- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့ အာဂျိတ်တော်ကုန်းမှ ကျူးကျော်နေထိုင်သူများကိုဖယ်ရှား
စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ အာဂျိတ်တော်ကုန်းရှိ သင်္ချိုင်းမြေအတွင်း ကျူးကျော်နေထိုင်သူများကို ယနေ့(မတ်လ ၁၀ ရက်)နံနက် ၈ နာရီခန့်က သက်ဆိုင်ရာမှ ဖယ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
10 Mar 2022
DMG ၊ မတ် ၁၀
စစ်တွေမြို့၊ ဓညဝတီရပ်ကွက်၊ အာဂျိတ်တော်ကုန်းရှိ သင်္ချိုင်းမြေအတွင်း ကျူးကျော်နေထိုင်သူများကို ယနေ့(မတ်လ ၁၀ ရက်)နံနက် ၈ နာရီခန့်က သက်ဆိုင်ရာမှ ဖယ်ရှားမှုများပြုလုပ်ခဲ့ကြသည်။
ထိုသို့ဖယ်ရှားရာတွင် စစ်သား၊ ရဲသား၊ ဌာနဆိုင်ရာများနှင့် အလုပ်သမားများပါဝင်ပြီး စုစုပေါင်းအင်အား ၁၀၀ ခန့်ဖြင့် ဖယ်ရှားခဲ့ကြသည်။
ဖယ်ရှားရာတွင်ပါဝင်သော အမည်မဖော်လိုသည့် ရဲအရာရှိတစ်ဦးက“သူတို့က ပုဒ်မ ၁၄၄ ထုတ်ထားတဲ့နေရာမှာ လာနေတာဖြစ်တဲ့အတွက် အခုလိုဖယ်ရှားရတာဖြစ်တယ်။ သူတို့ကို ဘယ်သူမို့ လးဘယ်ဝါမို့လို့ဆိုပြီးလုပ်တာမဟုတ်ဘူး”ဟု အဆိုပါ ရဲအရာရှိကဆိုသည်။
ထိုသို့ဖယ်ရှားရာတွင် ရုန်းရင်းဆန်ခတ်အချို့ဖြစ်ပွားခဲ့ပြီး ပန်းရံလုပ်ငန်းလုပ်ကိုင်သည့် ကျူးကျော်နေထိုင်သူ ကိုမောင်ထွန်းအေးဆိုသူမှာ ဖမ်းဆီးခံခဲ့ရသည်။
"ကျွန်မမှာ မိဘဆွေမျိုးတွေလည်းမရှိကြတော့ဘူး။ အခုယောကျာ်းဖြစ်သူကလည်း အဖမ်းခံရတယ်။ အိမ်ကလည်းမရှိတော့ ကလေးတစ်ယောက်နဲ့ ဘာလုပ်လို့လုပ်ရမယ်မှန်းမသိတော့ဘူး"ဟု ဖမ်းဆီးခံခဲ့ရသူ၏ဇနီး မဦးကျော့ရီကဆိုသည်။
နေစရာနေရာမရှိ၍ ယခုနေရာတွင်နေထိုင်နေခြင်းဖြစ်ကာ လက်ရှိဖယ်ရှားခံရသဖြင့် မည်သို့သွားရမည်ကိုမသိကြောင်းလည်း စစ်ဘေးရှောင်တိမ်းလာသူ ဒေါ်သန်းသန်းနုက ပြောသည်။
"ကျွန်မတို့မှာ ကလေးခုနှစ်ယောက်ရှိတယ်။ စစ်ဘေးရှောင်ရင်း ရတဲ့အလုပ်ကိုလုပ်ပြီး ဒီနေရာကိုငွေတစ်သိန်းနဲ့ဝယ်ထားတာ။ အခုရောင်းတဲ့လူလည်းရှာမတွေ့တော့ဘူး။ ကျွန်မတို့မှာလည်းဘာမှမရှိတော့ဘူး"ဟု ၎င်းကဆိုသည်။
အဆိုပါနေရာတွင်နေထိုင်သူများမှာ မြေနေရာများကိုဝယ်ယူထားကြခြင်းဖြစ်သည်။ စစ်တွေမြို့ပေါ်မှ နေရာလွတ်များကိုကျူးကျော်ပြီး ပြန်လည်ရောင်းချနေသည့်အဖွဲ့တစ်ခု စစ်တွေတွင်ရှိနေပြီဟု သံသယဖြစ်မိကြောင်း အမည်မဖော်လိုသည့် စစ်တွေမြို့ဒေသခံတစ်ဦးကပြောသည်။
"အခုကျူးကျော်တွေကိုကြည့်လိုက်ရင် အကုန်လုံးက နေရာကိုဝယ်ရတဲ့လူတွေချည်းပဲ။ ဒီတော့ နယ်တကာလှည့်ပြီး လူမနေတဲ့နေရာတွေကို ကျူးကျော်ပြီး လက်ညှိုးထိုးရောင်းစားနေကြတဲ့အဖွဲ့တစ်ခုရှိနေပြီလားဆိုတာကို ကျနော်သံသယဖြစ်မိတယ်"ဟု ၎င်းကရှင်းပြသည်။
လက်ရှိတွင် ကျူးကျော်နေထိုင်သည့် ရာနှင့်ချီသောသူများမှာ အခြားနေရာသို့ ပြောင်းရွှေ့နေမှုများရှိသကဲ့သို့ အချို့မှာ အဆိုပါဖြိုဖျက်ခံထားရသောနေရာ၌ပင် နေထိုင်နေကြရသည်ကိုလည်း DMG မှ တွေ့ရှိခဲ့ရသည်။
ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့ကလည်း စစ်တွေမြို့ မီးရထားပိုင်ဧရိယာအတွင်းနေထိုင်သူအချို့ကို ရှင်းလင်းဖယ်ရှားခဲ့မှုများလည်းရှိခဲ့သည်။