တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် သြဂုတ်လ ၈ နေ့မှ ၁၅ ရက်နေ့အထိ)

တစ်ပတ်အတွင်း ရခိုင်သတင်းများစုစည်းမှု (၂၀၂၂ ခုနှစ် သြဂုတ်လ ၈ နေ့မှ ၁၅ ရက်နေ့အထိ)

16 Aug 2022


သြဂုတ် ၈

- ရခိုင်ပြည်လွတ်မြောက်ရေးပါတီ(ALP)၏ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်း ဖမ်းဆီးခံရမှုနှင့် ပတ်သက်ကာ ဆက်စပ်သည်ဟုသံသယဖြင့် စစ်တွေဒေသခံတစ်ဦးကို ဖမ်းဆီးထိန်းသိမ်းလိုက်ပြီး အခြားဆက်စပ်သူများကိုလည်း ဖမ်းဆီးရန်ရှိသေးကြောင်း ALP ပြန်ကြားရေးတာဝန်ခံ ဒုဗိုလ်မှူးကြီး ခိုင်ကျော်စိုးကပြောခဲ့သည်။
- စစ်ကောင်စီက တိုင်းရင်းသားများအခွင့်အရေး၊ တန်းတူရေး၊ ဖက်ဒရယ်အခွင့်အရေးများနှင့်ပတ်သက်၍ လိုက်လျောမည့် သဘောထားမရှိဘဲ ယာယီအားဖြင့် နိုင်ငံရေးအရစည်းရုံးနိုင်ရန်အတွက် သုံးနှုန်းခြင်းသာဖြစ်သည်ဟု နိုင်ငံရေးလေ့လာသုံးသပ်သူတို့က ရှုမြင်ကြသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ အမှတ်(၁)ရဲစခန်းဘေးပတ်လည်မှ ဖယ်ရှားခံရသည့်ဆိုင်ခန်းများကို မိဇံဈေးတည်ဆောက်ပြီးပါက အစားထိုးဆိုင်ခန်းများ နေရာချပေးသွားမည်ဟု သိရသည်။

သြဂုတ် ၉

- ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသည့် လေဖိအားနည်းရပ်ဝန်းကြောင့် ရခိုင်ပြည်တွင် ဒေသအလိုက်မိုးကြီးနိုင်ပြီး ကမ်းရိုးတန်းတစ်လျှောက်တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီးလှိုင်းကြီးမည်ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ သြဂုတ်လ ၉နေ့ညနေ ၄ နာရီက သတင်းထုတ်ပြန်ခဲ့သည်။
- အမ်းမြို့နယ် ညောင်ချောင်းကျေးရွာမှ ထမ်းချောင်းသို့ မွတ်ဆလင်များကို သယ်ယူပို့ဆောင်ပေးသည်ဟု စွပ်စွဲချက်ဖြင့် ထမ်းချောင်းကျေးရွာမှ အသက် ၅၅ နှစ်အရွယ် ဦးတင်အုန်း(ခ)ဦးဥသြကို မြန်မာစစ်တပ်က ဖမ်းဆီးသွားခဲ့ဖြစ်သည်။
- ကျောက်တော်မြို့နယ်၊ တောင်ပေါက်ကျေးရွာသို့ သြဂုတ်လ ၉ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာစစ်တပ်က ဝင်ရောက်လာသဖြင့် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
- မြန်မာစစ်တပ်က ဖမ်းဆီးထားသော ကျောက်တော်မြို့နယ်မှ ဒေသခံ ၄ ဦးနှင့် အဆက်အသွယ်ပြတ်တောက်နေသဖြင့် မိသားစုဝင်များ စိုးရိမ်ပူပန်နေကြသည်။
- သဘာဝဘေးအန္တရာယ်များကို ကာကွယ်ရန် စိုက်ပျိုးထားသည့် ၁၀ နှစ်ကျော်သက်တမ်းရှိ ဒီရေတောများကို ကြက်မွေးမြူရေးလုပ်ငန်းရှင်တစ်ဦးက ခုတ်လှဲသွားသဖြင့် စစ်တွေမြို့နယ်၊ ကျေးတောကျေးရွာမှ ဒေသခံများမှာ မကျေမနပ်ဖြစ်နေကြသည်။

