အမ်းက တပ်ရင်းနှစ်ခုကို AA တစ်ပြိုင်နက်တည်း သိမ်းပိုက်
“လောလောဆယ်မှာ အမ်းတိုက်ပွဲအခြေနေကတော့ တစ်နေရာတည်းကို ထိုးတိုက်နေတာမျိုး မဟုတ်ဘူး။ ဖြန့်ကျက်ပြီး တိုက်နေတာ။ တိုက်ပွဲကတော့ အပြင်းဆုံးအခြေအနေလို့ပြောလို့ရတယ်” ဟု မြေပြင် စစ်ရေး အခြေအနေသိရှိသူတစ်ဦးက ပြောသည်။
07 Nov 2024
DMG ၊ နိုဝင်ဘာ ၇
အမ်းမြို့အခြေစိုက် စစ်ကောင်စီ၏ ခမရ (၃၇၁) တပ်ရင်းနှင့် စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD)တို့ကို အာရက္ခတပ်တော်က သိမ်းပိုက်ရရှိထားကြောင်း စစ်ရေးသတင်းရင်းမြစ်ထံများထံမှ သိရသည်။
အဆိုပါ တပ်ရင်းနှစ်ခုကို AA က ထိုးစစ်အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် နိုဝင်ဘာ ၆ ရက် ညနေပိုင်းတွင် တစ်ပြိုင်နက်တည်း သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
“အပြတ် ဝင်တိုက်လိုက်တာ။ စစ်ကောင်စီတပ်သား အလောင်းတွေရော၊ ဖမ်းဆီးရမိတာတွေရှိတယ်” ဟု စစ်ရေး သတင်းရင်းမြစ်တစ်ဦးက ပြောသည်။
အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်ကို အလုံးစုံသိမ်းပိုက်နိုင်ရေး ဆက်လက်ထိုးစစ်ဆင်နေသဖြင့် နှစ်ဖက်တိုက် ပွဲပြင်းထန်လျက်ရှိသည်။
စစ်ကောင်စီဘက်ကလည်း မြေပြင်စစ်အင်အားအပြင် လက်နက်ကြီးပစ်ခတ်မှုများနှင့် အသန်းအသည်ခုခံနေပြီး လေကြောင်းမှတစ်ဆင့် ဒရုန်း၊ ဂျက်တိုက်လေယာဉ်များနှင့်ပါ ခုခံတိုက်ခိုက်နေသည်။
“လောလောဆယ်မှာ အမ်းတိုက်ပွဲအခြေနေကတော့ တစ်နေရာတည်းကို ထိုးတိုက်နေတာမျိုး မဟုတ်ဘူး။ ဖြန့်ကျက်ပြီး တိုက်နေတာ။ တိုက်ပွဲကတော့ အပြင်းဆုံးအခြေအနေလို့ပြောလို့ရတယ်” ဟု မြေပြင် စစ်ရေး အခြေအနေသိရှိသူတစ်ဦးက ပြောသည်။
တိုက်ပွဲပြင်းထန်လာသည်နှင့်အမျှ ဒေသခံထောင်နှင့်ချီမှာ မြို့ပေါ်တွင် ပိတ်မိတ်နေကြပြီး စစ်ကောင်စီ ပိတ်ဆို့ ထားမှုကြောင့် စစ်ပွဲကြားမှာ မြေစာပင်ဖြစ်နေကြရသည်။
AA ၏ ထိုးစစ်ပြင်းထန်မှုနှင့်အတူ အမ်းရှိ စစ်ကောင်စီ၏ လေကြောင်းရန်ကာကွယ်ရေး ရေဒါစခန်း၊ စစ်မြေပြင် အင်ဂျင်နီယာတပ် (BE)၊ ခမရ ၃၇၃၊ ၃၇၁၊ စစ်လက်နက်ပစ္စည်း သိုလှောင်ရေးတပ် (COD)၊ စစ်ဘက်ရေးရာလုံခြုံ ရေးတပ် (စရဖ)၊ ဆေးတပ်နှင့် ပူလောင်တောင်ကုန်းရှိ အမြောက်စခန်းနှင့် အခြားတပ်စခန်းများကို သိမ်းပိုက် ထားပြီဖြစ်သည်။