ကြားဖြတ်သတင်း
- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု ( ၂၀၂၂ ခုနှစ် သြဂုတ်လ ၂၃ ရက်နေ့မှ ၃၁ ရက်နေ့အထိ)
ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ(၁၃)ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲများနောက်ပိုင်းမှစ၍ အထိနာခဲ့သော မြန်မာစစ်တပ်သည် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း(မြောက်ဘက်ပိုင်း)လမ်းတွင် ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ခဲ့သည်။
01 Sep 2022
သြဂုတ် ၂၃
- မြန်မာနိုင်ငံတွင် စစ်တပ်က နိုင်ငံတော်အာဏာကို သိမ်းယူခဲ့ပြီးနောက်ပိုင်း စီးပွားရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းများမှာ အဘက်ဘက်မှ ချွတ်ခြုံကျနေသည့်အတွက် လုယက်ဓားပြတိုက်မှုများ ပေါများလာကာ အမျိုးသမီးများအတွက် လုံခြုံမှုပိုမိုကင်းမဲ့လာကြောင်း Burma Woman Union (မြန်မာ့အမျိုးသမီးများသမဂ္ဂ)၏ အစီရင်ခံစာတွင်ဖော်ပြခဲ့သည်။
- ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာမှုကြောင့် တိုက်ပွဲများ ခပ်စိပ်စိပ်ဖြစ်ပွားလာခြင်းနှင့်အတူ တိုက်ပွဲအရှိန်လည်း တစ်နေ့ထက်တစ်နေ့ ပိုမိုမြင့်မားလာပြီး တိုက်ပွဲနေရာများမှာလည်း ပိုမိုကျယ်ပြန့်လာနေသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ ရက္ခိုင့်တပ်တော်(ULA/AA) က သြဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
- စမ်းသပ်မွေးမြူ၍အောင်မြင်ခဲ့သော ရခိုင်ပြည်မျိုးစိတ်ဖြစ်သည့် ရေချိုပုဇွန်တုပ်သားပေါက်များကို ပြည်မသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။
သြဂုတ် ၂၄
- ရခိုင်ပြည်အတွင်းနှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် သြဂုတ်လ(၁၃)ရက်နေ့ကဖြစ်ပွားခဲ့သော တိုက်ပွဲများနောက်ပိုင်းမှစ၍ အထိနာခဲ့သော မြန်မာစစ်တပ်သည် ရေချမ်းပြင်-အငူမော်-မောင်တောလမ်းနှင့် မောင်တော-ကြိမ်ချောင်း(မြောက်ဘက်ပိုင်း)လမ်းတွင် ပြည်သူများ ခရီးသွားလာမှုနှင့် ကုန်စည်စီးဆင်းမှုကို ပိတ်ထားလိုက်သည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်ခဲ့သည်။
- စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းများအဆမတန်မြင့်တက်နေရာ အခြေခံစားသောက်ကုန်ဖြစ်သည့် စားအုန်းဆီဈေးနှုန်းမှာလည်း အဆမတန်မြင့်တက်လျက်ရှိပြီး လက်ရှိစစ်တွေဈေးကွက်တွင် တစ်ပိဿာကို ၁၂၀၀၀ ကျပ်နှုန်းအထိ မြင့်တက်နေခဲ့သည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုရှိသည့် ပလက်ဝမြို့နယ် အဘောင်သားကျေးရွာမှ ပျောက်ဆုံးနေသည့် လင်ယောကျ်ားကို ဇနီးဖြစ်သူ အသက်(၄၃)နှစ်အရွယ် ဒေါ်နန်လောင်ခမ်းက သြဂုတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက သွားရောက်ရှာဖွေစဉ် မိုင်းပေါက်ကွဲပြီးသေဆုံးသွားခဲ့သည်။
- နိုင်ငံခြားသို့ အလုပ်လုပ်ကိုင်ရန် ပို့ပေးမည်ဟုဆိုကာ ပွဲစားများ ငွေလိမ်လည်မှုများရှိနေသဖြင့် ဖြေရှင်းပေးရန်အတွက် ရခိုင်ပြည်အတွင်းမှ တိုင်ကြားမှု ၂၀ ကျော်ရှိကြောင်း ရခိုင်အမျိုးသားကွန်ယက် ဥက္ကဋ္ဌ ဦးတင်ထူးအောင်ကပြောခဲ့သည်။
သြဂုတ် ၂၅
