ဆေးဝါးဈေးနှုန်း မြင့်မားလာခြင်းကြောင့် အခမဲ့ဆေးခန်းများ ရပ်တည်ရန်ခက်ခဲနေ

မြန်မာနိုင်ငံတွင် ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် အခမဲ့ဆေးကုသမှုပေးနေကြသည့် ပရဟိတဆေးခန်းများ ရေရှည်ရပ်တည်ရန် ခက်ခဲလာနေကြောင်းသိရသည်။

04 Sep 2022

DMG ၊ စက်တင်ဘာ ၅

မြန်မာနိုင်ငံတွင် ဆေးဝါးဈေးနှုန်းများ ဆက်တိုက်မြင့်တက်လာခြင်းကြောင့် အခမဲ့ဆေးကုသမှုပေးနေကြသည့် ပရဟိတဆေးခန်းများ ရေရှည်ရပ်တည်ရန် ခက်ခဲလာနေကြောင်းသိရသည်။

လက်ရှိတွင် ယခင်လက်ကျန်ဆေးဝါးများဖြင့် အခမဲ့ဆေးခန်းကို အဆင်ပြေသလိုလည်ပတ်နေသော်လည်း ထိုဆေးဝါးများကုန်သည့်အခါ ဆေးဝါးအသစ်များဝယ်ယူရန် အကူအညီများလိုအပ်နေသည်ဟု စစ်တွေမြို့ Free Clinic Rakhine အခမဲ့ဆေးခန်းမှ တာဝန်ခံဆရာဝန် ဒေါက်တာ ကျော်ဇော်သန့်ကပြောသည်။

“ဆေးတွေက အရင်ဈေးထက်ကို တစ်ဆကျော် နှစ်ဆလောက်တက်သွားတယ်။ ဆီးချို၊ သွေးတိုးကအစ အခြေခံဆေးဝါး အကုန်လုံးပဲ။ အဲတော့ ကျနော်တို့ငွေရေးကြေးရေးရော အရင်ကထက်ပိုပြီးတော့ လိုလာတယ်ပေါ့။ ဆေးကလည်း အခုလက်ရှိသုံးစွဲနေတာတွေကကုန်လို့ အသစ်ထပ်ဝယ်ရင် ဈေးကအများကြီးပေးဝယ်ရမှာ”ဟု ၎င်းကပြောသည်။

မြန်မာနိုင်ငံတွင်  ပြီးခဲ့သည့် ဇူလိုင်လမှ ဩဂုတ်လအထိ ဆေးဝါးဈေးနှုန်းများမှာ ၁၀ရာခိုင်နှုန်းမှ  ၂၅ရာခိုင်နှုန်း အထိမြင့်တက်ခဲ့သည်။ လက်ရှိစက်တင်ဘာလအတွင်းတွင် ဆေးဝါးဈေးနှုန်းများမှာ အရင်ရောင်းဈေးထက် ၃၅ရာခိုင်နှုန်းမှ  ၅၀ရာခိုင်နှုန်းအထိ ဆက်တိုက်ဆိုသလို ဈေးနှုန်းဆက်လက်မြင့်တက်လာနေကြောင်း ဆေးအရောင်းဆိုင်များထံမှ သိရသည်။

ယခုကဲ့သို့  ဆေးဝါးဈေးနှုန်းများမှာ ယခင်ဈေးနှုန်းထက် နှစ်ဆနီးပါး အဆမတန်မြင့်တက်လာမှုကြောင့် အခမဲ့ဆေးကုသမှုပေးနေသည့်  ပရတဆေးကုခန်းများတွင် လူနာအကန့်အသတ်ထား၍သာ ဆေးကုသ ပေးနိုင်တော့ကြောင်း ရန်ကုန်မြို့ လင်းပရတဆေးခန်းမှ ပင်တိုင်ဆရာဝန် ဒေါက်တာခိုင်လင်းဌေးက DMG ကိုရှင်းပြသည်။

