- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူဦးရေ (၂၀၀) ကျော်အထိရှိလာ
ရခိုင်ပြည်တွင် ယခုနှစ် ၂၀၂၁ ဇန်နဝါရီလမှ ဇူလိုင် ၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၂၁၄) ဦးအထိ ရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
07 Jul 2021
DMG ၊ ဇူလိုင် ၇
ရခိုင်ပြည်တွင် ယခုနှစ် ၂၀၂၁ ဇန်နဝါရီလမှ ဇူလိုင် ၆ ရက်နေ့အထိ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ (၂၁၄) ဦးအထိ ရှိလာကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
အဆိုပါသွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှုမှာ လက်ရှိ စစ်တွေမြို့နယ်တွင် (၆၇) ဦးအထိ အများဆုံးဖြစ်ပွားနေပြီး သံတွဲတွင် (၄၂) ဦး၊ ကျောက်ဖြူတွင် (၂၀)ဦး၊ မြောက်ဦးတွင် (၁၅)ဦးတို့ အပါအဝင် တခြားမြို့နယ်တချို့တွင်လည်း အနည်းငယ်ဖြစ်ပွားမှုရှိကြောင်း သိရသည်။
“အဓိကတော့ ခြင်ကျားကိုက်လို့ဖြစ်တယ်။ ခြင်ကျားဆိုရင် မိုးရာသီမှာ နေ့ခင်းဖက်ကိုက်တဲ့ သွေးလွန်တုပ်ကွေးခြင် အကိုက်ခံလို့ဖြစ်တာ” ဟု ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တတ်သောရောဂါကာကွယ်နှိမ်နှင်းရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ဘူးသီးတောင်နှင့် ဂွမြို့နယ်တို့တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု တွေ့ရှိရသေးသော်လည်း အနေအထိုင် မပေါ့ဆရန်လိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် သွေးလွန်တုပ်ကွေးရောဂါသည် အသက် ၂ နှစ်မှ ၉ နှစ်တို့တွင် အများဆုံးဖြစ်ပွားသည်ကိုတွေ့ရပြီး လူကြီးပိုင်းများတွင်လည်း ရံဖန်ရံဖန်ဖြစ်ပွားမှုရှိကြောင်း ယင်းရောဂါကာကွယ်နှိမ်နှင့်းရေးအဖွဲ့မှ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါမဖြစ်စေရန်အတွက် ပြည်သူများအနေဖြင့် မိမိနေအိမ်ပတ်ဝန်းကျင်တွင် ခြင်များမပေါက်ပွားအောင် ပြုလုပ်ရန်လိုအပ်ကြောင်း ရောဂါမျိုးသယ်ဆောင်သော ပိုးမွှားကောင်များမှတစ်ဆင့် ကူးစက်တက်သော ရောဂါကာကွယ်နှိမ်နှင်းရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။
“အဓိကတော့ နေ့ခင်းသားမှာ ခြင်အကိုက်မခံရအောင် နေရမှာက အရေးကြီးတယ်။ ကလေးတွေ အိပ်ရင်လည်း ခြင်ထောင်ထဲမှာ အိပ်ဖို့က အရေးကြီးတယ်။ ကျနော်တို့ ကျန်းမာရေးဌာနက မြို့၊ ရပ်ကွက်၊ ရွာတိုင်းကို ပိုးလောက်လန်းကင်းစင်တဲ့ (abate ) ဆေးခတ်တယ်။ အဲဒီဆေးက သုံးလလောက်တာရှည်ခံတယ်။ အဲဒီဆေးတွေ ခတ်ထားဖို့လိုတယ် ” ဟု ၎င်းက ဆက်လက်ပြောကြားသည်။
ကျန်းမာရေးဌာနအနေဖြင့် သွေးလွန်တုပ်ကွေးရောဂါကာကွယ်နိုင်ရေးအတွက် အိမ်သုံးရေကန်များ၊ ရေစည်များတွင် abate ပိုးလောက်လန်းသေဆေးများကို သက်ဆိုင်ရာမြို့နယ်အလိုက် ကျန်းမာရေးအဖွဲ့များမှ လိုက်ထည့်ကြသလို နှစ်စဉ် ဖေဖော်ဝါရီလအတွင်းမှစတင်ကာ ကျန်းမာရေးအသိပညာပေးမှုများ ဆောင်ရွက်နေကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
သွေးလွန်တုပ်ကွေးရောဂါသည် ခြင်မှတစ်ဆင့်ဖြစ်ပွားစေပြီး လူကြီး/လူငယ်၊ ကျား/မ မရွေးဖြစ်ပွားတတ်သည့် ကူးစက်ရောဂါတစ်မျိုး ဖြစ်သည်။
ရခိုင်ပြည်တွင် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးရှိခဲ့ပြီး သေဆုံးသူ ၁ ဦးရှိခဲ့ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ အလားတူ ၂၀၁၉ ခုနှစ်ကလည်း ရခိုင်တွင် သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားသူ ၁၈၀၈ ဦးနှင့် သေဆုံးသူဦးရေ ၈ ဦးရှိခဲ့ကြောင်း သိရသည်။