- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်မှ ပြည်တွင်းလေကြောင်းခရီးစဉ် လိုက်ပါမည့်သူများကို လာမည့်သီတင်းပတ်မှစတင်ကာ ကိုဗစ်စစ်ဆေးပြီးမှ သွားလာခွင့်ပြုတော့မည်
ရခိုင်ပြည်နယ်အတွင်းမှ ပြည်တွင်းလေကြောင်းခရီးသည်များကို လာမည့်သီတင်းပတ်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာ၏ ညွှန်ကြားချက်အတိုင်း ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ သွားလာခွင့်ပြုရန်စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။
23 Oct 2021
DMG ၊ အောက်တိုဘာ ၂၃
ရခိုင်ပြည်နယ်အတွင်းမှ ပြည်တွင်းလေကြောင်းခရီးသည်များကို လာမည့်သီတင်းပတ်မှစတင်ကာ ကျန်းမာရေးဝန်ကြီးဌာ၏ ညွှန်ကြားချက်အတိုင်း ကိုဗစ်ရောဂါပိုးရှိ/မရှိ စစ်ဆေးပြီးမှ သွားလာခွင့်ပြုရန်စီစဉ်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာမှ သိရသည်။
လေကြောင်းခရီးသည်များကို ကိုဗစ်ပိုးရှိ/မရှိ နှာခေါင်းတို့ပတ် ရယူစစ်ဆေးပြီး (၃၆)နာရီအတွင်း စစ်ဆေးထားသည့် ကိုဗစ်ပိုးမရှိကြောင်း ထောက်ခံချက်ပါရှိမှသာ လေယာဉ်စီးနင်းလိုက်ပါခွင့်ရမည်ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“အခု စီးပွားဖြစ်သွားနေတဲ့ လေကြောင်းလိုင်းတွေ ပြန်ဆွဲတော့မယ်ဆိုတဲ့အခါ ကျန်းမာရေး(ဌာန)က လိုက်နာရမယ့် စည်းကမ်းချက်တွေထုတ်တယ်ပေါ့။ (၃၆)နာရီအတွင်းမှာ နှာခေါင်းတို့ပတ်ရယူပြီး (Negative)အဖြေထွက်မှ စီးရမယ်ဆိုတဲ့စာကရှိတယ်။ ဆိုတော့ ကျနော်တို့ကစစ်ရမှာပေါ့။ စစ်ဆေးဖို့အတွက်စီစဉ်နေတယ်။ ရခိုင်မှာက လောလောဆယ် လာမယ့်နှစ်ရက်၊သုံးရက်လောက်မှာ စတင်စစ်ဆေးဖို့ အစီအစဉ်ရှိတယ်”ဟု ၎င်းကပြောသည်။
ခရီးသည်များအနေဖြင့် စစ်ဆေးမှုစရိတ်များကို မိမိစရိတ်ဖြင့် ပေးဆောင်ရမည်ဖြစ်သော်လည်း လက်ရှိတွင် စစ်ဆေးမှုစရိတ်မည်မျှပေးဆောင်ရမည်ကို မသိရှိရသေးကြောင်း ပြည်နယ်ကျန်းမာရေးဌာနမှ သိရသည်။
လေယာဉ်လက်မှတ်ဝယ်ယူပြီး ဆေးစစ်ရာတွင် ပိုးတွေ့ရှိပါက လေယာဉ်လက်မှတ်ဝယ်ထားသောငွေကို ပြန်လည်ပေးအပ်မည်ဖြစ်ကြောင်း လေယာဉ်လက်မှတ်အရောင်းဆိုင်များက ပြောဆိုကြသည်။
Covid Test kit များကို ရန်ကုန်မှမှာထားပြီး လက်ရှိတွင် ပြည်နယ်ကျန်းမာရေးဌာနအနေဖြင့် ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်နေကြောင်း ဒေါက်တာစိုးဝင်းပိုင်ကပြောသည်။
