ရခိုင်တွင် ကိုဗစ်ပိုးတွေ့သူ တစ်နေ့လျှင် (၈)ရာခိုင်နှုန်းထိရှိလာနေ

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိလာနေပြီး တစ်နေ့လျှင်ပိုးတွေ့လူနာ (၈)ရာခိုင်နှုန်းအထိရှိလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

24 Feb 2022

DMG ၊ ဖေဖော်ဝါရီ ၂၄

ရခိုင်ပြည်နယ်တွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်ပိုးကူးစက်ခံရသူ ဆက်တိုက်တွေ့ရှိလာနေပြီး တစ်နေ့လျှင်ပိုးတွေ့လူနာ (၈)ရာခိုင်နှုန်းအထိရှိလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ပိုးတွေ့လူနာတွေထဲမှာ သေဆုံးတာတွေတော့ မရှိဘူး။ ဒါပေမယ့် ပိုးတွေ့ရှိမှုက တစ်ရက်မှာ ၈ ရာခိုင်နှုန်းထိရှိတယ်။ ကားလမ်း၊ ရေလမ်းခရီးသည်တွေကိုလည်း ပိုးစစ်ဆေးဖို့အတွက် ကျွန်တော်တို့ စီစဉ်ဆောင်ရွက်နေတယ်။ ကားလမ်း၊ ရေးလမ်းနဲ့သွားတဲ့သူတွေလည်း ကိုဗစ်ကာကွယ်ဆေးနှစ်ကြိမ်ထိုးထားရင် ဆေးလက်မှတ်တွေဆောင်ထားသင့်တယ်လို့ပဲ ပြောချင်ပါတယ်”ဟု ပြည်နယ်လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က DMG သို့ပြောသည်။

ကိုဗစ်ပိုးတွေရှိမှု ပြန်လည်မြင့်တက်လာခြင်းကြောင့် ပြည်တွင်းလေကြောင်းခရီးသည်များအနေဖြင့် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူဖြစ်စေ၊ မထိုးထားသေးသူဖြစ်စေ မည်သူမဆို (၄၈)နာရီအတွင်း Rapid Antigen Diagnostic Test(RDT)နှင့်ကိုဗစ်ပိုးစစ်ဆေးကြရသည်။

ကုန်လမ်း၊ ရေလမ်းများတွင် ယခင်က ကိုဗစ်ပိုးစစ်ဆေးမှုမရှိသော်လည်း ပြီးခဲ့သည့်ဖေဖော်ဝါရီလ ၁၈ ရက်နေ့က စစ်တွေတက္ကသိုလ်မှ ဝန်ထမ်း ၄ ဦးနှင့် လေကြောင်းခရီးသွား ၅ ဦးတွင် မျိုးရိုးဗီဇပြောင်း အိုမီခရွန်ကိုဗစ်ရောဂါပိုးကူးစက်ခံထားပြီးနောက် ကုန်လမ်း၊ ရေလမ်းခရီးသည်များကိုလည်း ကိုဗစ်ပိုးစစ်ဆေးရန်စီစဉ်ထားကြောင်း သိရသည်။

ထိုသို့ ကိုဗစ်ရောဂါပိုးတွေ့ရှိမှုများလာသဖြင့် စစ်တွေဆေးရုံ ၊ တိုင်းရင်းသားဆေးရုံနှင့် စစ်တွေတက္ကသိုလ်ဟောင်းတို့တွင် Quarataine Center များထားရှိရန် ပြင်ဆင်ထားသည်ဟု ရခိုင်ပြည်နယ်စစ်ကောင်စီ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးလှသိန်းက DMG သို့ပြောသည်။

ပြည်သူ့များအနေဖြင့် ကိုဗစ်စည်းကမ်းများကိုလိုက်နာစေရန် ရပ်ကွက်များတွင် လိုက်လံဆော်သြခြင်း၊ အသိပညာပေးခြင်းတို့ရှိကြောင်းလည်း ၎င်းကဆိုသည်။

“အိုမီခရွန်နဲ့ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့အတိုင်း ရောဂါရဲ့အခြေအနေပေါ်မှာမူတည်ပြီးတော့ (လိုက်မနာတဲ့သူတွေကို) အရေးယူဆောင်ရွက်သွားမယ်”ဟု ဦးလှသိန်းက ဆိုသည်။

ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ မေလ ၂၅ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၃ ရက်နေ့အထိ ကိုဗစ်ပိုးတွေ့ရှိသူစုစုပေါင်း ၅၆၅၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၅၀၁ ဦးထိရှိခဲ့ကာ လက်ရှိဆေးကုသနေရသူ ၂၀၁ ဦးထိရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏စာရင်းအရ သိရသည်။

ရခိုင်က မြို့နယ်အနှံအပြားတွင် ကိုဗစ်မျိုးရိုးဗီဇပြောင်း အိုမီခရွန်ရောဂါပိုးမှာ ယခုရက်ပိုင်းအတွင်းတွေ့ရှိလာသည့်အတွက် ကိုဗစ်ဆိုင်ရာအခြေခံစည်းကမ်းချက်များကို မဖြစ်မနေလိုက်နာကြရန် ရက္ခိုင့်အမျိုးသားအဖွဲ့ချုပ်(ULA)မှ ဖေဖော်ဝါရီလ ၂၀ ရက် နေ့က ထုတ်ပြန်ခဲ့သည်။

ULA မှ ထုတ်ပြန်သကဲ့သို့ ရခိုင်ပြည်နယ် ပွဲလမ်းသဘင်များ ကျင်းပခြင်းကိုလည်း ထိန်းသိမ်းစွာလုပ်ဆောင်ရန်လိုအပ်ကြောင်း ရခိုင်အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။