ဟိုင်ဂင် သဘောတူညီချက် ကျိုးပျက်၊ စစ်ကောင်စီနှင့် TNLA တို့ တိုက်ပွဲစဖြစ်

ယခုလဆန်းပိုင်းမှစ၍ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများကြောင့် TNLA တပ်သားများ သေဆုံးမှုများနှင့်အတူ နှစ်ဖက်ဆက်ဆံရေး တင်းမာနေခဲ့ရာမှ တိုက်ပွဲစတင်လာခဲ့ခြင်း ဖြစ်သည်။

By Admin 25 Jun 2024

ဓာတ်ပုံ - TNLA
ဓာတ်ပုံ - TNLA

DMG ၊ ဇွန် ၂၅

ရှမ်းမြောက်ဒေသတွင် တရုတ်ကြားဝင်စေ့စပ်မှုဖြင့် အပစ်ရပ်စဲခဲ့သည့် “ဟိုင်ဂင်” သဘောတူညီချက်မှာ စစ်ကောင်စီနှင့် တအာင်း TNLA တို့ တိုက်ပွဲဖြစ်မှုနှင့်အတူ ကျိုးပျက်သွားရပြီ ဖြစ်သည်။

ယခုလဆန်းပိုင်းမှစ၍ တအာင်းပြည်နယ်အတွင်း စစ်ကောင်စီက လက်နက်ကြီးပစ်ခတ်မှုများကြောင့် TNLA တပ်သားများ သေဆုံးမှုများနှင့်အတူ နှစ်ဖက်ဆက်ဆံရေး တင်းမာနေခဲ့ရာမှ တိုက်ပွဲစတင်လာခဲ့ခြင်း ဖြစ်သည်။

ယနေ့ နံနက် ၅ နာရီခွဲမှစတင်ပြီး ရှမ်းမြောက်ဒေသ ကျောက်မဲ၊ နောင်ချိုနှင့် မန္တလေးတိုင်း မိုးကုတ်မြို့နယ်တွင် စစ်ကောင်စီနှင့် တအာင်းတပ်မတော် PSLF/TNLA တို့ တိုက်ပွဲဖြစ်ပွားနေကြောင်း TNLA က ထုတ်ပြန်သည်။ အဆိုပါစစ်ပွဲများသည် ၁၀၂၇ စစ်ဆင်ရေး အဆက်ဖြစ်ကြောင်း TNLA က ပြောသည်။

တအာင်းပြည် တပ်မဟာ(၂) စစ်ဒေသရှိ နောင်ချိုမြို့နယ် ကျောက်ကြမ်းရွာ၊ ကျောက်မဲမြို့နယ် ငြိမ်းချမ်းရေးကုန်း၊ မိုးကုတ်မြို့နယ် ပန်းဆပေရွာဘက်တွင် တိုက်ပွဲဖြစ်ပွားခဲ့ကြကြောင်း TNLA က ထုတ်ပြန်သည်။ 

နောင်ချိုမြို့အရှေ့ဘက် မြို့နှင့်ကပ်လျက်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၁၁၅) တပ်စခန်းကို TNLA, MDY-PDF ပူးပေါင်းတပ်တို့က ထိုးစစ်ဆင်နေပြီး စစ်ကောင်စီက ဂျက်တိုက်လေယာဉ်ဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“စစ်ကောင်စီက အင်အားတစ်စုံတစ်ရာစုပြီးရင် ရှမ်းမြောက်ကိုပြန်တိုက်ဖို့ အလိုရှိနေတာ။ တရုတ်နယ်စပ်ကျသွားတာက စစ်ကောင်စီအတွက် နိုင်ငံရေးဂုဏ်သိက္ခာရော၊ စီးပွားရေးပါကျဆုံးသွားတာ ဆိုတော့ TNLA ကို ဒရုန်းတွေ၊ လေယာဉ်တွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေရှိနေတယ်။ ဒါကြောင့် အခုလို တိုက်ပွဲဖြစ်လာတာ” ဟု မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ တစ်ဦးကပြောသည်။

TNLA လှုပ်ရှားနယ်မြေဖြစ်သည့် နောင်ချို၊ မိုးကုတ်နှင့် မိုးမိတ်မြို့နယ်ရှိ အရပ်သားနေထိုင်ရာ ကျေးရွာများကို စစ်ကောင်စီတပ်က လေကြောင်း၊ လက်နက်ကြီးများဖြင့် ဆက်လက် ပစ်ခတ်နေသဖြင့် ခုခံကာကွယ်သွားမည်ဟု TNLA ခေါင်းဆောင်က ပြောဆိုထားသည်။

“ကျနော်တို့အနေနဲ့လည်း စကစက ဟိုင်ဂင် သဘောတူညီချက်ကို ကျော်လွန်ပြီးတော့မှ လေယာဥ်ဗုံးကြဲတာတွေ လက်နက်ကြီးတွေ ဆက်တိုက်လုပ်လာမယ်ဆိုရင် ပြည်သူလူထုကို အကောင်းဆုံး ခုခံကာကွယ်သွားဖို့ တာဝန်ရှိပါတယ်” ဟု  ဗိုလ်ချုပ် တားဘုန်းကျော်က PSLF/TNLA ၏ သတင်းနှင့် ပြန်ကြားရေးဌာနတွင် ပြောထားသည်။

တိုက်ပွဲများပြင်းထန်လာနိုင်၍ ပြည်သူများအနေဖြင့် လုံခြုံရေးဂရုစိုက်ကြရန်၊ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်မှုဒဏ်များကို ခံနိုင်ရန် ကြိုတင်စီမံမှုများ လိုအပ်ကြောင်း ဗိုလ်ချုပ် တားဘုန်းကျော်က အသိပေးထားသည်။ 

ဇွန်လ ၉ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ စစ်ကောင်စီတပ်မှ ဂျက်လေယာဥ်နှင့် ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုများကြောင့် TNLA တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကာ ၄ ဦးနှင့် အခြားဒေသခံ ၄ ဉီး ဒဏ်ရာရခဲ့ကြောင်း TNLA က ထုတ်ပြန်ခဲ့သည်။

ဗီဒီယိုများ