ကိုဗစ်ကာကွယ်ဆေး မထိုးထားပါက ဈေးရောင်းချခွင့်ပိတ်မည်ဟု ပြည်နယ်စစ်ကောင်စီပြော

ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိဘဲ ဈေးရောင်းချနေသည့် ဈေးသည်များကို ရောင်းချခွင့်ပိတ်သွားမည်ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

18 Mar 2022

DMG ၊ မတ် ၁၈

ရခိုင်ပြည်နယ်က မြို့နယ်အသီးသီးတွင် ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းမရှိဘဲ ဈေးရောင်းချနေသည့် ဈေးသည်များကို ရောင်းချခွင့်ပိတ်သွားမည်ဟု ပြည်နယ်စစ်ကောင်စီ ပြောခွင့်ရသူ ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းက ပြောသည်။

ရခိုင်ပြည်အတွင်းရှိ ပြည်သူတိုင်း ကာကွယ်ဆေးထိုးစေရန်နှင့် လူစည်ကားသည့်နေရာများတွင် ရောင်းချနေသည့် ဈေးသည်များ ကာကွယ်ဆေးမထိုးပါက ရောဂါကူးစက်မြန်နိုင်သည့်အတွက် ယခုကဲ့သို့လုပ်ဆောင်ခြင်းဖြစ်သည်ဟု ၎င်းကဆိုသည်။

“တချို့ဈေးသည်တွေဆိုရင် ကြောက်လို့ဆိုပြီးမထိုးကြဘူး။ အဲဒီလို ကိုဗစ်ကာကွယ်ဆေးမထိုးထားဘူးဆိုရင် ဈေးမရောင်းနဲ့၊ ဆေးထိုးပြီးကဒ်ရမှ ဈေးရောင်းပေါ့။ ကျနော်တို့ရည်ရွယ်ချက်က ကိုဗစ်ကာကွယ်ဆေးမထိုးပဲ မကျန်ခဲ့စေချင်လို့ လုပ်ရတာဖြစ်တယ်”ဟု ဦးလှသိန်းကပြောသည်။

ဈေးရောင်းချနေသူများ ကိုဗစ်ကာကွယ်ဆေးထိုးထားခြင်းရှိ/မရှိကို မြို့နယ်အသီးသီးမှ စည်ပင်နှင့် အရပ်ဘက်အဖွဲ့အစည်းများ ပူးပေါင်းစစ်ဆေးနေပြီး ဆေးထိုးရန်အတွက် စာရင်းကောက်ယူရန် ညွှန်ကြားထားကြောင်း ဦးလှသိန်းကပြောသည်။
မြောက်ဦးမြို့နယ်တွင် ကိုဗစ်ကာကွယ်တားဆီးမှု ပိုမိုထိရောက်စေရန်အတွက် ကိုဗစ်ကာကွယ်ဆေးထိုးကတ်ရှိ/မရှိကို မကြာမီရက်ပိုင်းအတွင်း စစ်ဆေးသွားမည်ဟု သိရသည်။

ကာကွယ်ဆေးထိုးပြီးကတ်တွင်ပါသော QR ကုတ်ကို စစ်ဆေးအတည်ပြုပြီးမှ ဆေးရုံသို့ဝင်ခွင့်ပြုသွားမည်ဖြစ်ကာ ဈေးရောင်းချသူများကိုလည်း ကာကွယ်ဆေးထိုးထားသည့်ကဒ်ရှိမှ ဈေးရောင်းချခွင့်ပြုမည်ဟု မြောက်ဦးခရိုင် ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးကပြောသည်။

“ဒီရက်ပိုင်းအတွင်းမှာ ဆေးထိုးပြီးကဒ်ရှိ/မရှိကို စစ်ဆေးသွားမယ်ပေါ့။ အခုလိုလုပ်ရတာကလည်း အဓိကတော့ ကိုဗစ်ကူးစက်မှုကို ထိန်းချုပ်တဲ့သဘောမျိုးပါ”ဟု ၎င်းကဆိုသည်။

အလားတူ မင်းပြားမြို့နယ်တွင်လည်း ဈေးကော်မတီ၊ စည်ပင်နှင့် ဌာနဆိုင်ရာများပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး ထိုးထားခြင်းရှိ/မရှိကို စစ်ဆေးနေပြီး ကိုဗစ်ကာကွယ်ဆေးမထိုးရသေးသည့် ဈေးရောင်းချနေသူများနှင့် ဒေသခံများကို ဧပြီလအကုန်တွင် အပြီးထိုးနှံပေးသွားမည်ဟု မင်းပြားမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးစိုးမိုးကပြောသည်။

“ကျနော်တို့ဆောင်ရွက်နေတာကတော့ ဆေးမထိုးရသေးတဲ့သူတွေကို ကိုဗစ်ကာကွယ်ဆေးထိုးဖို့ ဆော်သြနေပါတယ်။ ဈေးသည်တွေကိုလည်း ကာကွယ်ဆေးထိုးဖို့ အသိပေးထားတယ်။ စာရင်းဘယ်လောက်ရှိလဲဆိုတာကိုတော့ မသိရသေးဘူး”ဟု ၎င်းဆိုသည်။

ရခိုင်ပြည်နယ်တွင် ကိုဗစ်ကာကွယ်ဆေးထိုးနှံပြီးသူ ၇၀ ရာခိုင်နှုန်းခန့်ရှိပြီး ရာနှုန်းပြည့်ထိုးနှံပြီးစီးရေးအတွက် ကျန်ရှိသည့် ၃၀ ရာခိုင်နှုန်းခန့်ကို ဧပြီလကုန်တွင် ပြီးစီးအောင်ထိုးနှံပေးသွားရန်စီစဉ်နေကြောင်း ပြည်နယ်စစ်ကောင်စီကဆိုသည်။