- စစ်တွေမြို့၊ အစိုးရရုံးအနီးတွင် အသတ်ခံရသည့်အမိုးသမီးငယ်အမှုမှ တရားခံကိုဖော်ထုတ်ပေးရန် သြဂုတ်လ ၂၅ ရက်နေ့တွင် စာရွက်ကပ် ကမ်ပိန်းတစ်ခုကို ပြုလုပ်ခဲ့ကြသည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေမှုကြောင့် ဒေသခံ အိမ်ထောင်စု(၂၀၀)ကျော်၊ လူဦးရေတစ်ထောင်ခန့်မှ မြို့ပေါ်သို့ စစ်ဘေးတိမ်းရှောင်လာကြကြောင်း သိရသည်။
- ပြီးခဲ့သည့်ဇူလိုင်လအတွင်း မြန်မာစစ်တပ်က ဖမ်းဆီးထားသည့် ဒေသခံ ၅၀ ကျော်ထဲမှ တချို့ကိုပြန်လွှတ်ပေးခဲ့သော်လည်း ကျန်ရှိသူများကို နိုင်ငံတော်ဆူပူလှုံ့ဆော်မှုဆိုင်ရာ ဥပဒေပုဒ်မ- ၅၀၅(က)ဖြင့် တရားစွဲခံထားရကာ ယနေ့အချိန်ထိ မိသားစုနှင့် လုံးဝအဆက်အသွယ်မရသေးသူ ၁၀ ဦးထက်မနည်း ရှိနေသည်။
- ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ် ချောင်းသုံးခွကျေးရွာနှင့် ကြိမ်တောချောင်းကျေးရွာအနီးတွင် သြဂုတ်လ ၂၅ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က မြန်မာစစ်တပ်၏ ငပလီအခြေစိုက် ၅၅ တပ်ရင်းနှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားခဲ့သည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် သြဂုတ်လ ၂၅ ရက်နေ့မှစတင်၍ လိုင်စင်မဲ့မော်တော်ယာဉ်များကို ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့သည်။
- ရခိုင်ပြည်မြောက်ပိုင်းတွင် ပြီးခဲ့သည့် ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်းကဖြစ်ပွားခဲ့သည့် မွတ်ဆလင်အရေးဖြစ်စဉ်နှင့်ပတ်သက်၍ ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းတို့၏ ထုတ်ပြန်ကြေညာချက်များအပေါ် ပြင်းထန်စွာရှုတ်ချကြောင်း စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနမှ သြဂုတ် ၂၅ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၂၆
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့၏ တိုက်ပွဲများကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြရသည့် ရသေ့တောင်မြို့နယ်နှင့် မောင်တောမြို့နယ်တို့မှ ဒေသခံများမှာ စစ်ဘေးရှောင်တိမ်းနေကြရပြီး ၎င်းတို့ စိုက်ပျိုးထားခဲ့သည့် စပါးခင်းများမှာ လက်ရှိတွင် ပျက်စီးမှုများရှိလာနေကြောင်း သိရသည်။
- စစ်ဘေးဒုက္ခသည်များကို လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးရန် ဆောင်ရွက်နေကြသည့် ပြည်တွင်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများကို စစ်ကောင်စီအနေဖြင့် ပိတ်ပင်ကန့်သတ်ခြင်းများမပြုလုပ်ဘဲ လွတ်လပ်စွာကူညီခွင့်ပြုပေးရန် ရခိုင်ရှိ စစ်ဘေးဒုက္ခသည်များက တောင်းဆိုကြသည်။
- မြန်မာစစ်တပ်ကဖမ်းဆီးထားသည့် စိတ်ဝေဒနာရှင်တစ်ဦးဖြစ်သည့် ဦးမောင်ပုဆိုသူမှာ ကျန်းမာရေးမကောင်း၍ စစ်တွေအကျဉ်းထောင်အတွင်းတွင် ဆေးကုသမှုခံယူနေရကြောင်း မိသားစုဝင်များထံမှ သိရသည်။
- မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီးတွင် သြဂုတ်လ ၂၆ ရက်နေ့ နေ့လယ် ၂ နာရီအချိန်ခန့်မှ စတင်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့ခြင်းကြောင့် ဒေသခံ ထောင်ချီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
