မသန်စွမ်းကလေးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ပြင်းထန်စွာအရေးယူပေးရန် နစ်နာသူမိသားစုတောင်းဆို

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အသက် ၁၃ နှစ်အရွယ် မွေးရာပါ ဆွံအ၊နားမကြား လမ်းမလျှောက်တတ်သည့် ကလးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ပြင်းထန်စွာအရေးယူပေးရန် နစ်နာသူ၏ မိသားစုဝင်များကတောင်းဆိုသည်။

30 Aug 2022

DMG ၊ သြဂုတ် ၃၀

ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင်ဖြစ်ပွားခဲ့သည့် အသက် ၁၃ နှစ်အရွယ် မွေးရာပါ ဆွံအ၊နားမကြား လမ်းမလျှောက်တတ်သည့် ကလးငယ်အား အဓမ္မပြုကျင့်ခဲ့သူကို ပြင်းထန်စွာအရေးယူပေးရန် နစ်နာသူ၏ မိသားစုဝင်များကတောင်းဆိုသည်။

အဆိုပါဖြစ်စဉ်မှာ သြဂုတ်လ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းပြားမြို့နယ်၊ ကျွဲကြိုကျေးရွာ၌ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ အဆိုပါ မွေးရာပါ ဆွံ့အ၊ နားမကြား၊ လမ်းမလျှောက်တတ်သည့်မိန်းကလေးငယ်မှာ မိမိနေအိမ်၌ရှိနေစဉ် အိမ်နီးချင်းလူငယ်တစ်ဦးက အဓမ္မပြုကျင့်ခဲ့ခြင်းဖြစ်ကြောင်း နစ်နာသူ၏ အစ်မဖြစ်သူက DMG သို့ပြောသည်။

“အဲဒီနေ့က ကျမအမေက လယ်ကွင်းကိုသွားတယ်။ အိမ်မှာက ကျမနဲ့ ကျမညီမနဲ့နှစ်ယောက်ကျန်ခဲ့တယ်။ ကျမက ဘုန်းတော်ကြီးကျောင်းကို ဆွမ်းသွားပို့တဲ့အချိန် အိမ်မှာသူတစ်ယောက်ပဲကျန်ခဲ့တယ်။ ကျမ ဆွမ်းပို့ပြီးတော့ ပြန်လာတဲ့အချိန်မှာ ညီမရဲ့ မအင်္ဂါမှာ သွေးတွေပေကျန်ခဲ့တယ်။ ဒါကို ရွာက သူနာပြုဆရာမ စစ်ဆေးတော့ သူရဲ့အင်္ဂါက သုတ်ရည်ထွက်လာတာတွေရှိတယ်”ဟု ၎င်းကဆိုသည်။

ထိုသို့ အဓမ္မပြုကျင့်ခံရမှုနှင့်ပတ်သက်ပြီး အနီးအနားရှိနေအိမ်များမှ သံသယရှိသူများကိုစစ်ဆေးရာ ကျူးလွန်ခဲ့သူမှာ ခြံချင်းကပ်နေအိမ်မှ အသက် ၁၅ နှစ်အရွယ်ရှိသူဖြစ်ကြောင်းဆိုသည်။

လက်ရှိတွင် ယင်းအမှုကို နီးစပ်ရာ ULA/AA တရားရေးဌာနတွင်စစ်ဆေးနေပြီး ထိုက်ထိုက်တန်တန်အရေးယူ ဆောင်ရွက်ပေးစေလိုကြောင်း နစ်နာသူ၏ အစ်မဖြစ်သူကဆက်ပြောသည်။

“အဲဒီနေ့က အိမ်မှာ သူခြေရာတွေကျန်ခဲ့တယ်။ ဆိုတော့ တရားရေးဌာနက လူတွေရောက်လာပြီးတော့ သံသယရှိသူတွေကို စစ်ဆေးတဲ့အခါ သူခြေရာနဲ့ထပ်တူကျတာ။ ကျမတို့အနေနဲ့ပြောချင်တာကတော့ သူကို ဒီအတိုင်းမထားစေချင်ဘူး။ ထိုက်ထိုက်တန်တန် အရေးယူပေးစေချင်တယ်။ မသန်စွမ်းတစ်ယောက်ကို အခုလိုလုပ်တဲ့သူနဲ့ ထိုက်တန်တာကတော့ သေဒဏ်ပဲရှိတယ်”ဟု ၎င်းကဆိုသည်။

DMG အနေဖြင့် ထိုအမှုနှင့်ပတ်သက်ပြီး ULA/AA ပြောခွင်ရသူ ဦးခိုင်သုခကို ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းနေဆဲဖြစ်သည်။

ထိုသို့ကျူးလွန်ခဲ့သည့်လူငယ်မှာ ယခင်ကလည်း တရွာတည်းနေ အသက် ၆ နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦးကို အဓမ္မပြုကျင့်ရန်ကြံစည်မှုများရှိခဲ့ကြောင်း ကျွဲကြိုကျေးရွာအုပ်ချုပ်ရေးမှူး ဦးရွှေသိန်းကပြောသည်။

“သူက အရင်ကလည်းတစ်ခါ ကလေးငယ်တစ်ယောက်ကို အဲဒီလို့ အဓမ္မပြုကျင့်ဖို့အတွက် ကြံစည်ခဲ့တာရှိတယ်။ ဒါပေမယ့် အဲဒီအခေါက်က မပြုကျင့်လိုက်ရတဲ့အတွက် အမှုတွေဘာတွေ ဖွင့်တာမရှိခဲ့ဘူး”ဟု ၎င်းကဆိုသည်။

ထိုသို့ မသန်စွမ်းသည့်ကလေးငယ်ကို အဓမ္မပြုကျင့်မှုဖြစ်လာရခြင်းမှာ တရားဥပေဒေစိုးမိုးမှုအားနည်းခြင်းကြောင့်ဟု ရခိုင်ပြည်နယ်၊ အမျိုးသမီးမျိုးဆက်သစ်အဖွဲ့(Women Generation) စစ်တွေမြို့မှ တာဝန်ခံ မခင်မြင့်ဇော်ကပြောသည်။

“အခုလက်ရှိ ရခိုင်ပြည်နယ်မှာ ကျမတို့မြင်ရသလောက်တော့ တရားဥပဒေစိုးမိုးမှု အားနည်းလာတယ်။ နောက်ပြီးတော့ လုံခြုံမှုလည်း အားနည်းလာတဲ့အတွက် အဓမ္မပြုကျင့်ခံရမှုတွေ များလာတယ်။ အဲဒီထဲက ပိုပြီးထိခိုက်လွယ်တဲ့ မသန့်စွမ်းအမျိုးသမီးငယ်တွေ၊ စစ်ဘေးရှောင်စခန်းက ကလေးငယ်တွေကို ပိုပြီးတော့ အကြမ်းဖက်လာတာတွေ တွေ့ရတယ်”ဟု ၎င်းကဆိုသည်။

ရခိုင်ပြည်တွင် ၂၀၂၂ ဇန်နဝါရီလမှစတင်ကာ ယခုဩဂုတ်လအထိ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရသည့် တိုင်းတန်းမှုပေါင်း ၂၃၅ မှုရှိခဲ့ပြီး ယင်းအထဲတွင် တရားရင်ဆိုင်ဖြေရှင်းခဲ့သည့်အမှု ၂၇ မှုရှိကြောင်း ဥပဒေရေးရာကုစားရေးရုံး(ရခိုင်ပြည်နယ်)မှ သိရသည်။