ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယနှင့် AA တို့၏ အနာဂတ်ဆက်ဆံရေး နိုင်ငံရေးအကဲခတ်များအမြင်

ချင်းပြည်နယ် ပလက်ဝမှသည် ရခိုင်ပြည် မောင်တောအထိ နယ်စပ်ဒေသမှာ AA ထိန်းချုပ်မှုအောက်တွင် ရှိနေသည်။ ကျန်ရှိနေသေးသည့် ရခိုင်က မြို့နယ်များကိုလည်း ထိုးစစ်ဆင်နေသဖြင့် AA အပေါ် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံတာဝန်ရှိသူတို့က မိတ်ဆွေအဖြစ်ဆက်ဆံသင့်ကြောင်း ပြောဆိုမှုများ ရှိလာသည်။

By Admin 07 Sep 2024

ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ မီဇိုရမ်အမတ်နှင့် AA တာဝန်ရှိသူတချို့ နယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-The Lairam Times)
ကုလားတန်စီမံကိန်းနှင့်ပတ်သက်၍ မီဇိုရမ်အမတ်နှင့် AA တာဝန်ရှိသူတချို့ နယ်စပ်တစ်နေရာတွင် ဖေဖော်ဝါရီ ၂၉ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။ (ဓာတ်ပုံ-The Lairam Times)

DMG ၊ စက်တင်ဘာ ၇

အာရက္ခတပ်တော်(AA) သည် ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ မြန်မာ သုံးနိုင်ငံနယ်စပ် ရွှေတြိဂံဒေသအပါဝင် ပလက်ဝနှင့် ရခိုင်ပြည်က မြို့နယ် ၁၁ ခုကို သိမ်းပိုက်ထားသည်။

ချင်းပြည်နယ် ပလက်ဝမှသည် ရခိုင်ပြည် မောင်တောအထိ နယ်စပ်ဒေသမှာ AA ထိန်းချုပ်မှုအောက်သို့ ရောက်ရှိလာချိန်တွင် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယ နိုင်ငံတာဝန်ရှိသူတို့က AA ကို မိတ်ဆွေအဖြစ် ဆက်ဆံသင့်ကြောင်း ပြောဆိုမှုများ ရှိလာသည်။

ဘင်္ဂလားဒေ့ရှ်ရောက် မွတ်ဆလင်ဒုက္ခသည်များ နေရပ်ပြန်ရေးနှင့်ပတ်သက်ပြီး အာရက္ခတပ်တော်(AA)နှင့် ဆက်သွယ်လုပ်ဆောင်သွားမည်ဟု ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးရာအကြံပေးပုဂ္ဂိုလ်က စက်တင်ဘာလ ၃ ရက် နေ့က ပြောကြားခဲ့သည်။ 

အိန္ဒိယနိုင်ငံ မိဇိုရမဝန်ကြီးချုပ်ကလည်း ကုလားတန်စီမံကိန်းနှင့် ပတ်သက်၍ AA နှင့် မိတ်ဆွေဖွဲ့သင့်ကြောင်း စက်တင်ဘာလ ၄ ရက်နေ့က အမေရိကန်တွင် ချင်းလူမျိုးများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
 
ရခိုင်နှင့်ထိစပ်နေသည့် အိမ်နီးချင်းနိုင်ငံများက ထို့သို့ပြောဆိုလာခြင်းမှာ မြေပြင်တွင် အာရက္ခတပ်တော်၏ အောင်မြင်မှုများနှင့် နယ်စပ်ပြဿနာများကို ဖြေရှင်းနိုင်စွမ်းရှိသည့် အဖွဲ့အစည်းအဖြစ် ရှုမြင်လာခြင်းဖြစ်ကြောင်း မြန်မာ့နိုင်ငံရေးအကဲခတ်များက ရှုမြင်သည်။ 

နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးဖေသန်းက “လက်ရှိအခြေအနေမှာ အာရက္ခတပ်တော်က ပလက်ဝ၊ ကျောက်တော်၊ ဘူးသီးတောင်၊ မောင်တော စတဲ့ နယ်စပ်က တပ်စခန်းတွေအားလုံးကို သိမ်းပိုက်ထိန်းချုပ်ပြီး အုပ်ချုပ်ရေးတွေကို ဖော်နိုင်လာနိုင်တာကြောင့် အဲဒီနေရာတွေမှာ စီးပွားရေးအရဖြစ်စေ၊ လူဝင်လူထွက်အရဖြစ်စေ၊ နောက် နယ်စပ်လုံခြုံရေးနဲ့ ပတ်သက်ပြီးတော့ အာရက္ခတပ်တော်နဲ့ မဆက်ဆံလို့ မရဘူးဆိုတာမျိုး ဖြစ်လာကြတာ” ဟု ပြောသည်။

အိန္ဒိယနှင့် ဘင်္ဂလားဒေ့ရှ်အနေဖြင့် AA နှင့် ဆက်ဆံရေးဖော်ဆောင်မည့် အခန်းကဏ္ဍများကို စောင့်ကြည့်ရဦးမည် ဖြစ်ပြီး AA ၏ နိုင်ငံခြားဆက်ဆံရေးအခန်းကဏ္ဍမှာလည်း မြင့်တက်လာနေကြောင်း ဦးဖေသန်းက ဆက်ပြောသည်။

