- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒေသတည်ငြိမ်မှုမရှိဟုဆိုကာ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်ထုတ်ပြန်
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟုဆိုကာ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်အား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
07 Feb 2022
DMG ၊ ဖေဖော်ဝါရီလ ၇
ရခိုင်ပြည်နယ်အတွင်း နိုင်ငံတော်ငြိမ်ရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများကို ဆောင်ရွက်နေသော တပ်မတော်နှင့်ရဲတပ်ဖွဲ့ဝင်များ ကျဆုံး/ထိခိုက်ဒဏ်ရာရရှိမှုများရှိနေသည်ဟုဆိုကာ ကျောက်တော်မြို့နယ်တွင် ညမထွက်ရအမိန့်အား ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ကျောက်တော်မြို့နယ် နယ်နမိတ်အတွင်းရှိ လမ်းမကြီးများ၊ အများပြည်သူတို့ သွားရာလမ်း၊ လမ်းသွယ်၊လမ်းကြား၊ ဥယျာဉ်(သို့မဟုတ်) အများပြည်သူနှင့်ဆိုင်သောနေရာများတွင် ည (၉)နာရီမှ နံနက်(၅)နာရီအထိ ညမထွက်ရဟု မြို့နယ်အုပ်ချုပ်ရေးမှူးလက်မှတ်ရေးထိုးပြီး ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။ ညမထွက်ရအမိန့်သည် နှစ်လတာကြာမြင့်မည်ဟု သိရသည်။
ညမထွက်ရအမိန့်စာတွင် ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းတွင်သော်လည်းကောင်း၊ သာမန်အရပ်သား၊ ပြည်သူများအကြားတွင်လည်းကောင်း၊ တိုက်ခိုက်မှုများ ဆောင်ရွက်ခဲ့ခြင်းကြောင့် ဖြစ်စဉ်အချို့တွင် အပြစ်မဲ့အရပ်သားပြည်သူအချို့ သေဆုံး/ဒဏ်ရာရရှိမှုများရှိခဲ့သည်ဟု ဖော်ပြထားသည်။
“ထို့ကြောင့် ညအချိန် လွတ်လပ်စွာသွားလာခွင့်ပြုထားပါက အလားတူဖြစ်စဉ်များ ထပ်မံဖြစ်ပွားရန် အကြောင်းရှိသည်ဟု ကျွန်ုပ်ယုံကြည်သည်”ဟု မြို့နယ်အုပ်ချုပ်ရေးမှူး၏အမိန့်စာတွင် ဖော်ပြထားသည်။
ထိုသို့ ညမထွက်ရအမိန့်ထုတ်ပြန်မှုအပေါ် လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဦးထွန်းဝင်းက “၁၄၄ က တရားဥပဒေစိုးမိုးမှု တည်ငြိမ်းအေးချမ်းမှုမရှိတဲ့အခါ ထုတ်တာပေါ့။ ရခိုင်လူ့အဖွဲ့အစည်းကြားမှာ စိုးရိမ်မှုတွေ သံသယတွေဖြစ်စေတယ်။ ပြည်သူတွေအတွက် အပြုသဘောဆောင်တဲ့ထုတ်ပြန်ချက်မျိုးတော့ မဟုတ်ဘူး”ဟု ပြောသည်။
ညမထွက်ရအမိန့်ထုတ်ပြန်လိုက်ခြင်းမှာ အရေးပေါ်လူနာများကို ဆေးရုံသို့ပို့ဆောင်ရမည်ဆိုပါက အခက်အခဲများဖြစ်ပေါ်စေမည်ဟု ကျောက်တော်မြို့နယ် မွန်မြတ်စေတနာလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
“ကျွန်တော်တို့အဖွဲ့က နယ်ကဆိုတော့ ညအချိန်လူနာပို့ဆောင်တဲ့အခါ အခက်အခဲစိုးရိမ်စိတ်တွေဖြစ်စေတာပေါ့။ ၁၄၄ မရှိရင်တော့ ကောင်းတာပေါ့။ အရေးပေါ်လူနာတွေအတွက်လည်း အဆင်ပြေတယ်။ အုပ်ချူပ်ရေးမှူးတွေက ရပ်ရွာတွေမှာ ဒေသခံတွေသိအောင်ကြော်ငြာတာတွေတော့ မလုပ်သေးပါဘူး"ဟု ၎င်းကဆိုသည်။
ညမထွက်ရအမိန့် ထုတ်ပြန်ထားခြင်းနှင့်ပတ်သက်ပြီး ကျောက်တော်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်စွာညွှန့်ကို DMG ကဆက်သွယ်ခဲ့ရာတွင် အဆက်အသွယ်မရရှိခဲ့ပေ။ သို့သော်လည်း မြို့နယ်ထွေ/အုပ်ဝန်ထမ်းတစ်ချို့ကမူ ထိုအမိန့်ထုတ်ပြန်ခြင်းကို အတည်ပြုကြသည်။
ထိုသို့ ညမထွက်အမိန့်ထုတ်ပြန်ထားခြင်းကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးအများစုလည်း မသိရှိကြသေးပေ။ DMG မှ အဆက်အသွယ်ရရှိခဲ့သည့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးအချို့ကလည်း အမိန့်စာကို လက်ခံရရှိမှုမရှိသေးသော်လည်း ညမထွက်ရအမိန့်စာ ထုတ်ပြန်ထားသည်ကိုကြားမိသည်ဟု ဆိုကြသည်။
ကျောက်တော်မြို့နယ်အပါအဝင် ရခိုင်မြို့နယ်အချို့တွင်လည်း ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲဖြစ်ပွားစဉ်ကာလကလည်း အလားတူ ညမထွက်ရအမိန့်ထုတ်ပြန်ဖူးသည်။ လက်ရှိတွင်လည်း မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ မောင်တောမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားမှုများရှိသည်။