- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူ သိုင်းချောင်းကျေးရွာအတွင်း စစ်တပ်က ဝင်ရောက်တပ်ချထားကြောင်း ကျေးရွာသားများပြော
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအတွင်းတွင် မြန်မာစစ်တပ်မှဝင်ရောက်ကာ တပ်စွဲနေထိုင်နေခြင်းအပေါ် ဒေသခံများအနေဖြင့်စိုးရိမ်နေကြပြီး အချို့မှာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိကြောင်း ယင်းကျေးရွာသားများကပြောသည်။
27 Aug 2021
DMG ၊ သြဂုတ် ၂၇
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ သိုင်းချောင်းကျေးရွာအတွင်းတွင် မြန်မာစစ်တပ်မှဝင်ရောက်ကာ တပ်စွဲနေထိုင်နေခြင်းအပေါ် ဒေသခံများအနေဖြင့်စိုးရိမ်နေကြပြီး အချို့မှာ အခြားနေရာသို့ ထွက်ပြေးတိမ်းရှောင်သွားသူများလည်းရှိကြောင်း ယင်းကျေးရွာသားများကပြောသည်။
သိုင်းချောင်းကျးရွာတွင် သြဂုတ်လ ၂၆ ရက်နေ့က စစ်တပ်ကဝင်ရောက်နေထိုင်နေခြင်းဖြစ်ကြောင်း သိုင်းချောင်းကျေးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
"ရွာမှာလူဦးရေဘယ်လောက်ရှိလဲ၊ အိမ်ထောင်စုစာရင်းတွေကိုမေးကြတယ်။ ဆယ်အိမ်ခေါင်းတွေ၊ ရက်ကွက်အုပ်ချုပ်ရေးမှူတွေကိုခေါ်ပြီးမေးတယ်။ ဒေသခံတွေကိုတော့မမေးဘူး။ သူတို့တွေမှာက အင်အား ၁၀၀ လောက်ရှိတယ်။ အဲဒီအထဲမှာ ရဲအဝတ်ဝတ်ထားသူတွေပါသလို စစ်သားအဝတ်၊ အရပ်ဝတ်ဝတ်ထားသူတွေလဲပါကြတယ်။ လူတွေကိုဖမ်းဆီးထားတာတော့မရှိဘူး။ ကုန်ခဲ့တဲ့ညကတော့ သူတို့ကိုကြောက်ပြီး နီးစပ်ရာမိသားစုအိမ်တွေကို ပြောင်းရွှေ့သွားသူတွေရှိတယ်"ဟု ၎င်းကျေးရွာသားကပြောသည်။
သိုင်းချောင်းကျေးရွာအတွင်းဝင်ရောက်နေသည့် စစ်သားများမှာ သိုင်းချောင်းဘုန်းတော်ကြီးကျောင်းနှင့် သိုင်းချောင်းစာသင်ကျောင်းတို့တွင် တပ်ချနေထိုင်လျှက်ရှိကြပြီး ၎င်းတို့မှာ ကျောက်ဖြူမြို့ ခလရ(၃၄)တပ်ရင်းမှဖြစ်သည်ဟု သိရှိထားကြောင်းလည်း ၎င်းကျေးရွာသားက ဆိုသည်။
သိုင်းချောင်းကျေးရွာအုပ်ချုပ်ရေးမှူးအား စစ်တပ်ကဖမ်းဆီးသွားသည်ဟု ယနေ့နံနက်ပိုင်းကသတင်းများထွက်ပေါ်ခဲ့သော်လည်း ယင်းသို့ဖမ်းဆီးခြင်းမရှိကြောင်း ယင်းကျေးရွာသားများထံမှ သိရသည်။
သိုင်းချောင်းကျေးရွာအနီးက ပြားကျွိန်းကျးရွာမှလည်း အိမ်ထောင်စုစာရင်းနှင့်လူဦးရေစာရင်းများကို ယင်းရွာမှ ဆယ်အိမ်မှူး၊ ရာအိမ်မှူးများအား သြဂုတ်လ ၂၆ ရက်နေ့တွင် စစ်သားများက မေးမြန်းခဲ့ကြောင်း ပြားကျွိန်းကျးရွာမှ လုံခြုံရေးအရအမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးကပြောဆိုသည်။
"စစ်ဆေးတာကတော့ လူဦးရေ၊ အိမ်ခြေဘယ်လောက်ရှိလဲဆိုတာကို မေးတယ်။ ကျန်ဒါကတော့ ဘာမှမလုပ်ပါဘူး။ သူတို့ဘာသာ သူတို့နေကြတယ်။ ဒီကိုအခုလို တပ်ချနေတာတော့ ခဏခဏတော့ရှိတယ်။ စစ်ပွဲကတော့ ပြန်ဖြစ်လာမယ်မထင်ဘူး ဒါပေမဲ့ ဘာဘဲဖြစ်ဖြစ်စိုးရိမ်တာပေါ့"ဟု ၎င်းကဆိုသည်။
အလားတူ ရခိုင်ပြည်နယ်အတွင်းက သံတွဲ၊ တောင်ကုတ်၊ ဂွ စသည့်မြို့နယ်များမှ ကျေးရွာများတွင်လည်း စစ်တပ်မှဝင်ရောက်ကာ တပ်စခန်းချမှုများရှိနေကြောင်း ဒေသခံများကပြောဆိုသည်။
ယင်းသို့စစ်တပ်က ကျေးရွာများအတွင်းဝင်ရောက်ကာ တပ်ချထားမှုများရှိကြောင်း ပြောဆိုချက်နှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအား ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါ။