ကြားဖြတ်သတင်း
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများ စုစည်းမှု (၁၆-၈-၂၀၂၂ မှ ၂၂-၈-၂၀၂၂ ထိ)
ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှလွဲ၍ အခြားတော်လှန်ရေးတပ်များ မလိုအပ်ကြောင်း AA ၏ ပြောဆိုချက်မှာ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် မရှိသင့်သည့် သဘောတရားဖြစ်ကြောင်းနှင့် လက်ခံနိုင်စရာအကြောင်းမရှိဟု ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)တို့က ပြောဆိုခဲ့ကြသည်။
23 Aug 2022
သြဂုတ် ၁၆
- ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှလွဲ၍ အခြားတော်လှန်ရေးတပ်များ မလိုအပ်ကြောင်း AA ၏ ပြောဆိုချက်မှာ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် မရှိသင့်သည့် သဘောတရားဖြစ်ကြောင်းနှင့် လက်ခံနိုင်စရာအကြောင်းမရှိဟု ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)တို့က ပြောဆိုခဲ့ကြသည်။
- ရုရှားကျူးကျော်စစ်ကြောင့် မြောက်ဦးဒေသကို သတ်မှန်ချိန်အတွင်း ကွင်းဆင်းမစစ်ဆေးနိုင်ဘဲ UNESCO ဝင်ရန် နှောင့်နှေးသွားနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတို့ကဆိုသည်။
- တောင်ကုတ်မြို့နယ်၊ ပန်းတင်ကျွန်းရှိ မကျည်းတောရွာနှင့် အမော်ကျေးရွာတို့တွင် ဆားငံရေဝင်ရောက်သောကြောင့် လယ်ဧက ၁၀၀ ကျော်တွင် စပါးမစိုက်ပျိုးနိုင်ဘဲဖြစ်နေကြောင်း ဒေသခံလယ်သမားများထံမှ သိရသည်။
- တိုက်ပွဲဖြစ်ပွားမှုနောက်ပိုင်း မောင်တောဒေသသို့ ကုန်စည်ပို့ဆောင်နေသည့်ကားလမ်းကို မြန်မာစစ်တပ်က ပိတ်ထားသဖြင့် စားနပ်ရိက္ခာပြတ်လပ်မည့် အခြေအနေများ ဖြစ်ပေါ်ခဲ့သည်။
- ကျောက်ဖြူမြို့တွင် သြဂုတ်လ ၁၆ ရက်နေ့ ည ၁၂ နာရီခန့်ကနေ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြို့ပေါ်ရပ်ကွက်အချို့ ရေပြည့်နေပြီး ဒေသခံအချို့ကို ဘေးလွတ်ရာသို့ပြောင်းရွှေ့ပေးခဲ့ကြရသည်။
- လွှတ်တော်ကိုယ်စားလှယ်နှင့် နိုင်ငံရေးအဆင့်ရှိသူ ၉၀၆ ဦးကို နိုင်ငံရေးပင်စင်ထုတ်ပေးခဲ့ကြောင်းနှင့် ထိုအထဲတွင် ရခိုင်မှ လွှတ်တော်အမတ် ၃၅ ဦးလည်း ပါဝင်ခဲ့ကြောင်း သြဂုတ်လ ၁၆ ရက်နေ့တွင် စစ်ကောင်စီမှ ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၁၇
- ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးအနီး ဆိုင်ခန်းတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်၏ ရုပ်အလောင်းကို စစ်တွေသုဿန်၌ မီးသင်္ဂြိုဟ်ခဲ့သည်။
- ကျောက်တော်မြို့နယ်၊ အပေါက်ဝကျေးရွာနှင့် မောင်တောမြို့တို့တွင် သြဂုတ်လ ၁၇ ရက်နေ့က နေအိမ်များဖောက်ထွင်းခံရကာ ရွှေငွေများခိုးယူခံရခြင်း၊ အိမ်ပိုင်ရှင်များ တိုက်ခိုက်ခံရခြင်းတို့ ဖြစ်ပွားခဲ့သည်။
- ပလက်ဝမြို့နယ်၏ တစ်ခုတည်းသော ကုန်စည်စီးဆင်းမှုလမ်းကြောင်းဖြစ်သည့် ပလက်ဝ-ကျောက်တော် ရေကြောင်းလမ်းကို သွားလာခွင့် ၂ ပတ်ကျော်အထိ စစ်ကောင်စီက ပိတ်ထားခဲ့သည်။
- ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် ဩဂုတ်လ ၁၇ ရက်နေ့က ရွာသန်းခဲ့သည့်မိုးရေချိန်မှာ ပြီးခဲ့သည့်နှစ်ပေါင်း ၅၈ နှစ်အတွင်း စံချိန်တင်ထားခဲ့သည့် ၂၇၂ မီလီမီတာ (၁၀ ဒသမ ၇၀ လက်မ)ကို ကျော်လွန်ကာ ၅၀၂ မီလီမီတာ (၁၉ ဒသမ ၇၆ လက်မ)ထိ ရွာသန်းခဲ့သည်။
- မြန်မာနိုင်ငံ၏ နေရာဒေသအချို့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုင်ခြင်းနှင့် ပြည်သူလူထုနေထိုင်ရာ ရပ်ရွာများ၊ နေအိမ်များကို မီးရှို့ဖျက်ဆီးခြင် းမပြုလုပ်ရန် သြဂုတ်လ(၁၇)ရက်နေ့တွင် ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် Ms.Noeleen Heyzer က စစ်ကောင်စီဥက္ကဋ္ဌနှင့်တွေ့ဆုံစဉ် တောင်းဆိုခဲ့သည်။
သြဂုတ် ၁၈
- ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်းအနီးတွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်တွင် ပြေးဆွဲနေသည့် ရေယာဉ်လိုင်းများကို သြဂုတ်လ ၁၈ ရက်နေ့မှစ၍ သြဂုတ်လ ၂၀ ရက်နေ့အထိ ရပ်နားထားရန် ပြည်နယ်ရေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားခဲ့သည်။
- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ကြိမ်ချောင်းကျေးရွာအုပ်ချုပ်ရေးမှူး၊ ကျေးရွာသား ၂ ဦးနှင့် သာယာကုန်း(တောင်ပြို)ကျေးရွာမှ ကျေးရွာတာဝန်ခံတို့ကို မြန်မာစစ်တပ်နှင့် နယ်ခြားစောင့်ရဲတို့က ဖမ်းဆီးထားသည်မှာ တစ်လခန့်ကြာမြင့်လာသော်လည်း တွေ့ဆုံခွင့်မရသေးကြောင်း ဖမ်းဆီးခံရသူတို့၏ မိသားစုဝင်များကပြောသည်။ { https://bit.ly/3pEQsNe}
- စစ်တွေမြို့၊ ဆတ်ရိုးကျရပ်ကွက်အနီးရှိ ရွှေပြည်သာတန်ဖိုးနည်းတိုက်တန်းမှ တိုက်ခန်းအချို့ကို ဩဂုတ်လ ၁၈ ရက်နေ့ ည ၉ နာရီခွဲအချိန်က မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့ပူးပေါင်းပြီး ဧည့်စာရင်း ဝင်ရောက်စစ်ဆေးခဲ့သည်။
- ယခုလအတွင်း စစ်ကောင်စီတပ်နှင့် ရက္ခိုင့်တပ်တော် AA တို့ ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့မှုကြောင့် ယင်းမြို့နယ်များအတွင်းတွင်ရှိသည့် စစ်ကောင်စီတပ်စခန်းများတွင် ရိက္ခာများပြတ်လပ်ကာ စခန်းမှ ဆုတ်ခွာသွားမှုများ ရှိနေသည်။
- ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ပေါက်တောပြင်ကျေးရွာက အသက် ၁၇ နှစ်ရှိသည့် မောင်မင်းအောင်ခိုင်နှင့် မောင်နိုင်မျိုးထွန်းတု့ိ နှစ်ဦးအား ၁၉၄၉ခုနှစ်၊ လက်နက်(အရေးပေါ် ပြစ်ဒဏ်စီရင်မှု)(ယာယီ) အက်ဥပဒေပုဒ်မ ၂ (၁)(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅-က၊ ဝတ္တရားနှောင်ယှက်မှုနှင့် မသင်္ကာမှုပုဒ်မ ၃၃၃/ ၁၁၄ တို့ဖြင့်တရားစွဲဆိုထားပြီး မောင်မင်းအောင်ခိုင်မှာ ပို့ကုန်/သွင်းကုန် ဥပဒေပုဒ်မ ၈ တို့ဖြင့် စစ်ကောင်စီက တရားစွဲဆိုထားသည်။
သြဂုတ် ၁၉
- ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်တွင် ယခုလအတွင်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားပြီးနောက် ကျေးရွာ(၆)ရွာခန့်မှ ဒေသခံ ၁၅၀၀ ကျော်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။