သြဂုတ် ၁၀

- ရခိုင်ပြည်အတွင်းတွင် မြန်မာစစ်တပ်မှ ကျေးရွာများအတွင်း တပ်နေထိုင်ခြင်း၊ ဝင်ရောက်စစ်ဆေးခြင်းနှင့် ခရီးသွားလာရာတွင် စစ်ဆေးရေးတင်းကျပ်မှုများ ရှိလာသည့်အတွက် လုပ်ကိုင်စားသောက်ရန် အခက်အခဲရှိနေကြောင်း ဒေသခံများက ပြောဆိုကြသည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာနေသည့် မောင်တောမြို့နယ်တွင် စစ်ကောင်စီခန့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ တာဝန်မှနုတ်ထွက်ရန် ပြင်ဆင်ထားကြကြောင်း ပြောဆိုခဲ့ကြသည်။
- မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကုန်သွယ်မှုအား ပိုမိုတိုးတက်လာစေရေးအတွက် ကမ်းရိုးတန်းသွားသင်္ဘောလိုင်း (Coastal Shipping Line)ဖြင့် ပြေးဆွဲပြီး တိုက်ရိုက်ကုန်သွယ်မှုပြုလုပ်နိုင်ရန် နှစ်နိုင်ငံတာဝန်ရှိသူများမှ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း ရခိုင်ပြည်နယ် ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။
- မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ စစ်ရေးတင်းမာမှုရှိသည့် ပလက်ဝမြို့နယ်တွင် ဆန်နှင့် စက်သုံးဆီဈေးနှုန်းများအပါအဝင် အခြေခံလူသုံးကုန်ပစ္စည်းများ အဆမတန်မြင့်တက်နေသဖြင့် ဒေသခံများ စားဝတ်နေရေးအခက်အခဲနှင့် ရင်ဆိုင်နေရသည်။
- ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်ရှိ အခြေခံလူတန်းစားဦးရေ ၅၀၀ အတွက် “စွမ်းပကား" အဆင့်မြင့် ဆန်စက်နှင့် ဆန်မျိုးစုံရောင်းဝယ်ရေးပွဲရုံမှ သြဂုတ်လ ၁၀ ရက်နေ့တွင် လူတစ်ဦးလျှင် ဆန်တစ်တောင်း(၆ ပြည်)နှုန်း လှူဒါန်းခဲ့သည်။

သြဂုတ် ၁၁

- ရခိုင်ပြည်နယ် စစ်ကောင်စီအဖွဲ့အနေဖြင့် ပြည်သူလူထုကို ဆက်ပြီးဒုက္ခပေးနေမည်ဆိုပါက တော်လှန်ရေးလိုအပ်ချက်၊ ပြည်သူ့လုံခြုံရေးလိုအပ်ချက်အရ ရက္ခိတလမ်းစဉ်နှင့်အညီ လိုအပ်သလို ကိုင်တွယ်ဆောင်ရွက်သွားမည်ဟု ရက္ခိုင့်တပ်တော်၏ ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခက သတိပေးပြောကြားခဲ့သည်။
- ဇွန်လနောက်ဆုံးပတ်မှစတင်ကာ လက်ရှိအချိန်ထိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက ရခိုင်ဒေသခံ ၅၀ နီးပါးကို ဖမ်းဆီးထားသည်ဟု ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဩဂုတ်လ ၁၁ ရက်နေ့တွင်ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
- ရခိုင်ပြည်အတွင်းရှိ ပြည်သူများကို မြန်မာစစ်တပ်က ဆက်လက်ဖမ်းဆီးမှုများရှိပါက တကျော့ပြန်တိုက်ပွဲဖြစ်လာနိုင်ကြောင်း သတင်းစာရှင်းလင်းပွဲတွင် AA ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ပြောခဲ့သည်။
- ရခိုင်ပြည်အတွင်း မှီတင်းနေထိုင်ကြသည့် မတူကွဲပြားသောမျိုးနွယ်စုနှင့် လူမျိုးများအကြားမှာ ယုံကြည်မှုနှင့် စည်းလုံးညီညွတ်မှုပိုရှိလာသည်ဟု ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော် (ULA/AA)မှ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောခဲ့သည်။
- ကျောက်တော်မြို့နယ်တွင် မြန်မာစစ်တပ်က ကျေးရွာအတွင်း ဝင်ရောက်လာသောကြောင့် ဘုရားပေါင်း၊ တောင်ပေါက်နှင့် ပုဏ္ဏားရွာမှ ဒေသခံများမှာ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
- လက်ရှိ စစ်ရေးတင်းမာနေသည့်ကာလတွင် မောင်တောမြို့နယ်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း ၇ ခု ဆုတ်ခွာသွားကြောင်း သြဂုတ်လ ၁၁ ရက်နေ့က ပြုလုပ်ခဲ့သည့်သတင်းစာရှင်းလင်းပွဲတွင် ရက္ခိုင့်တပ်တော်(AA)၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခကပြောခဲ့သည်။

