ယခုလအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အရပ်သား ၇၀ ဦး သေဆုံး

သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေး (၁၃) ဦးနှင့် အသက် ၆၀ နှစ်အထက် (၁၂) ဦး ပါဝင်သည်။ ရခိုင်ဒေသတွင် (၃၂) ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ယင်းအထဲမှ ၃၀ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဟု AAPP က ထုတ်ပြန်သည်။ 

By Admin 22 Jun 2024

ဇွန်လ ၂၀ ရက်က လေကြောင်းဗုံးကြဲမှုအတွင်း ဒဏ်ရာရသွားသော အမ်းမြို့နယ်၊ သဲကမ်းထောင်ကျေးရွာမှ အဖွားအိုတစ်ဦး။ ဓာတ်ပုံ - APM
ဇွန်လ ၂၀ ရက်က လေကြောင်းဗုံးကြဲမှုအတွင်း ဒဏ်ရာရသွားသော အမ်းမြို့နယ်၊ သဲကမ်းထောင်ကျေးရွာမှ အဖွားအိုတစ်ဦး။ ဓာတ်ပုံ - APM

DMG ၊ ဇွန် ၂၂ 

မြန်မာနိုင်ငံတဝန်းတွင် ယခုနှစ်၊ ဇွန် ၁ ရက်မှ ၂၁ ရက်အထိ သုံးပတ်တာအတွင်း စစ်ကောင်စီလက်ချက်ကြောင့် အမျိုးသမီး (၂၅) ဦးနှင့် အမျိုးသား (၄၅) ဦး စုစုပေါင်း ၇၀ ဦးထိ သေဆုံးခဲ့ရသည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) မှ ထုတ်ပြန်သည်။ 

သေဆုံးသူများထဲတွင် အသက် ၁၈ နှစ်အောက် ကလေး (၁၃) ဦးနှင့် အသက် ၆၀ နှစ်အထက် (၁၂) ဦး ပါဝင်သည်။ ရခိုင်ဒေသတွင် (၃၂) ဦးဖြင့် သေဆုံးမှုအများဆုံးဖြစ်ခဲ့ပြီး ယင်းအထဲမှ ၃၀ ဦးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးခဲ့ရခြင်းဟု AAPP က ထုတ်ပြန်သည်။ 

သေဆုံးသူအရေအတွက်မှာ လက်လှမ်းမီသမျှ ကောက်ယူထားခြင်းဖြစ်ပြီး မြေပြင်တွင် ယင်းထက်များနိုင်ကြောင်း AAPP က ဆိုသည်။ 

ရခိုင်မှ လူမှုရေးတက်ကြွလှုပ်ရှားသူ အမျိုးသားတစ်ဦးက “စစ်ကောင်စီလေကြောင်းပစ်ခတ်မှုက နေ့စဉ်ရက်ဆက် ရှိနေတယ်။ ပြီးတော့ အရပ်သားတွေနေထိုင်ရာကိုပဲ ပစ်ခတ်နေတာဆိုတော့ အပြစ်မဲ့ အရပ်သားသေဆုံးမှုလည်း မြင့်တက်နေတယ်။ အခုလိုလုပ်ရပ်တွေလျော့ကျစေဖို့ နိုင်ငံတကာက တားဆီးအရေးယူမှုတွေ လုပ်ဖို့လိုအပ်တယ်။ မဟုတ်ရင်တော့ သေဆုံးမှုဟာ ပိုပြီးမြင့်တက်လာဖို့ပဲရှိတယ်” ဟု ပြောသည်။ 

ဇွန်လအတွင်း ရခိုင်ပြည် အမ်း၊ မောင်တော၊ မြေပုံ၊ ကျောက်တော်၊ ပေါက်တော၊ တောင်ဂုတ်၊ သံတွဲ မြို့နယ်တို့တွင် စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှု များပြားခဲ့ခြင်း ဖြစ်သည်။ 

ဇွန်လ ၂၀ ရက်က အမ်းမြို့နယ်၊ သဲကမ်းထောင်ကျေးရွာကို စစ်ကောင်စီက ဂျက်ဖိုက်တာဖြင့် ဗုံးကြဲမှုကြောင့် ဒေသခံ မောင်နှမသုံးဦး သေဆုံးပြီး၊ နှစ်ဦးဒဏ်ရာရရှိသွားခဲ့သည်။

ဇွန်လ ၁၉ ရက်ကလည်း မြေပုံမြို့နယ်၊ တုတ်ချောင်းကျေးရွာကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဒေသခံ ၂ ဦးသေဆုံးပြီး၊ ၅ ဦး ဒဏ်ရာရသွားခဲ့သည်။ 

တိုက်ပွဲပြင်းထန်နေသည့် မောင်တော၊ အမ်း၊ သံတွဲ၊ တောင်ကုတ်မြို့နယ်တွင်လည်း အရပ်သားများနေထိုင်ရာကို ပစ်မှတ်ထားပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီး ပစ်ခတ်မှုများ လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောကြသည်။

“တိုက်ပွဲမဖြစ်ရင်လည်း စစ်ကောင်စီက အရပ်သားတွေကို ပစ်မှတ်ထားပါတယ်။ လေကြောင်းက နေ့စဉ်ဆိုသလို ပစ်ခတ်နေတာပါ။ ကျမတို့တောင်ပိုင်းဘက်မှာ အခုရက်ပိုင်း ပိုပြီး လေကြောင်းအသုံးပြု တိုက်ခိုက်နေပါတယ်” ဟု သံတွဲဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။

လူသားချင်းစာနာထောက်ထားရေးနှင့် ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)၏ စာရင်းအရ ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ရက်မှ ၂၀၂၄ ခုနှစ်၊ မေ ၁၃ ရက်အထိ ၆ လအတွင်း ရခိုင်နှင့် ပလက်ဝမြို့နယ်တို့တွင် စစ်ကောင်စီလက်ချက်ကြောင့် အရပ်သားသေဆုံးသူ ၂၆၈ ဦးနှင့် ထိခိုက်ဒဏ်ရာရရှိသူ ၆၄၀ ဦးအထိ ရှိခဲ့သည်။