ပေါင် ၅၀၀ လေကြောင်းဗုံးကြောင့် နမ့်ခမ်းဒေသခံ ၁၁ ဦးသေဆုံး၊ ၁၁ ဦးဒဏ်ရာရ

ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀  ဗုံးနှစ်လုံး ကြဲချခဲ့မှုကြောင့် နမ့်ခမ်းမြို့ ညဈေးအနီးရှိ လူနေအိမ်များနှင့် ကျားဖြူခမ်းမအနီးတွင် ကျရောက်ပေါက်ကွဲားခဲ့သည်။

By Admin 06 Sep 2024

ဓာတ်ပုံ - TNLA
ဓာတ်ပုံ - TNLA

DMG ၊ စက်တင်ဘာ ၆ 

ရှမ်းပြည်နယ်၊ နမ့်ခမ်းမြို့ကို ယနေ့(စစ်တင်ဘာ ၆) နံနက် ၁ နာရီကျော်အချိန် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကိုယ်ဝန်ဆောင်နှင့် ကလေးငယ်များအပါအဝင် မြို့ခံ ၁၁ ဦးသေဆုံးပြီး ၁၁ ဦး ဒဏ်ရာရရှိသွားကြောင်း TNLA က ထုတ်ပြန်သည်။

ဂျက်တိုက်လေယာဉ်ဖြင့် ပေါင် ၅၀၀  ဗုံးနှစ်လုံး ကြဲချခဲ့မှုကြောင့် နမ့်ခမ်းမြို့ ညဈေးအနီးရှိ လူနေအိမ်များနှင့် ကျားဖြူခမ်းမအနီးတွင် ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၄ ဦးနှင့် အမျိုးသား ၅  ဦး သေဆုံးကာ  ကလေးငယ် ၂ ဦး၊ အမျိုးသမီး ၅  ဦးနှင့် အမျိုးသား ၄  ဦး ဒဏ်ရာရရှိသွားခဲ့သည်။

ဓာတ်ပုံ - TNLA 

နမ့်ခမ်းမြို့သည် တရုတ်နိုင်ငံနှင့် နယ်နိမိတ်ထိစပ်နေပြီး TNLA က သိမ်းပိုက်ထိန်းချုပ်ထားသော မြို့ဖြစ်သည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၃ ရက်ကလည်း မန်တုံမြို့ကို စစ်ကောင်စီ လေကြောင်းဗုံးကြဲမှုကြောင့်  အမျိုးသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရခဲ့ပြီး၊ စက်တင်ဘာ ၄ ရက်ကလည်း သီပေါမြို့ကို လက်နက်ကြီးပစ်ခတ်မှုကြောင့် အမျိုးသားတစ်ဦး သေဆုံးကာ အမျိုးသမီးတစ်ဦး ဒဏ်ရာရခဲ့သည်။

ယခုရက်ပိုင်းအတွင်း စစ်ကောင်စီသည် TNLA ထိန်းချုပ်ထားသည့် ကွတ်ခိုင်၊ နမ့်ဆန်၊ မန်တုံ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချိုနှင့် နမ့်ခမ်းမြို့တို့တွင် အရပ်သားများကိုဦးတည်ကာ ပေါင် ၅၀၀ ဗုံးများဖြင့် နေ့စဥ်တိုက်ခိုက်နေမှုမှာ  စစ်ရာဇဝတ်မှု ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေခြင်းဟု TNLA က ဆိုသည်။

ဓာတ်ပုံ - TNLA 

ပြီးခဲ့သည့် ဩဂုတ်လအတွင်း စစ်ကောင်စီသည် TNLA ထိန်းချုပ်နယ်မြေကို လေကြောင်းပစ်ခတ်မှု ၂၂၅ ကြိမ် ပြုလုပ်ခဲ့ခြင်းအပြင် လက်နက်ကြီးပစ်ခတ်မှုများကြောင့် အရပ်သား ၂၇ ဦး သေဆုံးပြီး ၇၀ ဦး ဒဏ်ရာရခဲ့ကြောင့် TNLA ထုတ်ပြန်သည့် စာရင်းအရ သိရသည်။

စစ်ကောင်စီသည် ၎င်းတို့ လက်လွှတ်လိုက်ရသော ဒေသများရှိ အရပ်သားနေထိုင်ရာကို လေကြောင်းအဓိကသုံးကာ လာရောက်တိုက်ခိုက်နေခြင်းလည်း ဖြစ်သည်။ 

ISP - Myanmar ၏ ဩဂုတ်လ အစီရင်ခံစာအရ ရှမ်းမြောက်ဒေသမှ အစပျိုးခဲ့သော ၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း မြန်မာနိုင်ငံတဝန်းမှာ လေကြောင်း တိုက်ခိုက်ခံရမှု နှစ်ဆနီးပါးမြင့်တက်လာခဲ့သည်။