သြဂုတ် ၁၂   

- ရခိုင်ပြည်အတွင်း ဖြစ်ပွားနေသည့် မြေယာအငြင်းပွားမှုပေါင်း ၈၀၀ ခန့်အထိ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၊ ရက္ခိုင့်တပ်တော်(ULA/AA)ထံ တိုင်ကြားမှုရှိသည်ဟု ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကပြောခဲ့သည်။
- မြေမြုပ်မိုင်းဒဏ်ကို ဆိုးဆိုးဝါးဝါးခံစားနေရသည့် ရခိုင်ဒေသတွင် ရက္ခိုင့်တပ်တော်(AA)အနေဖြင့် မိုင်းအန္တရာယ် အသိပညာပေးလုပ်ငန်းများကို ဆက်တိုက်ဆောင်ရွက်နေကြောင်း ပြောကြားခဲ့သည်။
- ရခိုင်တွင် ယခုနှစ်အတွင်း ဒီရေတောပြုန်းတီးမှု ပိုများလာနေသည်ဟု ပြည်နယ်အတွင်း ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေး ဆောင်ရွက်နေသူများထံမှ သိရသည်။
- ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာမှ နယ်ခြားစောင့်ရဲစခန်းသို့ ရိက္ခာသွားပို့သူ ကိုလှမောင်၊ ကိုသင်္ခါကျော်နှင့် ကိုသာလှထွန်းမှာနှင့် ငါးရှာသွားသူ ကိုမောင်လှ၊ ကိုမောင်မြနှင့် ဦးရန်အောင်ချေတ့ိုမှာ သြဂုတ်လ ၁၂ ရက်နေ့က ပျောက်ဆုံးနေကြောင်း မိသားစုဝင်များထံမှ သိရသည်။
- ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ်၊ ရီရှင်ကျေးရွာမှ အသက် ၂၄ နှစ်အရွယ မခင်မျိုးသန်းအား နတ်ဝင်သည်ဆိုကာ နတ်ဆရာက ရိုက်နှက်နတ်ချွတ်မှုကြောင့် ဒဏ်ရာများစွာရရှိကာ သေဆုံးသွားခဲ့သည်။

သြဂုတ် ၁၃

- ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ မေယုတောင်တန်းတစ်နေရာတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၈ နာရီကျော်အချိန်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့သောကြောင့် ဒေသခံ ၇၀၀ ခန့်မှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။
- မောင်တောမြို့နယ်၊ ခွေးညောင်ရွာအုပ်စု၊ ဂြင်းချောင်း(မွတ်ဆလင်)ရွာဟောင်းတွင် သြဂုတ်လ ၁၃ ရက် နံနက် ၁ နာရီခန့်က သေနတ်ပစ်ခတ်ခံရ၍ ALP တပ်ဖွဲ့ဝင် ဦးဌေးလင်း(၃၅ နှစ်)နှင့် သရေကုန်းဘောင်ကျေးရွာမှ အသက် ၂၀ ကျော်အရွယ် ကိုခိုင်မြတ်ကျော်တို တို့ သေဆုံးသွားခဲ့သည်။
- အမျိုးသားစာပေဆုရ ရခိုင်အမျိုးသားစာရေးဆရာကြီး မောင်ပေါ်ထွန်းမှာ သြဂုတ်လ ၁၃ ရက်နေ့ နံနက် ၉ နာရီ ၄၅ မိနစ်တွင် ရန်ကုန်မြို့၊ စစ်ဆေးရုံတွင် လူကြီးရောဂါဖြင့်ကွယ်လွန်သွားခဲ့သည်။
- မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း ရွှေဈေးနှုန်းမှာလည်း တဟုန်းထိုးမြင့်တက်လျက်ရှိပြီး သြဂုတ်လ ၁၃ ရက်နေ့တွင် ရွှေဈေးနှုန်းမှာ အခေါက်ရွှေ(၁၆)ပဲ တစ်ကျပ်သားကို ငွေကျပ် ၂၇၅၀၀၀၀ ကျော်အထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း ရွှေဆိုင်ပိုင်ရှင်များထံမှ စုံစမ်းသိရှိရသည်။
- ပုဏ္ဏားကျွန်းမြို့နယ် မော်ရွာကျေးရွာမှ ဦးအောင်ချမ်းစိန်(၆၀ နှစ်)၊ ဦးအောင်ဝင်းသိန်း(၃၅ နှစ်)နှင့် ဗုဒ္ဓေါကျေးရွာမှ ဦးမောင်ကြီးအောင် (၅၇ နှစ်)နှင့် ကိုဝင်းအောင်(၂၁ နှစ်)တို့မှာ မိုင်းပေါက်ကွဲမှုကြောင့် ဒဏ်ရာအသီးသီး ရရှိခဲ့ကြသည်။

