ရခိုင်တွင် AA မှလွဲ၍ အခြားတပ်မလိုအပ်ဟု ပြောဆိုမှု ALP/ALA နှင့် ANC/AA တို့ ဘာပြောသလဲ

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှလွဲ၍ အခြားတော်လှန်ရေးတပ်များ မလိုအပ်ကြောင်း AA ၏ ပြောဆိုချက်မှာ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် မရှိသင့်သည့် သဘောတရားဖြစ်ကြောင်းနှင့် လက်ခံနိုင်စရာအကြောင်းမရှိဟု ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)တို့က ပြောဆိုကြသည်။

16 Aug 2022

DMG ၊ သြဂုတ် ၁၆

ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှလွဲ၍ အခြားတော်လှန်ရေးတပ်များ မလိုအပ်ကြောင်း AA ၏ ပြောဆိုချက်မှာ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် မရှိသင့်သည့် သဘောတရားဖြစ်ကြောင်းနှင့် လက်ခံနိုင်စရာအကြောင်းမရှိဟု ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)တို့က ပြောဆိုကြသည်။

ရခိုင်ပြည်တွင် ရခိုင်တစ်မျိုးသားလုံးမှ ထောက်ခံထားသည့် ရက္ခိုင့်တပ်တော်(AA)မှလွဲ၍  အခြားသော လက်နက်ကိုင်တပ်များမလိုအပ်ကြောင်း သြဂုတ်လ(၁၁)ရက်နေ့ကပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် (ULA/AA)ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက ပြောဆိုခဲ့သည်။

"ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်တွေ အများကြီးရှိလို့မရဘူး။ ရခိုင်တစ်မျိုးသားလုံးက ထောက်ခံထားတဲ့ ရက္ခိုင့်တပ်တော်ကလွဲလို့ နောက်ထပ်တပ်တွေ မလိုအပ်ဘူး။ ပြောရမယ်ဆိုရင် အဲဒါဟာ ကျနော်တို့ရဲ့ ကာကွယ်ရေး မူဝါဒလည်းဖြစ်ပါတယ်။ ဆိုတော့ အဲဒီလိုအဖွဲ့တွေမရှိအောင်လည်း ကျနော်တို့က လွန်ခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ အမျိုးမျိုးစည်းရုံးပြီးတော့ စုစည်းဖို့ကြိုးစားခဲ့တာတွေရှိတယ်။ ဒါပေမယ့် စုစည်းလို့ မရခဲ့ဘူး”ဟု သူကဆိုသည်။

ရခိုင်ပြည်တွင် AA တပ်တော်တစ်ခုတည်းရှိရမည်ဟု ပြောဆိုခြင်းမှာ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများထဲတွင် မရှိသင့်သည့်သဘောတရားဖြစ်သည်ဟု ရခိုင်ပြည်တပ်မတော်(ANC/AA)မှ စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး မင်းထွန်းက ပြောသည်။

“အဲဒါက သူတို့ခေါင်းထဲမှာရှိတဲ့၊ သူတို့ရင်ထဲမှာရှိတဲ့ စကားကို သူတို့ပြောသွားတာဖြစ်တယ်။ ကျနော်တို့အမြင်ကို ပြောရမယ်ဆိုရင်တော့ ရခိုင်ပြည်မှာ၊ ရခိုင်တော်လှန်ရေးထဲမှာ အမျိုးသားပါတီတစ်ရပ်တည်းသာ ရှိရမယ်။ အမျိုးသားတပ်မတော် တစ်ရပ်တည်းသာရှိရမယ်ဆိုတာက ရခိုင်တော်လှန်ရေးပါတီအဖွဲ့အစည်းတိုင်းရဲ့ မူဖြစ်တယ်။ ဒါပေမယ့် ငါ့ပါတီမှရှိရမယ်။ သူ့ပါတီမရှိရ။ ငါ့အဖွဲ့အစည်းမှ ရှင်သန်ရမယ်။ သူ့အဖွဲ့အစည်းမရှင်သန်ရ ဆိုတာကတော့ ကျနော်တို့ထဲမှာ မရှိသင့်တဲ့ သဘောတရားလို့ထင်တယ်”ဟု သူကဆိုသည်။

