အိန္ဒိယနယ်စပ်မှ စက်သုံးဆီများကို မြန်မာသို့ မတင်သွင်းရန် ဒေသခရိုင်တရားရုံး အမိန့်ထုတ်

မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ စက်သုံးဆီများကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ တင်သွင်းခွင့်မပြုကြောင်း ဇွန်လ ၁၆ ရက်မှာ လောင်တလိုင်ခရိုင်တရားရုံးက ဆုံးဖြတ်လိုက်သည်။

By Admin 17 Jul 2024

လောင်တလိုင်ခရိုင် CYLA အဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က တွေ့ရစဥ်။ (ဓာတ်ပုံ - The Lawngtlai Post) 
လောင်တလိုင်ခရိုင် CYLA အဖွဲ့၏ စစ်ဆေးရေးဂိတ်တစ်ခုအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၅ ရက်က တွေ့ရစဥ်။ (ဓာတ်ပုံ - The Lawngtlai Post) 

DMG ၊ ဇူလိုင် ၁၇

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ လောင်တလိုင်ခရိုင်မှ စက်သုံးဆီများကို မြန်မာအပါအဝင် အိမ်နီးချင်းနိုင်ငံများသို့ တင်သွင်းခွင့်မပြုကြောင်း ဇွန်လ ၁၆ ရက်မှာ လောင်တလိုင်ခရိုင်တရားရုံးက ဆုံးဖြတ်လိုက်သည်ဟု သိရသည်။

ဇူလိုင်လ ၁၆ ရက်မှ စက်တင်ဘာလ ၁၆ ရက်နေ့အထိ ကန့်သတ်ထားခြင်းဖြစ်ပြီး လောင်တလိုင်ခရိုင်အတွင်းရှိ စက်သုံးဆီဆိုင်များသည်လည်း အစိုးရသတ်မှတ်ထားသည့် ဆီအကန့်အသတ်ထက် ပိုမရောင်းရန်၊ ရောင်းချခဲ့လျှင် ထိရောက်စွာအရေးယူသွားမည်ဟု တရားရုံးအမိန့်စာတွင် ဖော်ပြထားသည်။

မီဇိုရမ်ရောက် ရခိုင်ကုန်သည်တစ်ဦးက “စက်သုံးဆီက လုံးဝ သယ်လို့မရတော့တဲ့ အခြေအနေဖြစ်သွားပြီ။ လောင်တလိုင်အတွင်းကတင် မဟုတ်တော့ဘူး။ ဆိုင်းဟာမြို့ဖက်ကနေလည်း သယ်လို့မရတော့ဘူးဆိုတော့ ရခိုင်ပြည်အတွင်းမှာ စက်သုံးဆီပြတ်တောက်မှု ဖြစ်လာနိုင်ပါတယ်” ဟုပြောသည်။

လက်ရှိတွင် စက်သုံးဆီသယ်ယူခွင့် ပိတ်ပင်လိုက်သော်လည်း စားသောက်ကုန်နှင့် ဆေးဝါးများကို တင်ပို့ခွင့်ရရှိရန် ကြိုးပမ်းနေကြသည်ဟု ယင်းကုန်သည်က ဆက်ပြောသည်။

လောင်တလိုင်ခရိုင်အတွင်းမှ ရခိုင်ကုန်သည်များ၏ စက်သုံးဆီ ဆီပေပါ ၄၀ ကျော်ကို ဗဟိုလိုင်လူငယ်အစည်းအရုံး (CYLA) က ဇူလိုင်လ ၁၄၊ ၁၅ ရက်တွင် ဖမ်းဆီးမှုရှိခဲ့ကြောင်း နောက်ထပ် ကုန်သည်တစ်ဦးက ပြောသည်။

“လောင်တလိုင်ခရိုင်အတွင်းက ကျေးရွာတွေမှာ ဖမ်းသွားတာဖြစ်တယ်။ ကုန်သည်တွေမှာလည်း ငွေကြေးတွေ အများကြီးသုံးပြီး ဝယ်ထားကြရတာဆိုတော့ ဆုံးရှုံးနစ်နာမှုက တော်တော်လေးကို ရှိတယ်” ဟု ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၇ ရက်ကလည်း လောင်တလိုင်ခရိုင် သစ်ပုတ်ချေကျေးရွာတွင်ရှိသည့် ရခိုင်ကုန်သည်များ ဝယ်ယူထားသည့် စက်သုံးဆီပေပါ ၅၀ ကို CYLA က ဖျက်ဆီးမှုများရှိခဲ့သည်။

ပလက်ဝမြို့နယ်ကို AA က သိမ်းပိုက်ပြီးနောက် ပေါ်ပေါက်လာသည့် မီဇိုရမ် - ရခိုင် ကုန်သွယ်ရေးလမ်းကြောင်းကို CYLA က ပြီးခဲ့သည့် ဇွန်လ ၂၄ ရက်ကပင် ပိတ်ပင်ထား၍ ကုန်သည် ၂၀၀ နီးပါးခန့်မှာ ကုန်ပစ္စည်းများနှင့်အတူ ပိတ်မိနေကြသည်။ 

ရခိုင်တိုက်ပွဲစတင်ပြီးနောက် စစ်ကောင်စီက ကုန်သွယ်ရေးလမ်းကြောင်းများကို ပိတ်ဆို့ထား၍ ရခိုင်ပြည်၏ စားသောက်ကုန်စည်၊ ဆေးဝါးနှင့် စက်သုံးဆီများအတွက် အဆိုပါလမ်းကြောင်းကို အားပြုနေရခြင်းဖြစ်သည်။

ဗီဒီယိုများ