- ရခိုင်ပြည်၏ ရှေးဟောင်းမြို့တော်ဖြစ်သည့် မြောက်ဦးမြို့ကိုတည်ထားသည်မှာ ယခုနှစ် သြဂုတ်လ ၂၆ ရက်နေ့က နှစ်ပေါင်း (၅၉၂)နှစ် ပြည့်ခဲ့သည့်အတွက် မြောက်ဦးမှလူငယ်များစုပေါင်းကာ မီးထွန်းပွဲများကျင်းပခဲ့ကြသည်။
သြဂုတ် ၂၇
- ရခိုင်ပြည်၊ မောင်တောမြို့နယ်မြောက်ပိုင်း၊ မင်းကြီးကျေးရွာအတွင်းကို သြဂုတ်လ ၂၇ ရက်နေ့က လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် အသက်(၆၀)အရွယ် ဒေါ်မေသာစိန်မှာ လက်နက်ထိမှန် ဒဏ်ရာများဖြင့် သေဆုံးခဲ့ရသည်။
- ရခိုင်ပြည်၊ ကျောက်တော်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ဆန်ရိက္ခာပြတ်လပ်နေသောကြောင့် စစ်ဘေးရှောင်များ စားသောက်ရေး အခက်အခဲဖြစ်နေရကြောင်း စခန်းတာဝန်ရှိသူများထံမှ သိရသည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေသည့်ကာလတွင် ခမောင်းဆိပ်ကျေးရွာနှင့် မင်းခမောင်းကျေးရွာတို့မှ ဒေသခံ ၇ ဦးကို မြန်မာစစ်တပ်က ခေါ်ဆောင်သွားခဲ့ရာ သြဂုတ်လ ၂၇ ရက်နေ့အထိ နေအိမ်သို့ပြန်လည်ရောက်ရှိလာခြင်း မရှိသေးကြောင်း မိသားစုဝင်များက ပြောဆိုကြသည်။
- ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်နိုင်ရန်အတွက် အားလုံးပါဝင်သော ဆွေးနွေးမှုတစ်ခု ဖြစ်မြောက်လာအောင် ကြိုးပမ်းဆောင်ရွက်သွားမည်ဟု ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ့(PPST)က ပြောကြားခဲ့သည်။
- ရန်ကုန်သို့ သွားရောက်ရန်ကြိုးပမ်းနေသည့် မောင်တောမြို့နယ်မှ မွတ်ဆလင်(၅၃)ဦးကို သံတွဲမြို့နယ်အတွင်းတွင် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့သည်ဟု မြို့နယ်ရဲစခန်းမှ သိရသည်။
- စစ်တွေမြို့ အာရီယာန်ခန်းမ၌ ဩဂုတ်လ ၂၇ ရက်နေ့၊ ညနေ ၅ နာရီမှ ၈ နာရီအထိ ရခိုင်တိုင်းရင်းသားမျိုးနွယ်စု ဓာတ်ပုံပြပွဲကို ရခိုင်မျိုးဆက်သစ်အသင်း(AOANG)မှ ဦးဆောင်ကျင်းပပြုလုပ်ခဲ့သည်။
သြဂုတ် ၂၈
- ရခိုင်မှ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူများကို ငွေကျပ် ၁၀ ဘီလီယံ ထုတ်ချေးသွားရန် စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီအဖွဲ့မှ စီးပွားရေးဝန်ကြီး ဦးစံရွှေမောင်က ပြောခဲ့သည်။
- မြောက်ဦးမြို့နယ်၊ ကင်းဆိပ်ကျေးရွာတွင် သြဂုတ်လ၂၈ ရက်နေ့၊ ညနေပိုင်း ၄နာရီအချိန်ခန့်က လက်နက်ကြီးကျည် ကျရောက်၍ ဒေသခံ၂ ဦး သေဆုံးပြီး ၃ ဦး ထက်မနည်း ဒဏ်ရာရရှိခဲ့သည်။
- ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်ရှိ လက္ကာကျေးရွာ၊ ဘူးရွက်မညှိုးကျေးရွာနှင့် အောက်သားကန်ကျေးရွာကြားတို့တွင် မြန်မာစစ်တပ်နှင့် AA တို့ သြဂုတ်လ ၂၈ ရက်နေ့ ညနေ ၃ နာရီအချိန်ခန့်မှ စတင်ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အနီးပတ်ဝန်းကျင်ကျေးရွာ ၆ ရွာမှဒေသခံများ ဘေးလွတ်ရာသို့ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
သြဂုတ် ၂၉
- ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျ၍ အရပ်သားများ သေဆုံးခဲ့ရခြင်းမှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ မြန်မာစစ်တပ်ဖက်က အရပ်သားများကိုပစ်မှတ်ထားပြီး ရည်ရွယ်ရှိရှိ ပစ်ခတ်သတ်ဖြတ်နေခြင်းဖြစ်သည်ဟု ရက္ခိုင့်တပ်တော်(AA)က ပြောဆိုခဲ့သည်။