- သြဂုတ်လ ၁၉ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့လူသားချင်းစာနာမှုဆိုင်ရာအထိမ်းအမှတ်နေ့တွင် မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသော ပဋိပက္ခအတွင်း အရပ်သားပြည်သူများကို မရပ်မနား ခြိမ်းခြောက်နေသည့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ကုလသမဂ္ဂက ထုတ်ပြန်တောင်းဆိုခဲ့သည်။
- ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ငပလီမြို့၊ ဂေါ့ရပ်ကွက်အနီးရှိ ဂေါ့တောင်ရိုးပေါ်တွင် သြဂုတ်လ ၁၉ ရက်နေ့ညပိုင်းက မွတ်ဆလင် ၂၅ ဦးကို ဖမ်းဆီးခဲ့ကြောင်း သံတွဲမြို့နယ်ရဲစခန်းမှ တာဝန်ကျ ရဲအရာရှိတစ်ဦးက ပြောခဲ့သည်။
- ရခိုင်ပြည်အတွင်း တနိုင်တပိုင်းငါးဖမ်းသည့်လုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေကြသည့် ငါးဖမ်းသမားများမှာ စက်သုံးဆီဈေး အဆမတန်မြင့်တက်လာမှုကြောင့် လုပ်ငန်းများရပ်နားထားရကာ အကျပ်အတည်းများစွာဖြစ်နေကြရသည်။
- သြဂုတ်လ ၁ ရက်နေ့မှ စတင်၍ စစ်ကောင်စီမှ သွားလာခွင့်ကန့်သတ်ထားသည့် ပလက်ဝ-ကျောက်တော် ရေလမ်းကြောင်း ပြန်လည်သွားလာခွင့်ပြုခဲ့သော်လည်း ဆန်အပါအဝင် ကုန်စည်တချို့ကို တင်ဆောင်ခွင့် ကန့်သတ်ထားဆဲဖြစ်သည်။
သြဂုတ် ၂၀
- ရခိုင်ကမ်းရိုးတန်းတွင်ဖြစ်ပေါ်ခဲ့သော လေဖိအာနည်းရပ်ဝန်းကြောင့် ရပ်နားထားခဲ့ရသည့် ရခိုင်က အမြန်ရေယာဉ်လိုင်းများကို ဩဂုတ်လ ၂၀ ရက်နေ့က ပြန်လည်စတင ်ပြေးဆွဲခဲ့သည်။
- ရက္ခိုင့်တပ်တော်(AA)အတွက် ရန်ပုံငွေကောက်ခံပေးသည်ဟု ဆိုကာ နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲဆိုခံထားရသည့် ကျောက်ဖြူမြို့ပေါ်မှ ဦးသန်းလှိုင်နှင့် ဒေါ်ခင်အုန်းနွဲ့တို့အမှုတွင် တရားလိုအပါအဝင် လိုပြသက်သေ ၅ ဦးကို စစ်ဆေးပြီးဖြစ်ကြောင်း မိသားစုထံမှသိရသည်။
- ပုဏ္ဏားကျွန်း-ရသေ့တောင် ကားလမ်းကို မြန်မာစစ်တပ်က ပြီးခဲ့သည့် ဇွန်လ ၁၆ ရက်နေ့မှ စတင်ပိတ်ထားခဲ့ကာ နှစ်လကျော်ကြာသည့်တိုင် ပြန်လည်ဖွင့်ပေးခြင်း မရှိသေးသဖြင့် အခက်အခဲဖြစ်နေကြရပြီး ပြန်လည်ဖွင့်ပေးရန် ဒေသခံများက တောင်းဆိုနေကြသည်။
- ရခိုင်တွင် လတ်တလော တိုက်ပွဲဖြစ်ပွားမှုကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေရသည့် စစ်ဘေးရှောင်များအတွက် အရေးပေါ်ကူညီထောက်ပံ့ရန် အလှူငွေများကောက်ခံနေသည့် စစ်တွေအခြေစိုက် “မေတ္တာရောင်ခြည်ဖောင်ဒေးရှင်းပရဟိတအဖွဲ့”ကို ရဲတပ်ဖွဲ့ဝင်များက တားမြစ်ခဲ့ပြီး ဆက်လက်ကောက်ခံပါက ဖမ်းဆီးအရေးယူသွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။
- စက်သုံးဆီဈေးနှုန်းများ အဆမတန်မြင့်တက်နေသောကြောင့် ရခိုင်ပြည်နယ် မြို့နယ်အသီးသီးတွင် လူမှုကယ်ဆယ်ကူညီရေးလုပ်ကိုင်နေသည့် အသင်းအဖွဲ့များအနေဖြင့် စက်သုံးဆီဝယ်ယူရန် ငွေကြေးအခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ရေရှည် ရပ်တည်နိုင်ရေး အခက်အခဲများနှင့် ကြုံနေကြရသည်။
သြဂုတ် ၂၁