ယင်းအပြင် (ANC/AA)အနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ ပေါင်းစည်းနိုင်ရန်ဆောင်ရွက်ခဲ့သည့် အချိန်ကလည်း (ULA/AA)၏ သဘောထားမှာ တပ်ဖျက်ပြီးပေါင်းစည်းရန်သာဖြစ်ပြီး နှစ်ဖက်ညှိနှိုင်းဆွေးနွေးလိုသည့် သဘောထားကို မတွေ့ခဲ့ရကြောင်း ဗိုလ်မှူးကြီး မင်းထွန်းကပြောသည်။

ရခိုင်ပြည်တွင် AA မှလွဲ၍ အခြားတပ်များမရှိရဟု ပြောဆိုခြင်းမှာ ဘဝင်လေဟပ်ပြီး အတ္တဆန်သည့် လုပ်ရပ်ဖြစ်သလို AA အနေဖြင့် နိုင်ငံရေး၊ တော်လှန်ရေး အတွေးအခေါ်အားနည်းသည့်အတွက် ပြောဆိုခြင်းဖြစ်သည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်မှ ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။

“ရခိုင်ပြည်မှာ လက်နက်ကိုင်တပ်ဖွဲ့တစ်ခုတည်းရှိနေတာ မဟုတ်ဘူး။ လက်နက်ကိုင်နိုင်ငံရေး၊ လက်နက်ကိုင် တော်လှန်ရေးနဲ့သွားနေတဲ့ အဖွဲ့အစည်းသုံးခုရှိတယ်။ ဆိုတော့ ULA/AA က အဲဒီလိုပြောတာကို ကျန်တဲ့အဖွဲ့အစည်းတွေကလည်း လက်ခံလိမ့်မယ်မဟုတ်ဘူးလို့ ယူဆတယ်။ ပြီးရင် ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေလည်း လက်ခံနိုင်လိမ့်မယ်မဟုတ်ဘူးလို့ သုံးသပ်မိတယ်”ဟု သူကပြောသည်။

ရခိုင်တစ်မျိုးသားလုံး ကောင်းစားရေး၊ လွတ်မြောက်ရေး၊ အေးချမ်းရေးအတွက် လုပ်ဆောင်နေသည့် အဖွဲ့အစည်းဖြစ်သည့် (ALP/ALA)အနေဖြင့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ဆွေးနွေးတိုင်ပင်ကာ ပူးပေါင်းလုပ်ဆောင်ရေးကို ကြိုဆိုကြောင်း ဒု-ဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောသည်။

လက်ရှိတွင် ရခိုင်ပြည်ရှိ လက်နက်ကိုင်တော်လှန်ရေးနှစ်ဖွဲ့ဖြစ်သည့် ရက္ခိုင့်တပ်တော်(AA)နှင့် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)တို့ကြား အပြန်အလှန်ဖမ်းဆီးခြင်းများရှိလာနေသလို နှစ်ဖက်ဆက်ဆံရေးများ တင်းမာလျက်ရှိနေသည်။

ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဒုတိယ ဗိုလ်မှူးကြီး ခိုင်ပေါ်လင်းကို ရာဇဝတ်မှုကျုးလွန်သည်ဟုဆိုကာ ရက္ခိုင့်တပ်တော်(AA) တပ်ဖွဲ့ဝင်များက သြဂုတ်လ ၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။

ထို့သို့ ပါတီ၏ ဗိုလ်မှူးကြီးများ၊ ဗဟိုကော်မတီဝင်များ၊ ရဲဘော်များကို ရက္ခိုင့်တပ်တော်(AA)မှ ဖမ်းဆီးခြင်းများကို ALP ပါတီအနေဖြင့် အကြိမ်ကြိမ်သည်းခံခဲ့သော်လည်း ယခုအချိန်တွင် သည်းခံနိုင်မည်မဟုတ်ကြောင်း ALP ပါတီမှ ပြောဆိုထားသည်။

လက်ရှိတွင် ရခိုင်ပြည်၌ ဒေသကိုယ်စားပြု တော်လှန်ရေးတပ်များအနေဖြင့် ရက္ခိုင့်တပ်တော်(ULA/AA)၊ ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော်( ALP/ALA)နှင့် ရခိုင်ပြည်တပ်မတော်(ANC/AA)တို့ ရှိကြသည်။