- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တရားရုံး၌ ကြားနာစစ်ဆေးဆဲပြစ်မှုများကို ဆက်လက်စစ်ဆေးပေးရန် နစ်နာသူမှ စက်တင်ဘာလကုန်ထိ လာရောက်လျှောက်ထားခြင်းမရှိပါက အမှုများကိုပိတ်သိမ်းရန်ညွှန်ကြား
တရားရုံး၌ ချုပ်ရက်ရှည်ကြာနေသော ကြားနာစစ်ဆေးဆဲပြစ်မှုများအား ဆက်လက်စစ်ဆေးပေးရန် နစ်နာသူဖြစ်စေ ၊နစ်နာသူနှင့်ဆက်စပ်သူဖြစ်စေ ၎င်းတို့သည် စက်တင်ဘာလ(၃၀)ရက်နေ့အထိ လာရောက်လျှောက်ထားခြင်းမရှိပါက အမှုများကိုပိတ်သိမ်းရန်အတွက် စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တရားရုံးများကို ညွှန်ကြားထားကြောင်း သိရသည်။
12 Aug 2021
DMG ၊ သြဂုတ် ၁၂
တရားရုံး၌ ချုပ်ရက်ရှည်ကြာနေသော ကြားနာစစ်ဆေးဆဲပြစ်မှုများအား ဆက်လက်စစ်ဆေးပေးရန် နစ်နာသူဖြစ်စေ ၊နစ်နာသူနှင့်ဆက်စပ်သူဖြစ်စေ ၎င်းတို့သည် စက်တင်ဘာလ(၃၀)ရက်နေ့အထိ လာရောက်လျှောက်ထားခြင်းမရှိပါက အမှုများကိုပိတ်သိမ်းရန်အတွက် စစ်ကောင်စီက သြဂုတ်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ချက်ထုတ်ကာ တရားရုံးများကို ညွှန်ကြားထားကြောင်း သိရသည်။
ကိုဗစ်ကပ်ရောဂါကူးစက်မှုကို ဆက်လက်ဟန့်တားထိန်းချုပ်၊ ကာကွယ်နိုင်ရန်အတွက် ပိတ်သိမ်းရန်ကျန်ရှိသည့် ချုပ်ရက်ရှည်ကြာနေသောစွပ်စွဲခံရသူ(တရားခံဟုဖော်ပြ)များကို သတ်မှတ်ချက်များနှင့်အညီ သက်ညှာစွာဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၉ အရ အမှုပိတ်သိမ်းပေးသွားမည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
ထုတ်ပြန်ချက်တွင် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့နှင့် ယင်းနေ့မတိုင်မီ ပြစ်မှုတစ်ခုခုနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာတရားရုံးများတွင် ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအားလုံးကို ပိတ်သိမ်း၍ စွပ်စွဲခံရသူ(တရားခံဟုဖော်ပြ)များအား အမှုမှ လွတ်ရမည်ဖြစ်ကြောင်း ပါရှိသည်။
သို့သော် ပိတ်သိမ်းသွားမည့်အမှုများ၌ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပေဒပါပြစ်မှုများ၊ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးဥပဒေပါပြစ်မှုများ၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေတတ်သော ဆေးဝါးများဆိုင်ရာ ဥပဒေပါအမှုများ (အမိန့်အမှတ် ၁၄၇/၂၀၂၁ ပါ အပိုဒ် ၂(စ) ၂(ဆ)ပါ ပြစ်မှုများမပါ)၊ မတရားအသင်းအက် ဥပဒေပါပြစ်မှုများ၊ နိုင်ငံတော်သစ္စာဖောက်ဖျက်ပုန်ကန်မှု(ရာဇသတ်ကြီး ပုဒ်မ ၁၂၂)၊ အကြည်ညိုပျက် အောင်ပြုမှု(ရာဇသတ်ကြီးပုဒ်မ ၁၂၄(က)အရ စွဲဆိုထားသောအမှုများ၊ ထွက်ပြေးတိမ်းရှောင်နေသည့် တရားခံပြေးမှုများ၊ တရားရုံးတွင် ဦးတိုက်လျှောက်ထားစွဲဆိုထားသောအမှုများအား သက်ဆိုင်ရာ အဖွဲ့အစည်းများမှ လုံလောက်သည့် အကြောင်းပြချက်များဖြင့်တင်ပြလာပါကလည်း ပိတ်သိမ်းခြင်း မပြုသင့်ကြောင်း ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့ မတိုင်မီ သက်ဆိုင်ရာ တရားရုံးတွင် လျှောက်ထားသည့် အမှုများ ပိတ်သိမ်းမည်ထဲတွင် မပါဝင်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
လူသတ်မှု၊ မုဒိမ်းမှု၊ လူပုဂ္ဂိုလ်တစ်ဦးဦးအားထိခိုက်နစ်နာစေသည့်ပြစ်မှုစသည့်ပြစ်မှု ၊လူပုဂ္ဂိုလ်တစ်ဦး (သို့မဟုတ်) လူပုဂ္ဂိုလ်များ၏ ငွေကြေး သို့မဟုတ် ပစ္စည်းဆုံးရှုံးနစ်နာစေသည့်စသောပြစ်မှုများကိုပိတ် သိမ်းသွားမည်ဖြစ်သည်။
အထက်ပါ ပိတ်သိမ်းမည့်အမှုများနှင့်ပတ်သက်၍ နစ်နာသူဖြစ်စေ ၊နစ်နာသူနှင့်ဆက်စပ်သူဖြစ်စေ တစ်ဦးဦးမှ အမှုကို မပိတ်သိမ်းလိုကြောင်း လျှောက်ထားလာပါက သတ်ဆိုင်ရာတရားရုံးမှ ယင်းမှုအား ဆက်လက်စစ်ဆေး ပေးရမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
ယင်းအပြင် အမှုများနှင့်ပတ်သက်၍ နစ်နာသူက အမှုအားပိတ်သိမ်းလိုကြောင်း/မပိတ်သိမ်းကြောင်းကို ၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နေ့အထိ သက်ဆိုင်ရာတရားရုံးများတွင် လာရောက်လျှောက်ထားခြင်းမရှိပါက အဆိုပါအမှုအားလုံးကို ပိတ်သိမ်းပြီး စွပ်စွဲခံရသူ(တရားခံဟုဖော်ပြ)များအား လွှတ်ရမည်ဖြစ်ကြောင်း တရားရုံးများကို စစ်ကောင်စီက ညွှန်ကြားထားသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း သက်ဆိုင်ရာတရားရုံးများ၌ တရားစွဲခံထားရသည့်ပြစ်မှုများထဲမှ ခိုးမှုအပါအဝင် အမှုအမျိုးအစား ၁၁ မျိုးအား အမှုပိတ်သိမ်းလိုက်သိမ်းကြောင်း စစ်ကောင်စီကထုတ်ပြန်ခဲ့သည်။