှိတယ်ဆိုရင် လူသိရှင်ကြား ဥပေဒအတိုင်း ရုံးထုတ်စစ်ဆေးပါ။ အခုက ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ အစိုးရဖက်က ထုတ်ပြန်တာလည်း ဘာမှမရှိဘူး။ မိဘတွေကို အကြောင်းကြားတာလည်း မရှိဘူး” ဟု ၎င်းကဆိုသည်။

ထိုကိစ္စနှင့်ပတ်သက်ပြီး ပြည်နယ် စစ်ကောင်စီ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရကို DMG က ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။

ယင်းအပြင် နိုဝင်ဘာ ၁ ရက်နေ့က တက္ကသိုလ်ကျောင်းသား အသက် ၂၅ နှစ်အရွယ် မောင်ဆန်းဌေးနှင့် မင်္ဂလာညွှန့်ရွာမှ အသက် ၂၂ နှစ်အရွယ် ကိုခင်ဇော်တို့မှာ မောင်တောမြို့နယ်၊ ကျီးကန်းပြင်ဌာနချုပ်အနီး စစ်ဆေးရေးဂိတ်တွင် စစ်ဆေးမှုခံယူပြီးနောက် ပျောက်ဆုံးသွားခဲ့သည်။

လက်ရှိ ရခိုင်ပြည်အနှံ့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီတပ်က ဒေသခံများကို ဖမ်းဆီးမှုများ နေ့စဉ်ရှိလာကာ တချို့မှာ ပြန်လွတ်လာသူများရှိသော်လည်း အများစုမှာ ဖမ်းဆီးခံထားရဆဲဖြစ်သည်။