အမ်းမြို့နယ်တွင် စစ်ကောင်စီက လေကြောင်းဖြင့် စစ်အင်အားဖြည့်နေ

အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေချိန် အမ်းလေဆိပ်မှတစ်ဆင့် စစ်အင်အား ဖြည့်နေခြင်းဖြစ်သည်ဟု DMG ၏ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

By Admin 10 Jul 2024

၂၀၁၉ ခုနှစ်က စစ်ကောင်စီ၏ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ ဓာတ်ပုံ - CINCDS 
၂၀၁၉ ခုနှစ်က စစ်ကောင်စီ၏ ပူးပေါင်းစစ်ဆင်ရေး လေ့ကျင့်ခန်းတစ်ခု။ ဓာတ်ပုံ - CINCDS 

DMG ၊ ဇူလိုင် ၁၀ 

အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ ရခိုင်ပြည်၊ အမ်းမြို့တွင် စစ်ကောင်စီသည် ယခုသီတင်းပတ်အတွင်း ထောက်ပို့လေယာဉ်များဖြင့် တပ်သားအင်အားဖြည့်တင်းနေကြောင်း သိရသည်။ 

အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့် AA တို့ တိုက်ပွဲခပ်စိပ်စိပ်ဖြစ်ပွားနေချိန် အမ်းလေဆိပ်မှတစ်ဆင့် စစ်အင်အား ဖြည့်နေခြင်းဖြစ်သည်ဟု DMG ၏ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောသည်။ 

“နေ့ခင်းနဲ့ မနက်အစောကြီးအချိန်တွေမှာ ပိုပြီးတွေ့ရတယ်။ တစ်ကြိမ်ပို့ရင် အင်အားရာနဲ့ချီပါနိုင်တယ်။ ကုန်းလမ်းကပို့မရတော့ လေကြောင်းလမ်းကို အဓိက အသုံးပြုတာဖြစ်နိုင်ပါတယ်” ဟု ပြောသည်။ 

လက်ရှိတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်(နပခ)ကို ဖြတ်တောက်ပိတ်ဆို့ထားပြီး အချို့တပ်စခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း AA က ဇူလိုင် ၇ ရက်တွင် ထုတ်ပြန်သည်။ အမ်းမြို့ကို ဝိုင်းရံထားသည့် စစ်ကောင်စီတပ်စခန်းများကို ဇူလိုင်လ ပထမအပတ်မှစ၍ ပိတ်ဆို့တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

“နပခသာကျသွားရင် စစ်ကောင်စီအတွက် သိက္ခာဆယ်လို့မရတော့တဲ့ အနေအထားဆိုတော့ ရတဲ့နည်းနဲ့ ကာကွယ်မှာပဲ” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်ရှိ စစ်ကောင်စီ၏ အထိုင်ဗျူဟာစခန်းကြီးဖြစ်သည့် “တောဟိန်းတောင်ဗျူဟာ” ကို AA က ဇွန် ၂၃ ရက်တွင် သိမ်းပိုက်ခဲ့သည်။ 

ယခုသီတင်းပတ်အတွင်း အမ်းမြို့နယ်တွင် နှစ်ဖက်တိုက်ပွဲ ငြိမ်သက်နေသော်လည်း စစ်ကောင်စီက အရပ်သားနေထိုင်ရာကျေးရွာများကို လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်မှုများ နေ့စဉ်လုပ်ဆောင်နေကြောင်း ဒေသခံများက ပြောသည်။ 

“ဒီရက်ပိုင်း တိုက်ပွဲဖြစ်သံတွေမကြားရဘူး။ ဒါပေမယ့် စစ်ကောင်စီက လက်နက်ကြီးတွေနဲ့ နေ့တိုင်းပစ်နေတယ်။ ကျမဒေသခံတွေမှာတော့ စိုးရိမ်နေရတာပေါ့” ဟု အမ်းဒေသခံ အမျိုးသမီးတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်တွင် ခရီးသွားလာခွင့်ကို စစ်ကောင်စီက ပိတ်ပင်ထား၍ မြို့တွင်းနေဒေသခံများမှာ စားသောက်ရေး၊ ကျန်းမာရေး စသည့် လူမှုဘဝတွင် အခက်အခဲ ရှိနေကြသည်။ 

အမ်းမြို့နယ်တွင် နပခ၊ ခမရ - ၃၇၁၊ ခမရ - ၃၇၂၊ ခမရ - ၃၇၃ နှင့် ဆောက်လုပ်ရေးအင်ဂျင်နီယာတပ်(GE)၊ စစ် မြေပြင်အင်ဂျင်နီယာတပ် (BE)၊ ဆေးတပ်နှင့် စစ်လက်နက်ပစ္စည်းတပ်ဖွဲ့များ ရှိသည်။

၂၀၂၃၊ နိုဝင်ဘာ ၁၃ ရက်မှစသည့် တကျော့ပြန် ရခိုင်တိုက်ပွဲကာလ ၈ လတာအတွင်း ပေါက်တော၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်နှင့် ပလက်ဝမြို့နယ် တို့ကို AA က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ဗီဒီယိုများ