TNLA ထိန်းချုပ်နယ်မြေကို တစ်လအတွင်း အကြိမ် ၂၀၀ ကျော် လေကြောင်းတိုက်ခိုက်ခဲ့

သီပေါမြို့တွင် ၈၈ ကြိမ်၊ ကျောက်မဲမြို့တွင် ၅၇ ကြိမ်နှင့် နောင်ချိုမြို့တွင် ၈၀ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးအလုံးရေ ၁,၄၅၇ နှင့် ပေါင် ၅၀၀ ဗုံး ၃ လုံးအထိ ပစ်ခတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

By Admin 04 Sep 2024

ဩဂုတ် ၂၀ ရက်က သီပေါမြို့ကို လေကြောင်းဗုံးကြဲမှုအပြီး မီးလောင်မှုမြင်ကွင်း။ ဓာတ်ပုံ - TNLA
ဩဂုတ် ၂၀ ရက်က သီပေါမြို့ကို လေကြောင်းဗုံးကြဲမှုအပြီး မီးလောင်မှုမြင်ကွင်း။ ဓာတ်ပုံ - TNLA

DMG ၊ စက်တင်ဘာ ၄

ရှမ်းပြည်မြောက်ပိုင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA) ထိန်းချုပ်နယ်မြေတွင် ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု (၂၂၅) ကြိမ်အထိ ပြုလုပ်ခဲ့ကြောင်း သိရသည်။ 

သီပေါမြို့တွင် ၈၈ ကြိမ်၊ ကျောက်မဲမြို့တွင် ၅၇ ကြိမ်နှင့် နောင်ချိုမြို့တွင် ၈၀ ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးအလုံးရေ ၁,၄၅၇ နှင့် ပေါင် ၅၀၀ ဗုံး ၃ လုံးအထိ ပစ်ခတ်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။ 

စစ်ကောင်စီ၏ လက်နက်ကြီး၊ လေကြောင်းပစ်ခတ်မှုကြောင့် ဩဂုတ်လအတွင်း အရပ်သား ၂၇ ဦးသေဆုံးပြီး ၇၀ ဦး ဒဏ်ရာရရှိကာ နေအိမ် ၄၃၃ လုံး ထိခိုက်ပျက်စီးသွားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

နောင်ချိုမြို့နယ်တွင် စစ်ကောင်စီနှင့် TNLA တို့ကြား တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်းအသုံးပြု တိုက်ခိုက်လျက်ရှိသည်။ 

ရှမ်းမြောက်ဒေသမှ အစပျိုးခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းတွင် လေကြောင်းတိုက်ခိုက်မှု နှစ်ဆနီးပါးအထိ မြင့်တက်လာခဲ့ပြီး ကရင်နီဒေသနှင့် ရှမ်းပြည်နယ်တွင် လေကြောင်းတိုက်ခိုက်မှု အများဆုံးဟု ISP-Myanmar ၏ ဩဂုတ်လထုတ် အစီရင်ခံစာက ဖော်ပြသည်။  

ရှမ်းမြောက်ဒေသအတွင်း TNLA က ဇွန်လ ၂၅ ရက်မှစ၍ ၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်း ဆင်နွှဲနေသည်မှာ ရက်ပေါင်း ၇၀ ကျော်လာပြီဖြစ်သည်။ တကျော့ပြန် စစ်ဆင်ရေးနှင့်အတူ တော်လှန်ရေးအင်အားစုများ၏ စစ်ရေးအရှိန်မှာလည်း မြင့်တက်လျက်ရှိနေသည်။

အာဏာသိမ်းစစ်ကောင်စီ၏ အချုပ်အခြာအာဏာကို ခြိမ်းခြောက်နေသော ၁၀၂၇ စစ်ဆင်ရေး၏ ပဲ့ကိုင်ရှင် ညီနောင်မဟာမိတ်သုံးဖွဲ့ MNDAA၊ TNLA၊ AA တို့ကို အကြမ်းဖက်အုပ်စုအဖြစ် စစ်ကောင်စီက စက်တင်ဘာလ ၂ ရက်နေ့တွင် ကြေညာလိုက်သည်။

ညီနောင်သုံးဖွဲ့ကို အကြမ်းဖက်အဖြစ် ကြေညာလိုက်ခြင်းမှာ စစ်ရေးတံခါးဖွင့်လိုက်ခြင်းဖြစ်ပြီး ညီနောင်သုံးဖွဲ့နှင့် တော်လှန်ရေးအင်အားစုများ ပေါင်းစုကာ စစ်ရှိန်ပိုမြှင့်လာနိုင်ကြောင်း စစ်ရေးအကဲခက်တို့က သုံးသပ်နေကြသည်။