ဟင်းရှာသွားစဉ် မိုင်းပေါက်ကွဲ၍ တောင်ကုတ်ဒေသခံနှစ်ဦး ဒဏ်ရာရ၊ တစ်ဦးပျောက်ဆုံးနေ 

တောင်ကုတ်ဒေသခံတစ်ဦးက “မိုင်းနင်းမိလို့ လူမှုကူညီရေးအဖွဲ့တွေ သွားကယ်ကြတာ။ သုံးယောက်သွားတာ နှစ်ယောက်ပဲတွေ့ရတယ်။ ကျန်တစ်ယောက်က ရှာမတွေ့သေးဘူး။ သေလား၊ ရှင်လားလည်း မသိရဘူး” ဟု ပြောသည်။

By Admin 25 Jun 2024

ဓာတ်ပုံ - Nyi Lynn Zaw
ဓာတ်ပုံ - Nyi Lynn Zaw

DMG ၊ ဇွန် ၂၅

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ဒုံကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ ယနေ့ နံနက်ပိုင်းအချိန် တောင်ကုတ်တက္ကသိုလ် အနောက်ဘက်ရှိတောင်တန်းသို့ ဟင်းခူးရန်သွားစဉ် မိုင်းပေါက်ကွဲမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။ 

တောင်ကုတ်ဒေသခံတစ်ဦးက “မိုင်းနင်းမိလို့ လူမှုကူညီရေးအဖွဲ့တွေ သွားကယ်ကြတာ။ သုံးယောက်သွားတာ နှစ်ယောက်ပဲတွေ့ရတယ်။ ကျန်တစ်ယောက်က ရှာမတွေ့သေးဘူး။ သေလား၊ ရှင်လားလည်း မသိရဘူး” ဟု ပြောသည်။  

မိုင်းနင်းမိမှုကြောင့် ဒေါ်အပုချေမှာ ဘယ်ဘက်ခြေချင်းဝတ်ပြတ်သွားပြီး ဦးမောင်နီမှာ ညာဘက်ခြေချင်းဝတ် ပြတ်သွားကာ လက်ရှိတွင် တောင်ကုတ်ဆေးရုံ၌ ဆေးကုသမှုခံယူနေကြသည်။ 

တောင်ကုတ်မြို့မှ လူမှုကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “အတတ်နိုင်ဆုံးတော့ လုပ်ခဲ့တာပါပဲ။ ပျောက်နေတဲ့တစ်ယောက်ကိုရှာဖို့ ရှေ့ဆက်တိုးရင် ကိုယ်ပါမိုင်းနင်မိမှာစိုးလို့ မတတ်သာဘဲ လက်လျှော့ပြန်လာခဲ့ရတယ်” ဟု ၎င်း၏လူမှုကွန်ရက်တွင် ရေးသားထားသည်။ 

စစ်ကောင်စီတပ်ဖွဲ့သည် တောင်ကုတ်တက္ကသိုလ်၌ တပ်စွဲထားပြီး ၂ ဖာလုံအကွာထိ ကာကင်းစခန်းများ ချထားကြောင်း သိရသည်။ 

ဒုံကျေးရွာသည် တောင်ကုတ်တကက္ကသိုလ်နှင့် ၃ ဖာလုံဝေးပြီး ယခုနင်းမိသွားသည့်မိုင်းမှာ စစ်ကောင်စီထောင်ထားသည့် မိုင်းဟု ဒေသခံများက ယူဆကြသည်။

ရခိုင်စစ်ရေးကာလအတွင်း မြေမြှုပ်မိုင်းနှင့် စစ်ကျန်လက်နက်ပေါက်ကွဲမှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု မြင့်တက်လျက်ရှိသည်။ 

မိုင်းကြောင့် ကိုယ်အင်္ဂါဆုံးရှုံးသွားသူများမှာ မိသားစုလူမှုဘဝရပ်တည်ရေးတွင် စိန်ခေါ်မှုများရှိနေကြပြီး အကူအညီ ထောက်ပံ့မှုများရရှိသဖြင့် ပို၍အခက်ကြုံနေကြရသည်။

“အိမ်ထောင်ဦးစီးတစ်ယောက် မိုင်းထိမှန်သွားရင် မိသားစုတစ်ခုလုံးရဲ့ စားဝတ်နေရေးက အတော်လည်းခက်ခဲ သွားပြီ။ ဒီလို နစ်နာသွားတဲ့ မိသားစုတွေအတွက် စိတ်ဓာတ်ပိုင်းဆိုင်ရာဖြစ်ဖြစ်၊ ငွေးကြေးပိုင်ဆိုင်ရာပဲဖြစ်ဖြစ် ဖေးမကူညီမှုတွေလုပ်သင့်တယ်” ဟု လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးက ပြောသည်။ 

လက်ရှိတွင် တောင်ကုတ်မြို့နယ်အတွင်း စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားမှုနှင့်အတူ နှစ်ဖက်စစ်ရေးတင်းမာနေသည်။ စစ်ကောင်စီက တောင်ကုတ်မြို့ပတ်ပတ်လည်တွင် လုံခြုံရေးတိုးမြှင့်ကာ ခံစစ်အခိုင်အမာ ပြင်ဆင်ထားသည်။ 

ဗီဒီယိုများ