သြဂုတ် ၁၄

- စစ်တွေမြို့နယ်တစ်ဖက်ကမ်းရှိ ရသေ့တောင်မြို့နယ် အငူမော်မှ မောင်တောသို့သွားရာ ကားလမ်းတစ်လျှောက်ကို မြန်မာစစ်တပ်က သွားလာခွင့်ပိတ်ထားကြောင်း ဒေသခံများနှင့် ယာဉ်မောင်းများကပြောသည်။
- ရခိုင်ပြည်အတွင်း ယခုနှစ်မိုးခေါင်စဉ်က ပျက်စီးသွားခဲ့သည့် စပါးပင်များကို အစားထိုးစိုက်ပျိုးရန်အတွက် အခက်အခဲများကြုံနေရကြောင်း လယ်သမားများကပြောသည်။
- အငူမော်-မောင်တောကားလမ်း ရသေ့တောင်မြို့နယ် ဒုံးပိုက်ကျေးရွာနှင့် ချိန်ခါလီကျေးရွာကြားရှိ မေယုတောင်တန်းတွင် မြန်မာ စစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် စစ်ဘေးရှောင်များမှာ နေရပ်သို့မပြန်နိုင်ကြသေးတာကြောင့် စားဝတ်နေရေး အခက်အခဲများနှင့် ရင်ဆိုင်နေကြရသည်။
- လတ်တလော မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့် နိုင်ငံရေး၊ စီးပွားရေးအကျပ်အတည်း၏ အကျိုးဆက်ကြောင့် အမျိုးသမီးများမှာ ယခင်ကထက် အကြမ်းဖက်ခံရမှုများ၊ မလုံခြုံမှုများဖြင့် စိုးရိမ်စရာဖြစ်လာနေကြောင်း ရခိုင်အမျိုးသမီးအရေး လှုပ်ရှားနေသူများကပြောသည်။

သြဂုတ် ၁၅

- ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာအလွန် စွမ်းပကား စက်ရုံအနီးတွင် ဩဂုတ်လ ၁၅ ရက်နေ့က ယာဉ်တိုက်မှုဖြစ်ပွားခဲ့ပြီး အသက် ၄၀ အရွယ် ဒေါ်အေးဝင်းသွယ်မှာသေဆုံးသွားကာ ၎င်း၏သားသမီးများဖြစ်သည့် အသက်(၁၂)နှစ်အရွယ် ကျောင်းသားတစ်ဦးနှင့် ကျောင်းသူတစ်ဦးတို့မှာ ဒဏ်ရာများ အသီးသီး ရရှိခဲ့ကြသည်။
- ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ကုလားတန်မြစ်အရှေ့ဘက်ကမ်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ သြဂုတ်လ ၁၅ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့သည်။
- ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တို့တွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ကြား သြဂုတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိ (၃)ရက်ဆက်တိုက် ပြင်းပြင်းထန်ထန်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း AA က ထုတ်ပြန်ခဲ့သည်။
- ရခိုင်ပြည်နယ် စစ်တွေမြို့ အစိုးရအဖွဲ့ရုံးအခြေစိုက်ရာအနီး အရောင်းဆိုင်တစ်ဆိုင်တွင် အသက် ၁၈ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး ဓားဒဏ်ရာ နှစ်ချက်၊ လည်ပင်း ညိုမဲဒဏ်ရာများဖြင့် သတ်ဖြတ်ခံခဲ့ရသည်။
- ရခိုင်ပြည်အတွင်းတွင် ရက္ခိုင့်တပ်တော်(AA)မှလွဲ၍ အခြားတော်လှန်ရေးတပ်များ မလိုအပ်ကြောင်း AA ၏ ပြောဆိုချက်မှာ ရခိုင်တော်လှန်ရေးအဖွဲ့အစည်းများတွင် မရှိသင့်သည့် သဘောတရားဖြစ်ကြောင်းနှင့် လက်ခံနိုင်စရာအကြောင်းမရှိဟု ရခိုင်ပြည်တပ်မတော်(ANC/AA)နှင့် ရခိုင်ပြည်လွတ်မြောက်ရေးတပ်မတော် (ALP/ALA)တို့က ပြောဆိုကြသည်။
- ရုရှားကျူးကျော်စစ်ကြောင့် မြောက်ဦးဒေသကို သတ်မှန်ချိန်အတွင်း ကွင်းဆင်းမစစ်ဆေးနိုင်ဘဲ UNESCO ဝင်ရန် နှောင့်နှေးသွားနိုင်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူတို့ကဆိုသည်။