စစ်ဘေးရှောင်များ နေထိုင်သည့် ပေါက်အင်းရွာဘုန်းကြီးကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

ပေါက်အင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်ကုတ်၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်‌ကြပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများက ပြောသည်။

By Admin 05 Jul 2024

ဗုံးကြဲခံရမှုကြောင့် ပေါက်အင်းရွာဘုန်းကြီးကျောင်းက ပျက်စီးသွားသည့် သာသနိကအဆောက်အအုံများ။
ဗုံးကြဲခံရမှုကြောင့် ပေါက်အင်းရွာဘုန်းကြီးကျောင်းက ပျက်စီးသွားသည့် သာသနိကအဆောက်အအုံများ။

DMG ၊ ဇူလိုင် ၅

ရခိုင်ပြည် တောင်ကုတ်မြို့နယ်တွင် စစ်ဘေးရှောင် ၃၀၀ ကျော် ခိုလှုံနေထိုင်လျက်ရှိသော ပေါက်အင်းရွာ ဘုန်းတော်ကြီးကျောင်းကို ဇူလိုင် ၄ ရက် (ယမန်နေ့) မွန်းလွဲ ၁ နာရီခန့်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးနှစ်လုံး ကြဲချခဲ့‌သည်။

ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် သံဃာတော်တစ်ပါးနှင့် စစ်ဘေးရှောင် နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သာသနိက အဆောက်အအုံအချို့လည်း ပျက်စီးသွားခဲ့ကြောင်း ဒေသခံများကပြောသည်။

“ဗုံး ၂ လုံးကြဲသွားတာ။ ကျောင်းက သံဃာတစ်ပါးနဲ့ လူနှစ်ယောက် ဒဏ်ရာရသွားတယ်။ ဒါပေမဲ့ ဒဏ်ရာက သိပ်တော့ စိုးရိမ်စရာမရှိဘူးဆိုပြီး သိရတယ်။ ကျောင်းထဲက အဆောက်အအုံတွေကတော့ ဘာမှရစရာမရှိဘူး၊ အကုန်ပျက်စီးသွားတယ်” ဟု တောင်ကုတ်ဒေသခံ အမျိုးသမီးတစ်ဦးက ‌ပြောသည်။

ပေါက်အင်းကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် တောင်ကုတ်၊ အမ်းနှင့် ရမ်းဗြဲမြို့နယ်မှ စစ်ဘေးရှောင်များ ခိုလှုံနေထိုင်‌ကြပြီး တိုက်ပွဲဖြစ်ပွားမှုမရှိဘဲ စစ်ကောင်စီက ဗုံးကြဲချခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။

“အဲဒီရွာက သီးခြားတစ်ရွာတည်းလို ဖြစ်နေတာ။ ဘာတိုက်ပွဲမှလည်း မရှိဘူး။ ဒါ‌‌ကြောင့် စစ်ဘေးရှောင်တွေက အဲဒီရွာက ဘုန်းကြီးကျောင်းမှာ နေထိုင်ကြတာ။ အဲဒါကို စစ်ကောင်စီက သိရဲ့သားနဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်တာလို့ပဲ ကျနော်တို့က ယူဆတယ်” ဟု တောင်ကုတ်မြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

ပေါက်အင်းကျေးရွာမှာ တောင်ကုတ်မြို့နှင် မိုင် ၂၀ ကျော် ကွာဝေးသည်။ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်ကလည်း ယင်းကျေးရွာအနီးကို ဂျက်ဖိုက်တာဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ဇွန်လ ၁၈ ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် ကံဆိပ်ကျေးရွာထဲကို စစ်ကောင်စီက လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံငါးဦး သေဆုံးခဲ့ရသည်။

တောင်ကုတ်မြို့နယ်တွင် စကခ(၅) ဌာနချုပ်နှင့် ခမရ (၃၄၆)၊ ခမရ (၅၄၄) စစ်တပ်ရင်းတို့ရှိပြီး ယင်းတပ်ရင်းများကို ပြီးခဲ့သည့် ဇွန်လပိုင်းမှစ၍ အာရက္ခတပ်တော်(AA)က ပိတ်ဆို့တိုက်ခိုက်လျက်ရှိ‌ကြောင်း သိရသည်။

ဗီဒီယိုများ