ပရဟိတသမား ကိုအမ်းသားကြီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်

ရခိုင်ပြည်အတွင်းက စစ်ဘေးဒုက္ခသည်များကို စားဝတ်နေရေးအကူအညီများပံ့ပိုးပေးနေသည့် ပရဟိတသမား ကိုအမ်းသားကြီး (ခ) ဦးသန်းရွှေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့်  အမှုဖွင့်ထားကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

27 Sep 2022

DMG ၊ စက်တင်ဘာ ၂၇

ရခိုင်ပြည်အတွင်းက စစ်ဘေးဒုက္ခသည်များကို စားဝတ်နေရေးအကူအညီများပံ့ပိုးပေးနေသည့် ပရဟိတသမား ကိုအမ်းသားကြီး (ခ) ဦးသန်းရွှေကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့်  အမှုဖွင့်ထားကြောင်း ပြည်နယ်စစ်ကောင်စီ၏ သတင်းများကိုဖော်ပြနေသည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။

စက်တင်ဘာလ ၂၅ ရက်နေ့က မြောက်ဦးမြို့မရဲစခန်းတွင် ကိုအမ်းသားကြီးကို ပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ခဲ့ပြီး လက်ရှိတွင် ၎င်းမှာ တရားခံပြေးအဖြစ် ထွက်ပြေးတိမ်းရှောင်လျက်ရှိသည်ဟု ရခိုင်နေ့စဉ်ကဆိုသည်။

အမှုဖွင့်ခံရခြင်းနှင့်ပတ်သက်၍ ကိုအမ်းသားကြီးအနေဖြင့် တရားဝင် အတိအကျမသိရသေးသော်လည်း ပြည်သူများအား ပုဒ်မအမျိုးမျိုးတပ်ကာ အမှုဖွင့်တရားစွဲခြင်းမှာ စစ်ကောင်စီ၏လုပ်နေကျလုပ်ရပ်တစ်ခုဖြစ်သည်ဟု ၎င်းကရှုမြင်သည်။

“ကျနော့်ကို ၅၀၅(က)နဲ့ အမှုဖွင့်ထားတယ်ဆိုတော့ ၅၀၅(က)ဟာ ကျနော်တို့ မြန်မာနိုင်ငံမှာ မဟုတ်မမှန် အစိုးရရဲ့ ဝါဒဖြန့်တဲ့လုပ်ရပ်တစ်ခုဖြစ်တယ်။ နောက် ခေတ်အဆက်ဆက် အစိုးရတွေရဲ့ လုပ်ထုံးလုပ်နည်း၊ ယဉ်ကျေးမှုတစ်ခုလို ဖြစ်နေပြီ။ဒါကြောင့် မြန်မာနိုင်ငံမှာ ၅၀၅(က)မှ မဟုတ်ဘူး။ ပြည်သူတွေထဲက လူတစ်ဦးကို ပုဒ်မတစ်ခုခုတပ်ပြီး အမှုဖွင့်တယ်ဆိုတာက သူတိုတွေရဲ့ လုပ်နေကျလုပ်ရပ်တစ်ခုဖြစ်နေတယ်။ ဒါကြောင့် ကျနော်အနေနဲ့ ဒီအပေါ်မှာသိပ်ပြောစရာမရှိပါဘူး”ဟု ကိုအမ်းသားကြီးက ပြောသည်။

စက်တင်ဘာလ ၁၆ ရက်နေ့က စစ်ဘေးရှောင်များကို ကူညီထောက်ပံ့ပေးရန် မင်းပြားမြို့မှထွက်လာသည့် ကိုအမ်းသားကြီး၏ ကားကို မြောက်ဦးမြို့အဝင်ရှိ ခလရ ၅၄၀ တပ်ရင်းမှ တပ်သားများက သေနတ်များဖြင့်ပစ်ခတ်ကာ ဖမ်းဆီးရန်ကြိုးစားခဲ့သော်လည်း ထွက်ပြေး၍ လွတ်မြောက်လာခဲ့သည်။

ကိုအမ်းသားကြီး စီးလာသည့်ကားတွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာသည်ဟုသတင်းရ၍ စစ်တပ်ကစစ်ဆေးရာတွင် အစစ်ဆေးမခံဘဲ ထွက်ပြေးသွားသည်ဟု ပြည်နယ်စစ်ကောင်စီ၏ သတင်းများကို ဖော်ပြပေးနေသည့် ရခိုင်နေ့စဉ် လူမှုကွန်ရက်တွင်ရေးသားထားသည်။

ယင်းနောက် ကိုအမ်းသားကြီးကို ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်လာခြင်းဖြစ်သည်။ မူးယစ်ဆေးဝါးနှင့် တရားမဝင်လုပ်ငန်းများအား ပရဟိတလုပ်ငန်းအမည်ခံ၍ ဆောင်ရွက်နေသူဟု စစ်ကောင်စီမှစွပ်စွဲချက်မှာ လုံးဝမှန်ကန်မှုမရှိကြောင်းနှင့် ထိုသိုစွပ်စွဲချက်မှာ အောက်တန်းကျသည့်လုပ်ရပ်တစ်ခုဖြစ်သည်ဟု ကိုအမ်းသားကြီးကပြောသည်။

“ကျနော်ကိုယ်တိုင်ကလည်း အရက်မသောက်သလို မူးယစ်ဆေးကိုလည်း အားပေးအားမြှောက်မလုပ်ဘူး။ လုပ်တဲ့သူတွေကိုလည်း ကျနော်ကရှုတ်ချတဲ့ သူတစ်ယောက်ဖြစ်တယ်။ ကျနော်က မူးယစ်ဆေးနဲ့ပတ်သက်ပြီး လုံးဝကင်းရှင်းပါတယ်။ ဘာတစ်မှ မလုပ်ဘူး။ နောက်လည်းမလုပ်ဘူး။ ရှေ့မှာလည်း ကျနော်မလုပ်ခဲ့ဖူးဘူး။ ဒါက ကျနော့်ဘဝရဲ့သစ္စာဖြစ်တယ်”ဟု သူကပြောသည်။

ကိုအမ်းသားကြီးအား ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)ဖြင့် အမှုဖွင့်ထားခြင်းနှင့်ပတ်သက်၍ သိရှိနိုင်ရန်အတွက် မြောက်ဦးမြို့မရဲစခန်းမှ တာဝန်ရှိသူများနှင့် အဆက်အသွယ်ရရှိရန် DMG မှ ကြိုးစားနေဆဲဖြစ်သည်။

ယင်းအပြင် မြန်မာစစ်တပ် ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်ချုပ် ဇော်မင်းထွန်း၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့နှင့် အဆက်အသွယ်ရရှိရန် ကြိုးစားနေသော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။