“ဆေးက ၅၀၀လောက်ဈေးရှိတယ်ဆို အခုက ၁၂၀၀ ၊ ၁၃၀၀ လောက် နှစ်ဆကျော်လောက် ဈေးတက်သွားတယ်။ ဆေးဝါး ဈေးတက်ပေမယ့် လစဉ်ကောက်ခံရရှိတဲ့အလှူငွေတွေက တက်တာမဟုတ်ဘူးလေ။ ဆေးဝါးဈေးတက်နေပြီး အလှူငွေက မတက်လာတဲ့အခါ ကျနော်တို့မှာလည်း အများကြီးအခက်အအခဲရှိတယ်။ ပြီးတော့ အရင်က လူနာဦးရေကို အကန့်အသတ်မရှိဘဲ ကုပေးနိုင်တယ်။ အခုကျတော့ အကန့်အသတ်ထားပြီးပဲ ကုသပေးနိုင်တယ်။ အဲလို အခက်အခဲတွေရှိပါတယ်” ဒေါက်တာခိုင်လင်းဌေးကပြောသည်။

မြန်မာနိုင်ငံတွင် အဓိကထား သုံးစွဲနေသည့်  ဆေးဝါးများ၏ ၇၅ ရာခိုင်နှုန်းကို အိန္ဒိယနိုင်ငံမှ မှာယူရခြင်းဖြစ်ပြီး တရုတ်၊ မလေးရှား၊ ပါကစ္စတန်နှင့် တူရကီနိုငံများမှလည်း မှာယူရောင်းချနေကြရခြင်းဖြစ်ကြောင်းသိရသည်။ လက်ရှိတွင် ပြင်ပဒေါ်လာဈေးကွက် မတည်ငြိမ်မှုများနှင့် တစ်ချို့သောဆေးဝါးဖြန့်ချိပေးနေသည့် ဆေးကုမ္ပဏီကြီးများမှာ ဆေးဝါးအရောင်း ရပ်ဆိုင်းထားမှုများကြောင့် ယခင်ကထက် ဆေးဝါးဈေးနှုန်းများ အဆမတန်မြင့်တက်လာခြင်းဖြစ်ကြောင်း ဆေးအရောင်းဆိုင်များထံမှ ကြားသိရသည်။

ထိုသို့ ဆေးဝါးဈေးနှုန်းအဆမတန်ဈေးတက်မှုကြောင့် အခြေခံလူတန်းစားများမှာ နာမကျန်းဖြစ်ခဲ့လျင် ဆေးရုံ၊ ဆေးခန်းသို့ သွားရောက်ကုသချင်သော်လည်း ဆေးဝါးဈေးနှုန်းမြင့်တက်လာမှုများနှင့် ဆေးကုသစရိတ်ပိုမိုကျသင့်လာမှုများကြောင့် ဆေးကုသနိုင်ရန် အခက်အခဲများရှိလာနေကြောင်း စစ်တွေဒေသခံ ဦးမောင်အေးလှိုင် ပြောသည်။

“အခုဆို ပါရာစီတမောက အစဈေးတက်နေတော့ အခက်အခဲတွေကတော့ အများကြီးပါ။ ကလေးတွေ နေမ ကောင်းဖြစ်တာတွေရှိလည်း ဆေးရုံ၊ ဆေးခန်းတွေမသွားနိုင်ဘူး။ ဆေးဝယ်ဖို့တောင်ခက်လာတယ်။ အရင်ကဆို ပိုက်ဆံလေးတစ်ထောင်နဲ့ လိုအပ်တဲ့ဆေးတွေဝယ်လို့ရတယ်။ အခုက တစ်ထောင်နဲ့ ဆေးတစ်မျိုးလောက်ပဲရတော့တယ်။ ဆေးနှစ်မျိုး၊ သုံးမျိုးလိုချင်ရင် ငါးထောင်၊ ခြောက်ထောင်လောက်ကိုင်သွားရတယ်” ၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းမှုနောက်ပိုင်း ဒေါ်လာဈေး၊ အိမ်သုံးဆေး၊ ဆီဈေးအပါအဝင် အိမ်ဆောက်ပစ္စည်းနှင့် လူသုံးကုန်ပစ္စည်းတို့ဈေးနှုန်းမှာ တရိပ်ရိပ်မြင့်တက်နေသောကြောင့် အခြေခံလူတန်းစားများမှာ အခက်အခဲများ ကြုံနေကြရသည်။