ဂွမြို့နယ်အတွင်း ည ၁၀ နာရီမှ နံနက် ၅ နာရီအထိ နေအိမ်အပြင်မထွက်ရန်ကြေညာ

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ည ၁၀ နာရီမှ နံနက် ၅ နာရီအချိန်အတွင်း မလိုအပ်ဘဲနေအိမ်အပြင်မထွက်ကြရန် ဒီဇင်ဘာလ ၁၅ ရက်နေ့ညပိုင်းက မြို့ပတ်လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

16 Dec 2021

DMG ၊ ဒီဇင်ဘာ ၁၆

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်အတွင်း ည ၁၀ နာရီမှ နံနက် ၅ နာရီအချိန်အတွင်း မလိုအပ်ဘဲနေအိမ်အပြင်မထွက်ကြရန် ဒီဇင်ဘာလ ၁၅ ရက်နေ့ညပိုင်းက မြို့ပတ်လှည့်လည်ကြေညာခဲ့ကြောင်း သိရသည်။

လုံခြုံရေးအခြေအနေအရ ယင်းသို့ကြေညာခြင်းဖြစ်ကြောင်းနှင့် ကိစ္စတစုံတရာရှိကထွက်ခွာနိုင်ကြောင်း ဂွမြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

"ညမထွက်ရအမိန့်လို့တော့မဟုတ်ဘူး။ မြို့နယ်ရဲ့အခြေအနေအရ လုံခြုံရေးအရ ည ၁၀ နာရီနောက်ပိုင်း အကြောင်းကိစ္စခိုင်ခိုင်လုံလုံမရှိဘဲ အပြင်မထွက်ဖို့ အသိပေးတာဖြစ်တယ်။ ထွက်မယ်ဆိုရင်တော့လဲ အကြောင်းကိစ္စခိုင်ခိုင်လုံလုံနဲ့ထွက်တော့ ဘာမှမဖြစ်ပါဘူး"ဟု ၎င်းကပြောသည်။

ဂွမြို့နယ်သည် ရေလုပ်ငန်းနှင့် စိုက်ပျိုးရေးလုပ်ငန်းကို အဓိက ထားလုပ်ကိုင်သော မြို့နယ်တစ်ခုဖြစ်သည်။

ယခုကဲ့သို့ ညမထွက်ရန်ကြေညာထားခြင်းကြောင့် ဒေသခံများအတွက် အခက်အခဲမရှိသော်လဲ ခရီးသွားပြည်သူများအတွက် အခက်အခဲရှိလာနိုင်ကြောင်း ဂွမြို့နယ်လူမှုရေးတက်ကြွလှုပ်ရှားသူ ကိုဖိုးချစ်က သုံးသပ်ပြောဆိုသည်။

"ပြည်သူတွေကတော့ ၁၀ နာရီနောက်ပိုင်း အလုပ်လုပ်တာနည်းသွားပြီဆိုတော့ အခက်အခဲကမရှိနိုင်ပါဘူး။ ဒါပေမဲ့ ခရီးသွားပြည်သူတွေအနေနဲ့ကတော့ အခက်အခဲရှိမှာပေါ့။ နောက်တစ်ခုက တပိုင်တနိုင်ငါးရှာဖားရှာသူတွေ အခက်အခဲဖြစ်ကောင်းဖြစ်လာနိုင်တယ်"ဟု ၎င်းကဆိုသည်။

ဂွမြို့နယ်အတွင်း လုံခြုံရေးအရဟုဆိုကာ နေအိမ်ပြင်ထွက်ခွင့်ကို ယခုကဲ့သို့ကန့်သတ်လိုက်ခြင်းမှာ မဖြစ်သင့်ကြောင်း ဒေသခံများကပြောဆိုသည်။

ယင်းသို့ကန့်သတ်လိုက်ခြင်းနှင့်ပတ်သက်ပြီး ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်သူရအားမေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပေ။

ဒီဇင်ဘာလ ၁၃ ရက်နေ့က ဂွမြို့နယ်၊ ရွာမရပ်ကွက်ရှိ အခြေခံပညာမူလတန်း(လွန်)ကျောင်းမီးရှို့ခံရမှုကြောင့် ကြမ်းခင်းအနည်းငယ်ပျက်စီးမှုရှိခဲ့ပြီး ယခုရက်ပိုင်း ဂွမြို့နယ်အတွင်း လုံခြုံရေးအရ ထူးခြားသည့်သတင်းများကိုမူ မတွေ့ရှိရပေ။