- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ရက်သတ္တပတ်အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ ဦးရှိ
ရခိုင်ပြည်နယ်တွင် ယခုဒီဇင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့၏ စာရင်းအရသိရသည်။
08 Dec 2021
DMG ၊ ဒီဇင်ဘာ ၈
ရခိုင်ပြည်နယ်တွင် ယခုဒီဇင်ဘာလ ၁ ရက်နေ့မှ ၈ ရက်နေ့အတွင်း ကိုဗစ်ပိုးတွေ့ရှိသူ ၁၅ ဦးအထိရှိကြောင်း ရခိုင်ပြည်နယ် ကိုဗစ်စောင့်ကြည့်ရေးအဖွဲ့၏ စာရင်းအရသိရသည်။
ယနေ့(ဒီဇင်ဘာလ ၈ ရက်)တွင် လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါမည့်သူများကို စစ်ဆေးရာ၌ ၇ နှစ်အရွယ် ကလေးငယ်တစ်ဦးတွင် ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သည်။
တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သွယ်၍ပြန်လာပြီး စစ်တွေမြို့ ရွှေမင်းဂံကုန်သွယ်ရေးစခန်းတွင် ကွာရင်းတင်းဝင်နေသော စစ်လှေသမား ၇ ဦးမှာလည်း ဒီဇင်ဘာလ ၇ ရက်နေ့က ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သည်။
ဒီဇင်ဘာလ ၁ ရက်နေ့ကလည်း လေကြောင်းခရီးစဉ်ဖြင့် လိုက်ပါမည့်သူများကိုစစ်ဆေးရာတွင် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ ၇ ဦးရှိခဲ့သည်။
လက်ရှိတွင် ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများမှ ပေါ့ဆစွာနေထိုင်နေကြသလို အစိုးရဘက်မှလည်း ကိုင်တွယ်မှုအားနည်းနေကြောင်း ရခိုင်ပြည်နယ်ကိုဗစ်-၁၉ စောင့်ကြည့်ရေးအဖွဲ့မှ တာဝန်ရှိသူ ကိုဇော်ထွန်းလှိုင်က ထောက်ပြသည်။
“ပြည်နယ်အစိုးရက သူတို့ချမှတ်ထားတာဆို ကြားမိသလောက်တော့ ပိုးတွေ့လူနာတွေများလာတာမို့ ကာကွယ်ရေးကိုထိထိမိမိလုပ်ဆောင်မယ်လို့သိရတယ်။ ရောဂါပိုးတွေ့မှ ထိထိမိမိလုပ်မယ့်အစား အခုကတည်းက ပြန်ပြီးတော့ သတိပေး၊ အသိပေးပညာပေးတွေကို စတင်လုပ်ဆောင်သင့်ပြီလို့မြင်မိတယ်”ဟု ကိုဇော်ထွန်းလှိုင်ကပြောသည်။
ကိုဗစ်ရောဂါနှင့်ပတ်သက်ပြီး ပထမအဆင့်အနေဖြင့် အသိ၊သတိရှိအောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းနှင့် ပြည်တွင်းကိုဗစ်ပိုးတွေ့ရှိမှုများလာမှုကြောင့် ကိုဗစ်စည်းကမ်းမလိုက်နာသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီမှ ပြောဆိုထားသည်။
နိုဝင်ဘာလ ၃၀ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကုန်သွယ်ပြီးပြန်လာသူ ၉ ဦးနှင့် လေကြောင်းခရီးစဉ်လိုက်ပါမည့် ခရီးသည်သူနှစ်ဦးတို့ထံ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိခဲ့သေးသည်။
တစ်ဖက်တွင်လည်း မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံ ထိုင်းနှင့် အိန္ဒိယနိုင်ငံတို့တွင် ကိုဗစ်မျိုးကွဲသစ် အိုမီခရွန်ကူးစက်မှုများ ရှိလာသည်။
ယင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ကုန်သွယ်မှုပြုနေသည့် ကုန်းလမ်း၊ ရေလမ်းများကို တင်းကျပ်စွာဖြင့်ကိုင်ကွယ်ရန်လိုအပ်ကြောင်း ရခိုင်ပြည်နယ် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းရေးမှူး ဦးခိုင်ကောင်းစံက ရှုမြင်သည်။
“အိမ်နီးချင်းနိုင်ငံတွေမှာ အိုမီခရွန်မျိုးဗီဇပြောင်းပိုးက ရောက်နေပြီဆိုရင် ကျနော်တို့က ပိုပြီးတော့သတိထားရမှာပေ့ါ။ အိမ်နီးချင်းနိုင်ငံတွေနဲ့ ကျနော်တို့နိုင်ငံက ပူးတွဲဆက်ဆံမှုတွေရှိနေတာမို့ သတိထားပြီးဂရုစိုက်ဖို့လိုတယ်။ ကျန်းမာရေးအသိပညာပေးမှုတွေ လိုတယ်။ ပြည်သူတစ်ယောက်ချင်းစီမှာလည်း တာဝန်ရှိတဲ့အတွက် ကျန်းမာရေးအသိ၊သတိနဲ့သွားလာလှုပ်ရှားဖို့လိုတယ်”ဟု ၎င်းကပြောသည်။
ထိုင်းနိုင်ငံတွင် စပိန်မှရောက်ရှိလာသည့် အမေရိကန်ခရီးသွားတစ်ဦးထံမှ အိုမီခရွန်ကိုဗစ်ပိုးကို ဒီဇင်ဘာ လ ၆ ရက်နေ့က ပထမဆုံးတွေ့ရှိခဲ့သည်။ အိန္ဒိယနိုင်ငံတွင်လည်း ဒီဇင်ဘာလ ၅ ရက်နေ့အထိ အိုမီခရွန်ကိုဗစ်ပိုးတွေ့ရှိသူ ၂၁ ဦးရှိလာပြီဖြစ်သည်။
ကိုဗစ်မျိုးကွဲဖြစ်သော ကူးစက်မြန် အိုမီခရွန်(Omicron)အပါအဝင် ကိုဗစ်ကူးစက်မှုမရှိစေရန် ကုန်းလမ်း၊ ရေလမ်း၊ လေကြောင်းလမ်းတို့ကို အဓိကထားစောင့်ကြည့်စစ်ဆေးနေကြောင်း ရခိုင်ပြည်နယ် စစ်ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက DMG ကို ပြောကြားထားသည်။