- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
AA တိုက်တွန်းချက်ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် တာဝန်ထမ်းဆောင်မည့်အပေါ် စစ်ကောင်စီကြိုဆို
ရခိုင်ပြည်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ နုတ်ထွက်စာတင်ခဲ့ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ ခန့်ကို ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးသို့ အစည်းအဝေးခေါ်ယူကြောင်း ကာယကံရှင်များထံမှ သိရသည်။
05 Jan 2023
DMG ၊ ဇန်နဝါရီ ၅
ရခိုင်ပြည်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ နုတ်ထွက်စာတင်ခဲ့ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ ခန့်ကို ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးသို့ အစည်းအဝေးခေါ်ယူကြောင်း ကာယကံရှင်များထံမှ သိရသည်။
ထိုအစည်းအဝေးတွင် ယခင်က နုတ်ထွက်စာတင်ခဲ့သည့် အုပ်ချုပ်ရေးများအနေဖြင့် ပြန်လည် တာဝန်ထမ်းဆောင်လိုမှုကို ကြိုဆိုကြောင်း ပုဏ္ဏားကျွန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမောင်စံဝင်း က ပြောဆိုခဲ့သည်ဟု ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက DMG သို့ပြောသည်။
“အဓိက အစည်းအဝေးခေါ်ထားကတော့ ပြန်လည်တာဝန်ထမ်းဆောင်လိုတဲ့ အုပ်ချုပ်ရေးမှူးတွေကို ကြိုဆိုတယ်လို့ ပြောတယ်။ အရင်လို ဆွေးနွေးတိုင်ပင်ပြီးတော့ ဒေသအရေးလုပ်ကြဖို့ပြောတယ်။ နောက်ပြီးတော့ ဒီလအတွင်းမှာ ဂျပန်နိုင်ငံက လှူထားတဲ့ ဆန်တွေရောက်ဖို့ရှိတယ်။ အဲဒီဆန်တွေကိုလည်း စစ်ဘေးရှောင်တွေအတွက် ခွဲဝေပေးဖို့ ပြောခဲ့တယ်” ဟု ၎င်းကဆိုသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၇၀ ခန့်နှင့် ရသေ့တောင်မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂၀ ခန့်တို့မှာ ပြီးခဲ့သည့် တကျော့ပြန်စစ်ရေးကာလအတွင်း မြန်မာစစ်တပ်က ဒေသခံအုပ်ချုပ်ရေးမှူးတို့ကို AA နှင့် ဆက်စပ်သည်ဟု သံသယဝင်ဖမ်းဆီးမှုအချို့နှင့် AA ဘက်ကလည်း ၄င်းတို့ကို စစ်ကောင်စီက ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးများဟုဆိုကာ နှစ်ဖက်ကြားညှပ်နေရသည့်အတွက် နုတ်ထွက်စာတင်ခဲ့ကြခြင်း ဖြစ်သည်။
ထိုသို့ စာတင်ထားသည့်အတွက် ဒေသအတွင်း ပြည်သူများမှာ အလုပ်ကိစ္စ၊ အိမ်ထောင်စုစာရင်း၊ မှတ်ပုံတင်များ ပြုလုပ်ရာတွင် အခက်အခဲများဖြစ်နေရသဖြင့် ပြန်လည်တာဝန်ထမ်းဆောင်ရန်အတွက် ULA/AA တာဝန်ရှိသူတို့က ပြီးခဲ့သည့် ဇန်နဝါရီလ ၂ ရက်နေ့တွင် အစည်းအဝေးခေါ်ယူကာ တိုက်တွန်းပြောဆိုခဲ့ပြီး ကျေးရွာအုပ်ချုပ်ရေးမှူးတို့ကလည်း ပြန်လည်တာဝန်ထမ်းဆောင်ရန် ဆုံးဖြတ်ခဲ့ကြသည်။
