မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို စွဲဆိုထားသည့် မတရားအသင်းဆက်သွယ်မှုပုဒ်မအတွက် စွဲချက်အမိန့်ချမည့်ရက်ရွှေ့ဆိုင်း

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မိုးပညာဒါနသင်တန်းကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကိုစွဲဆိုထားသည့် အမှုနှစ်ခုထဲမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)အတွက် ယနေ့(ဒီဇင်ဘာလ ၂၈ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ စွဲချက်အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

28 Dec 2021

DMG ၊ ဒီဇင်ဘာ ၂၈

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့မှ မိုးပညာဒါနသင်တန်းကျောင်း ဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကိုစွဲဆိုထားသည့် အမှုနှစ်ခုထဲမှ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)အတွက် ယနေ့(ဒီဇင်ဘာလ ၂၈ ရက်)တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ စွဲချက်အမိန့်မချဘဲ ရုံးချိန်းရွှေ့ဆိုင်းလိုက်ကြောင်း သိရသည်။

ကိုအောင်ဝင်းနိုင်ကိုစွဲဆိုထားသည့် မတရားအသင်းဆက်သွယ်မှုပုဒ်မကို စွဲချက်တင်သင့်၊ မတင်သင့်အမိန့်ချရန်ချိန်းဆိုခဲ့သော်လည်း ယနေ့တွင် ဇန်နဝါရီလ ၁၁ ရက်နေ့သို့ ထပ်မံချိန်းဆိုလိုက်ကြောင်း ရှေ့နေထံမှသိရသည်။

တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်နိုင်က “တရားရုံးမှာ နှစ်ချုပ်စာရင်းတွေလုပ်နေရတယ်လို့ပြောတယ်။ ပြီးရင် တခြားအမှုတွေကိုအမိန့်ချရမှာဖြစ်တဲ့အတွက်ဆိုပြီး ရွှေ့ဆိုင်းလိုက်တာ”ဟု ပြောသည်။

ကိုအောင်ဝင်းနိုင်ကို ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး အေအေနှင့်ဆက်စပ်သည်ဆိုသည့်စွပ်စွဲချက်ဖြင့် မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)နှင့်လည်းကောင်း၊ လိုင်စင်မဲ့ကားမောင်းနှင်မှုဖြင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)နှင့်လည်းကောင်း တရားစွဲဆိုထားသည်။

ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)အမှုတွင် တရားလိုကိုစစ်ဆေးပြီးဖြစ်၍ လာမည့်ရုံးချိန်းတွင် လိုပြသက်သေများကို ဆက်လက်စ်ဆေးသွားရန်ရှိကြောင်း ရှေ့နေထံမှသိရသည်။

ကိုအောင်ဝင်းနိုင်ဖမ်းဆီးခံထားရသဖြင့် မိသားစုမှာ အခက်အခဲများနှင့်ကြုံတွေ့နေရကြောင်း ဇနီးဖြစ်သူ မတွယ်တာစိုးက ပြောသည်။

“ဖြစ်နိုင်ရင် အမြန်ဆုံးအမိန့်ချစေချင်တယ်။ အခုက အချိန်မကြာသင့်ဘဲ ကြာနေတယ်လို့ပြောရမယ်”ဟု မတွယ်တာစိုးကပြောသည်။

ကိုအောင်ဝင်းနိုင်ဦးဆောင်လုပ်ကိုင်ခဲ့သည့် မိုးပညာဒါနသင်တန်းကျောင်းမှာလည်း ကိုအောင်ဝင်းနိုင်ဖမ်းဆီးခံရပြီးနောက် ရပ်တည်ရန်အခက်အခဲများစွာရှိနေကြောင်း သင်တန်းကျောင်းတာဝန်ရှိသူများထံမှ သိရသည်။

မိုးပညာဒါနပရဟိတအသင်းကို ၂၀၂၁ ခုနှစ်၊ ဧပြီလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ယင်းအသင်းမှဦးဆောင်ကာ မိုးပညာဒါနသင်တန်းကျောင်းကိုဖွင့်လှစ်ကာ ကွန်ပျူတာသင်တန်း၊ အင်္ဂလိပ်စာ သင်တန်း၊ ဝပ်ရှော့အပါအဝင် အခြားအသက်မွေးဝမ်းကျောင်း ပညာရပ်များကို ဒေသရှိလူငယ်များအား သင်ကြားပေးနေခြင်းဖြစ်သည်။

ကိုအောင်ဝင်းနိုင်ဖမ်းဆီးခံရစဉ်က ၎င်းနှင့်အတူ နောက်ထပ် ၆ ဦးလည်းဖမ်းဆီးခံရသည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ထို ၆ ဦး၏သတင်းကို တစုံတရာမသိရသေးပေ။

လက်ရှိကိုအောင်ဝင်းနိုင်ကိုစွဲဆိုထားသည့်အမှုများမှာ ပြစ်မှုထင်ရှားလျှင် မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)မှာ ထောင်ဒဏ် ၃ နှစ်နှင့် ပို့ကုန်သွင်းကုန်ဥပဒေပုဒ်မ(၈)မှာ ထောင်ဒဏ် ၃ နှစ်အထိ အမြင့်ဆုံးပြစ်ဒဏ်များချမှတ်နိုင်သော ပုဒ်မများဖြစ်သည်။

ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်နှင့် မတရားအသင်းအဖြစ် ၂၀၂၀ ခုနှစ်၊ မတ်လ ၂၃ ရက်နေ့တွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့နှင့် ပြည်ထဲရေးဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာခဲ့သည်။

၂၀၂၁ ခုနှစ် မတ်လ ၁၁ ရက်နေ့တွင် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ပယ်ဖျက်ကြောင်း စစ်ကောင်စီကကြေညာခဲ့သော်လည်း မတရားအသင်းအဖြစ်ကြေညာထားခြင်းကို လက်ရှိအချိန်ထိ ပယ်ဖျက်ခြင်းမရှိသေးပေ။