- စက်သုံးဆီဈေးနှုန်း တစ်လီတာကို သုံးထောင်ကျော်အထိ မြင့်တက်တက်လာသည့်အတွက် ရခိုင်မှ ခရီးတိုပြေးဆွဲနေသည့် ကားသမားများ အခက်အခဲဖြစ်နေကြရသည်။
- ကိုယ်ခံအားစနစ်ကိုတိုက်ခိုက်ကာ လူ့အသက်ကိုသေစေနိုင်သည့် HIV ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်မှု မဖြစ်ပွားစေရန် HIV ဗိုင်းရပ်စ်ပိုးကူးစက်နိုင်ခြေကို ကာကွယ်နိုင်စွမ်းရှိသည့် (PreP)ဆေးကို သုံးစွဲသင့်ကြောင်း ကျန်းမာရေးဆိုင်ရာ တာဝန်ရှိသူများက အကြံပြုပြောဆိုကြသည်။
- ရခိုင်ပြည် ကျောက်တော်မြို့နယ်မှ အလုပ်ရပ်နားခံထားရသည့် စစ်ဘေးရှောင်စခန်းရောက် TA (တိုင်းရင်းသားစာပေသင်) ကျောင်းဆရာ/မ ၉ ဦး၏ အလုပ်ပြန်ခန့်အပ်ပေးရန် တောင်းဆိုထားသည့် အယူခံတင်လွှာမှာ ၂ လကြာသည့်တိုင်း တစုံတရာထူးခြားမှုမရှိသေးကြောင်း ကာယ ကံရှင်များထံမှ သိရသည်။
- ရခိုင်တွင် ပြီးခဲ့သည့် တိုက်ပွဲနှစ်နှစ်တာကာလအတွင်း မီးလောင်ပျက်စီးသွားသည့် နေအိမ်အများစုကို ပြန်လည်ဆောက်လုပ်ပေးခြင်း မရှိသေးကြောင်း မီးလောင်ဆုံးရှုံးသွားသည့် နေအိမ်ပိုင်ရှင်များထံမှ သိရသည်။
သြဂုတ် ၂၂
- မြန်မာစစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့သည့်နောက်ပိုင်းမှစပြီး ရခိုင်တွင် အောင်ဘာလေထီဈေးကွက်မှာ တစ်စထက်တစ်စပျက်ပြားလာနေကြောင်း ထီအရောင်းကိုယ်စားလှယ်များက ပြောခဲ့သည်။
- ရသေ့တောင်မြို့နယ်၊ ပြားချောင်းကြီးအုပ်စုအတွင်းရှိသော ရက္ခိုင့်တပ်တော်(AA)၏ စစ်ဆေးရေးဂိတ်စခန်းနေရာများကို ဖယ်ရှားပေးရန် ကျေးရွာအုပ်ချုပ်ရေးမှူးများအား မြန်မာစစ်တပ်မ ှခေါ်ယူသတိပေးခဲ့သည်။
- ရခိုင်ပြည်နယ်တွင် အဓိကထားတင်သွင်းရောင်းချနေသည့် အိမ်ဆောက်ပစ္စည်းများမှာ ယခင်ရောင်းဈေးများထက် ၃၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ဈေးနှုန်းမြင့်တက်လျှက် ရှိနေသည်။
- ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းနှင့် ချင်းပြည်နယ် ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ (၂၂) ရက်နေ့ နံနက်ပိုင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
- မြန်မာစစ်တပ်က တစ်ရွာနှင့်တစ်ရွာသွားလာခွင့်များ ပိတ်ထားမှု၊ ကုန်စည်စီးဆင်းမှုလမ်းကြောင်းများကို ပိတ်ဆို့ထားမှုကြောင့် ဒေသခံများ စားနပ်ရိက္ခာအချို့ပြတ်လပ်သည့်အခြေအနေနှင့် ရင်ဆိုင်နေကြရသည်။
- မြန်မာနိုင်ငံအတွင်းဖြစ်ပွားနေသည့် အခြေအနေများနှင့်ပတ်သက်၍ အဆုံးအဖြတ်ပေးနိုင်ရေးအတွက် စစ်ကောင်စီက တိုင်းရင်းသားများ၏ စကားသံကို နားထောင်လိုသည့်ဆန္ဒရှိနေသည်ဟု ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဒု-ဥက္ကဌ ဒေါ်စောမြရာဇာလင်းက ပြောခဲ့သည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရှိ အစိုးရအဖွဲ့ရုံးအနီး ဆိုင်ခန်းတစ်ခုတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်နှင့် ဆက်စပ်သူများကို လျှို့ဝှက်ခေါ်ယူကာစစ်ဆေးနေကြောင်း စစ်တွေမြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးကပြောခဲ့သည်။