“Covid Test kit တွေ ရန်ကုန်က မှာထားတယ်။ မနက်ဆိုရင်တော့ရောက်မှာပေါ့။ (စစ်ဆေးတာ)စတယ်ဆိုရင် စစ်တွေတစ်မြို့တည်း စလို့ရတာမဟုတ်ဘူး။ ကျောက်ဖြူ၊ သံတွဲတို့ကိုလည်းချပေးရမှာဖြစ်တယ်။ အဲဒီမြို့တွေမှာလည်း မနက်ဖြန်လေယာဉ်ခရီးစဉ်ရှိမယ်ဆိုတော့ မနက်ဖြန်လေယာဉ်မှာတင်ပေးဖို့ စီစဉ်နေတယ်။ ကျနော်တို့ဘက်ကပြင်စရာရှိတာ ပြင်ဆင်နေရတယ်။ ညွှန်ကြားချက်လည်း စောင့်နေရတာပေါ့”ဟု ၎င်းကပြောသည်။
ကိုဗစ်-၁၉ ရောဂါကူးစက်မှုနှုန်း ကျဆင်းလာသည့်အချိန်မှသာ ယခုကဲ့သို့ လေကြောင်းဖြင့်သွားမည့်ခရီးသည်များကို ကိုဗစ်ပိုးရှိ/မရှိ စစ်ဆေးမည်ကို ပြည်သူများက ဝေဖန်မှုများရှိနေသည်။
လက်ရှိ ရခိုင်ပြည်နယ်တွင် ကိုဗစ်ရောဂါဖြစ်ပွားမှု ငါးရာခိုင်နှုန်းအောက် လျော့နည်းလာနေပြီဖြစ်ကြောင်း ပြည်နယ်စစ်ကောင်စီက ပြောဆိုထားသည်။
ရခိုင်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးအဖွဲ့(AHCT)၏ အတွင်းရေးမှူးအဖွဲ့ဝင် ဦးခိုင်ကောင်းစံက လက်ရှိအချိန်တွင် လေကြောင်းခရီးသည်များအား ကိုဗစ်စစ်ဆေးမည်ဆိုခြင်းမှာ မဖြစ်သင့်သည့်ကိစ္စဟု ဆိုသည်။
“ဒီအချိန်မှာ စစ်တာထက် ကာကွယ်ဆေးဘယ်လိုထိုးပေးနိုင်မလဲဆိုတာကို စနစ်တကျလုပ်သင့်တယ်။ အခုဆိုရင် အသက် (၁၂)အထက်ကျောင်းသားတွေ ကျောင်းဖွင့်ပေးဖို့အတွက် ကိုဗစ်ဆေးထိုးပေးနေပြီ။ ဒီဟာစစ်မယ်ဆိုရင် တစ်နိုင်ငံလုံးအတိုင်းအတာအရ စစ်နိုင်တဲ့အခြေအနေရှိတာမဟုတ်ဘူး။ နောက်တစ်ခုက ရန်ကုန်မြို့မှာဆိုရင်လည်း အရင်လို ကားတွေ၊လူတွေ ထွက်ပြီးသွားလာနေကြပြီ။ ဒါကတော့ လွဲချော်တဲ့စီမံမှုတစ်ခုဖြစ်တယ်လို့ ထောက်ပြချင်တယ်”ဟု ၎င်းကပြောသည်။
လက်ရှိတွင် ရခိုင်ပြည်အတွင်း အသက် ၁၂ နှစ်အထက် ကျောင်းသား/သူဦးရေ ၂ သိန်းကျော်ကို အောက်တိုဘာလ ၁၇ နေ့မှစတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးပေးလျက်ရှိနေပြီး ရခိုင်တွင် ကိုဗစ်ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၄ သိန်းကျော်အထိရှိပြီဖြစ်ကြာင်း ပြည်နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာ (၄၉၀၄)ဦးနှင့် သေဆုံးသူ (၄၇၈)ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ အောက်တိုဘာ ၁၉ ရက်နေ့အထိ စာရင်းအရသိရသည်။