ပုဏ္ဏားကျွန်းမြို့နယ်မှ နောက်ထပ် ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက “ အစည်းအဝေးမှာတော့ ထွေထွေးထူးထူး ပြောတာမရှိပါဘူး။ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျေးရွာဖွံဖြိုးတိုးတက်ဖို့အတွက် ဆက်ပြီးတော့ လုပ်ကြမယ်ပေါ့။ နောက်ပြီးတော့ ဒေသခံအတွင်းမှာ အခက်အခဲဖြစ်နေတဲ့ စစ်ဘေးရှောင်တွေအတွက် ဂျပန်နိုင်ငံက ရထားတဲ့ ဆန်တွေကို ခွဲဝေပေးသွားမယ်လို့ပြောတယ်။ အခုလက်ရှိ ULA ဖက်ကလည်း ပြန်ပြီးတော့လုပ်ဖို့ ကမ်းလှမ်းထားတော့ ပြန်ပြီးတော့ ဆက်လုပ်သွားမယ်လို့ ဆုံးဖြတ်ထားတယ်” ဟု ဆိုသည်။
အလားတူ ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးများကိုလည်း မြို့နယ်ထွေ/အုပ်ရုံး၌ ယနေ့အစည်းအဝေးခေါ်ယူကာ ပြန်လည် တာဝန်ထမ်းဆောင်ရန် ဆန္ဒရှိခြင်းအပေါ်ကြိုဆိုကြောင်း မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးနိုင်လင်းထက်က ပြောဆိုခဲ့သည်ဟု သိရသည်။
“ဒီနေ့အစည်းအဝေးမှာက မြို့နယ်ထွေအုပ်နဲ့ လဝကလူကြီးတွေပါတယ်။ တာဝန် ပြန်ထမ်းဆောင်ဖို့အတွက် သူတို့ကလည်း ပြန်ပြီးတော့ လက်ခံကြတယ်။ နောက်ပြီးတော့ ကျနော်တို့ကလည်း ဒေသခံတွေ ထောက်ခံစာယူမယ့်ကိစ္စတွေ အခက်အခဲရှိတဲ့အတွက် ပြန်ပြီးတော့ လုပ်ဆောင်သွားမယ်။ ULA ဖက်ကလည်း ညွန့်ကြားထားတဲ့အတွက် ပြန်လုပ်သွားမှာပါ” ဟု ရသေ့တောင်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ပြောသည်။
ထို့အပြင် လာမည့် ရွေးကောက်ပွဲအတွက် လူဦးရေးစာရင်းများ ကောက်ဖို့အတွက်လည်း မြို့နယ်ထွေအုပ်က ညွှန်ကြားမှုများ ရှိခဲ့ကြောင်း သိရသည်။
ထိုသို့ အုပ်ချုပ်ရေးမှူးများကို ပြန်လည်တာဝန်ထမ်းဆောင်ရန် ULA/ AA ဖက်က တိုက်တွန်းခြင်းမှာ စစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားကို ULA ၏ အုပ်ချုပ်ရေးအဖြစ် ပုံဖော်စေလိုခြင်းအပြင် စစ်ကောင်စီ၏ အုပ်ချုပ်ရေးကိစ္စများကို သိရှိစေရန် လုပ်ဆောင်နေခြင်းဖြစ်ကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးဖေသန်းက ပြောသည်။
ပြီးခဲ့သည့် ၂၀၁၈ -၂၀၂၀ ခုနှစ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲကာလကလည်း မြန်မာစစ်တပ်က အုပ်ချုပ်ရေးမှူးများကို ဖမ်းဆီးမှုများရှိခဲ့သဖြင့် ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ရသေ့တောင်၊ မင်းပြား စသည့်မြို့နယ်များမှ ကျေးရွာအုပ်ချုပ်ရေးမှူး အများအပြား နုတ်ထွက်မှုများရှိခဲ့သည်။
ရခိုင်ပြည်အတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား လူသားချင်းစာနာထောက်ထားမှုကို အခြေခံကာ အပစ်အခတ်ရပ်စဲထားသည်မှာ တစ်လကျော်အထိ ကြာမြင့်လာနေပြီဖြစ်သည်။
#R007