“ရခိုင်ပြည်မှာ မြန်မာစစ်တပ်မရှိတော့တဲ့အခါ အာရက္ခတပ်တော်ရဲ့ အခန်းကဏ္ဍာဟာ ပိုပြီးတော့ မြင့်မားလာတယ်။ နိုင်ငံတစ်နိုင်ငံ တည်ဆောက်တာပဲဖြစ်ဖြစ်၊ သီးခြားလွတ်လပ်တဲ့ ပြည်နယ်ပဲဖြစ်ဖြစ် နယ်စပ်ကုန်သွယ်ရေးနဲ့ တစ်ဖက်နိုင်ငံနဲ့ ဆက်ဆံရေးဟာ တော်တော်အဆင်ပြေလာမယ့်သဘော၊ အရေးပါလာမယ့်သဘောလို့ မြင်တယ်” 

အာရက္ခတပ်တော်အနေဖြင့် နိုင်ငံတကာနှင့် တိုက်ရိုက်ဆက်ဆံနိုင်ရန် စစ်တွေကိုသိမ်းပြီး ကြားဖြတ်အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ဖို့ လိုအပ်နေသေးကြောင်းလည်း နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ထောက်ပြသည်။

“အခု နိုင်ငံတကာအသိုင်းအဝန်းက ရခိုင်မှာရှိတဲ့ အကျိုးစီးပွားနဲ့ ရင်းနှီးမြုပ်နှံမှုတွေကြောင့် အာရက္ခတပ်တော်နဲ့ ဆက်ဆံဖို့ ပြောဆိုလာကြခြင်းဖြစ်တယ်။ အဲဒီလိုဆက်ဆံဖို့ကျတော့ အာရက္ခတပ်တော်အနေနဲ့ ကြားဖြတ် ရခိုင်အစိုးရအဖြစ် တည်ဆောက်ဖို့ အဆင့်တစ်ဆင့်လိုနေသေးတယ်။ အဲလို တည်ဆောက်ဖို့ကျတော့ အနည်းဆုံး စစ်တွေမြို့ကို သိမ်းပိုက်ဖို့ လိုနေသေးတယ်” 

အိမ်နီးချင်းနိုင်ငံများက AA နှင့် ဆက်စပ်ပြီး ထုတ်ပြောလာခြင်းမှာ သတင်းမေးမြန်းသည့် အဆင့်သာရှိသေးပြီး တရားဝင်ဆက်ဆံခွင့်ရရှိရန် AA ဘက်က လုပ်ဆောင်လာလိမ့်မည်ဟု ယုံကြည်ကြောင်း ဦးသန်းစိုးနိုင်က ဆိုသည်။

အခြားတစ်ဖက်တွင်လည်း တရုတ်အနေဖြင့် AA နှင့် စကားပြောမှုများ ရှိနေသော်လည်း အစိုးရတစ်ရပ်အနေဖြင့် ပြောဆိုနေခြင်း မဟုတ်သေးသဖြင့် ရခိုင်ကြားဖြတ်အစိုးရတစ်ရပ် ပေါ်ပေါက်လာမှသာ အစိုးရဆက်ဆံရေးကို ပြုလုပ်လာမည်ဟု ဦးသန်းစိုးနိုင်က သုံးသပ်သည်။

အာရက္ခတပ်တော်သည် ရခိုင်ပြည်တစ်ခုလုံးကို စစ်ကောင်စီကင်းစင်နယ်မြေဖြစ်အောင် တိုက်ခိုက်သွားမည်ဟု ကြေညာထားပြီး မကြာမီကာလတစ်ခုတွင် သိမ်းပိုက်နိုင်သည့် အလားလာရှိနေကြောင်း နိုင်ငံတကာ ပဋိပက္ခစောင့်ကြည့်ရေး အဖွဲ့အစည်းများက ခန့်မှန်းထားကြသည်။

ထို့ကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ရှေးရှု၍ ရက္ခိုင့်တပ်တော်နှင့် ထိတွေ့ဆက်ဆံသင့်ပြီး ရခိုင်ပြည်တစ်ဝန်း လူသားချင်းစာနာထောက်ထားမှု အကူအညီများ ကျယ်ကျယ်ပြန့်ပြန့် ပေးအပ်နိုင်ရန် နည်းလမ်းများကို ရှာဖွေဖော်ထုတ်သင့်ကြောင်း နိုင်ငံတကာ ပဋိပက္ခများကို International Crisis Group (ICG) က ဩဂုတ်လကုန်ပိုင်းက ထောက်ပြထားသည်။

နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် ရခိုင်ပြည်၏ လူသားချင်းစာနာမှု အကူအညီလိုအပ်ချက် စိန်ခေါ်မှုများကို နိုင်ငံတော်အစိုးရမဟုတ်သော အာဏာပိုင်အဖွဲ့အစည်းတစ်ရပ်နှင့် လက်တွဲလုပ်ဆောင်သင့်ကြောင်း အကြံပြုထားသည်။