- ရခိုင်ပြည်၊ မြောက်ဦးမြို့နယ်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား စစ်ရေးတင်းမာနေဆဲဖြစ်သည့်အတွက် ကုန်းလမ်းခရီးသွားလာမှုများကို ရပ်တန့်ထားခဲ့ရသည်ဟု ဒေသခံများထံမှ သိရသည်။
- ပြီးခဲ့သည့်ရက်ပိုင်းက တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်လာရသည့် မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ မြိုလူမျိုးနှင့် ဒိုင်းနက်လူမျိုး လူဦးရေ ၄၀၀ ကျော်မှာ လက်ရှိတွင် စားသောက်ရေးအခက်အခဲများကြုံတွေ့နေရသည်ဟု ကာယကံရှင်များက ပြောဆိုခဲ့ကြသည်။
- ထိုင်းနိုင်ငံတွင် တသက်တကျွန်းပြစ်ဒဏ်ဖြင့် အကျဉ်းကျခံနေရသည့် ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်၊ မီးချောင်းရေသောက်ကျေးရွာမှ ကိုဇော်လင်းနှင့် ကပီချောင်းကျေးရွာမှ ကိုဝင်းဇော်ထွန်းတို့၏ မိသားစုဝင်များမှာ ငွေကြေးအခက်အခဲကြောင့် ထောင်ဝင်စာသွားမတွေ့နိုင်သည်မှာ ၃ နှစ်ကျော်ခန့်ရှိပြီဖြစ်ကြောင်း သိရသည်။
- ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားလာနေပြီး ယခုသြဂုတ်လ ၂၇ ရက်နေ့နှင့် ၂၉ ရက်နေ့တို့တွင် လက်နက်ကြီးကျည်ထိမှန်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးကာ ဒဏ်ရာရရှိသူ ၈ ဦးအထိ ရှိခဲ့သည်။
- ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့အနီးက စမွတ်ပကန်မြို့ စွယ်ဝပ်ဘိုရိုလမ်းတွင် သြဂုတ်လ ၂၉ ရက် ည ၁၂ နာရီ ၃၀ မိနစ်အချိန်တွင် ဂတ်စ်ဓာတ်ငွေ့အားဖြည့်စက်ရုံ မီးလောင်ပေါက်ကွဲမှုကြောင့် မြန်မာရွှေ့ပြောင်းလုပ်သား (၅)ဦး အပြင်းအထန်ဒဏ်ရာရရှိခဲ့သည်။
သြဂုတ် ၃၀
- ရခိုင်ပြည်၊ ရသေ့တောင်မြို့နယ် အငူမော်-မောင်တောကားလမ်းကို မြန်မာစစ်တပ်မှ ရက်အကန့်အသတ်မရှိ ပိတ်ထားသောကြောင့် မောင်တောကညင်ချောင်းစီးပွားရေးဇုန်တွင် ကုန်သွယ်မှု ၅၀ ရာခိုင်နှုန်းအထိ ကျဆင်းသွားကြောင်း ကုန်သည်များထံမှသိရသည်။
- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ တရိန်း(မြို)ကျေးရွာမှ ၂၈ နှစ်အရွယ် ဆိန်ကြက်ဆိုသူ အမျိုးသားတစ်ဦးမှာ ဩဂုတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီအချိန်က မိုင်းနင်းမိ၍ ပြင်းထန်ဒဏ်ရရှိခဲ့သွားခဲ့သည်။
- မြန်မာစစ်တပ်က ဝင်ရောက်နေရာယူနေသည့် မောင်တောမြို့နယ်မြောက်ပိုင်း၊ ခမောင်းဆိပ်ကျေးရွာရှိ ဘုန်းကြီးကျောင်းထဲမှ ပရဟိတစာသင်ကျောင်းငယ်၊ လူနေအိမ်အဆောင်နှင့် ထမင်းစားဆောင်များမှာ သြဂုတ်လ ၃၀ ရက်နေ့ နံနက် ၈ နာရီကျော်ခန့်မှစ၍ မီးလောင်ကျွမ်းခဲ့ကြောင်း ဒေသခံများက ပြောခဲ့သည်။
- ရခိုင်ပြည်နယ်အတွင်းက မြို့နယ်များတွင် စားသုံးဆီကို ဈေးနှုန်းသက်သာစွာဖြင့် လှည့်လည်ရောင်းချပေးနိုင်ရန် စီစဉ်လျှက်ရှိကြောင်း ပြည်နယ်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
- ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ကင်းဆိပ်ကျေးရွာအတွင်း လက်နက်ကြီးကျရောက် ပေါက်ကွဲမှုကြောင့် ဘေးလွတ်ရာသို့ထွက်ပြေးနေကြရသည့် ကျေးရွာသူ/ရွာသားများမှာ စားဝတ်နေရေးအတွက် အကူအညီများလိုအပ်လျက် ရှိနေသည်။
- ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အသက် ၁၃ နှစ်အရွယ် မွေးရာပါ ဆွံအ၊နားမကြား လမ်းမလျှောက်တတ်သည့် ကလးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ပြင်းထန်စွာအရေးယူပေးရန် နစ်နာသူ၏ မိသားစုဝင်များကတောင်းဆိုခဲ့ကြသည်။
- ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ခိုလှုံနေကြသည့် မွတ်ဆလင်များ နေရပ်ပြန်နိုင်ရေးအတွက် တိုင်းရင်းသားလူမျိုးစု အဖွဲ့အစည်းများ၊ ဘင်္ဂလားဒေ့ရှ် အစိုးရအပါအဝင် ကုလသမဂ္ဂတို့နှင့်အတူ ကောင်းမွန်သင့်တော်သည့် အခြေအနေများ ဖန်းတီးရန် ကြိုးပမ်းနေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းကပြောခဲ့သည်။
- ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်တွင် သြဂုတ်လ ၃၀ ရက်၊ညနေပိုင်းက မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်စွာဖြစ်ပွားခဲ့သောကြောင့် အနီးပတ်ဝန်းကျင်မှ ဒေသခံ ၁၀၀၀ ကျော်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
- ရခိုင်ပြည်အတွင်းရှိ ပြည်သူများအနေဖြင့် မြန်မာစစ်တပ်၏ စစ်အသုံးစရိတ်ကို အထောက်အပံ့ပြုသော စစ်တပ်ထုတ်ကုန်ပစ္စည်းများကို လုံးဝ(လုံးဝ)မသုံးစွဲကြရန်နှင့် ရောင်းဝယ်ဖောက်ကားမှုများလည်း မပြုလုပ်ကြရန် ရခိုင်ပြည်လုံးဆိုင်ရာလူငယ်အဖွဲ့အစည်းများကွန်ရက်မှ သြဂုတ်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
သြဂုတ် ၃၁
- ရေစီးရေလာစနစ်မကောင်းမွန်သဖြင့် ရခိုင်ပြည်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာနက ပြောကြားခဲ့သည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်းမှ ကျေးရွာတချို့တွင် MPT ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် ဆက်သွယ်ရေးအခက်အခဲဖြစ်နေကြရသည်။
- ရခိုင်ပြည်နယ် ကျောက်တော်မြို့ မြို့နယ်ပညာရေးမှူးရုံးအနီးတွင် ဩဂုတ်လ ၃၁ ရက်နေ့ နေ့လယ် ၁၂ နာရီကျော်ခန့်က လစာငွေလာထုတ်သည့် ပညာရေးဝန်ထမ်းတစ်ဦးထံမှ ငွေကျပ်သိန်း ၃၀ ကျော် အလုခံလိုက်ရသည်။
- မောင်တောမြို့နယ်မြောက်ပိုင်း ဝေလာတောင်ကြောတစ်လျှောက်တွင် ရက္ခိုင့်တပ်တော်(AA)နှင့် တိုက်ပွဲဖြစ်ပွားရာနေရာများသို့ မြန်မာစစ်တပ်က ရဟတ်ယာဉ်များအသုံးပြုကာ ပစ်ခတ်ခဲ့သည့်အတွက် ဒေသခံများမှာ ဘေးလွတ်ရာသို့ တိမ်းရှောင်ခဲ့ကြရသည်။
- ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးအနီးရှိ ဆိုင်ခန်းတွင် ဓားထိုးခံရပြီးသေဆုံးခဲ့သော မိန်းကလေးငယ်အမှုတွင် တရားခံကိုဖော်ထုတ်နိုင်ပြီဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည်၊ ကျောက်တော်မြို့နယ်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များရှိ စစ်ဘေးရှောင်စခန်းအချို့တွင် ကျန်းမာရေးစောင့်ရှောက်မှု တဖြည်းဖြည်းအားနည်းလာသည်ဟု စခန်းတွင်နေထိုင်သူများနှင့် စခန်းတာဝန်ရှိသူတို့ကပြောသည်။
- ရခိုင်ပြည်နယ်၊ မောင်တောမြောက်ပိုင်း မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မိုင်တိုင်အမှတ် (၄၀)အနီးမှ စစ်ကောင်စီတပ်စခန်းတစ်ခုကို သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း ရက္ခိုင့်တပ်တော်(AA)က သြဂုတ်လ ၃၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။