ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး 

ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး ကျုံပျော်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၂ တပ်ရင်းတွင် ထိန်းသိမ်းထားကာ ယနေ့အထိ လွတ်မြောက်လာခြင်း မရှိသေးပေ။ 

By Admin 14 Aug 2024

ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံ ၃၀ ကျော်ကို စစ်ကောင်စီ ဖမ်းဆီး 

DMG ၊ ဩဂုတ် ၁၄ 

ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ စစ်ဘေးတိမ်းရှောင်နေသည့် ရခိုင်ပြည်၊ သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ၃၀ ကျော်ကို စစ်ကောင်စီက ဧည့်စာရင်းအကြောင်းပြကာ ဖမ်းဆီးထားကြောင်း ခိုင်လုံသည့်သတင်းရင်းမြစ်ထံမှ သိရသည်။

ကျုံပျော်မြို့၊ တာသစ်ကြီးရပ်ကွက်ကို ဩဂုတ်လ ၉ ရက်တွင် ဧည့်စာရင်းစစ်ဆေးရာ သံတွဲမြို့နယ်မှ စစ်ဘေးရှောင် ၃၃ ဦးမှာ ဧည့်စာရင်းတိုင်ကြားမှုမရှိဟုဆိုကာ ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။ 

“အကုန်လုံးက သံတွဲမြို့နယ်ဖက်ကပဲ။ အားလုံးက အသက် ၄၀ နဲ့ အသက် ၁၇ နှစ်ကြား ရှိတဲ့ လူတွေငယ်တွေ။ အမျိုးသမီးတွေလည်းပါတယ်။ အဓိကတော့ ဧည့်စာရင်းမတိုင်လို့ဆိုပြီး ဖမ်းသွားတာ” ဟု ဧရာဝတီတွင် စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံတစ်ဦးက ပြောသည်။  

ဖမ်းဆီးခံထားရသူများထဲတွင် အမျိုးသား ၂၀ ဦးနှင့် အမျိုးသမီး ၁၃ ဦးပါဝင်ပြီး ကျုံပျော်အခြေစိုက် စစ်ကောင်စီ၏ ခမရ ၃၂ တပ်ရင်းတွင် ထိန်းသိမ်းထားကာ ယနေ့အထိ လွတ်မြောက်လာခြင်း မရှိသေးပေ။ 

ဂွမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီးနောက် ရခိုင်နှင့် ထိစပ်နေသော ဧရာဝတီတိုင်းတွင် စစ်ကောင်စီက လုံခြုံရေးတိုးမြှင့်ကာ စစ်ဆေးမှုများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်လာနေကြောင်း သိရသည်။ 

ရခိုင်လူမျိုးများနေထိုင်သည့် မြို့နယ်တွင် လုံခြုံရေးတိုးမြှင့်ကာ စစ်ဘေးရှောင် အဝင်/အထွက်များကိုလည်း တင်းကြပ်စွာ စစ်ဆေးနေကြောင်း ဟိုင်းကြီးကျွန်းမြို့နယ်တွင် စစ်ဘေးတိမ်းရှောင်နေသူတစ်ဦးက ပြောသည်။ 

“စစ်ကောင်စီက AA ထိုးစစ်ဆင်မှုတွေ ဧရာဝတီတိုင်းအထိ ရောက်ရှိလာမှာကို အထူးစိုးရိမ်နေပုံရတယ်။ အဲဒါကြောင့် ရခိုင်ဖက်က စစ်ရှောင်လာကြတဲ့ စစ်ဘေးရှောင်တွေဆိုရင် အထောက်အထားတွေ အပြည့်အစုံပါမှ ဝင်ခွင့်ပေးတယ်။ ဒီဖက်ရောက်ရင်လည်း ဧည့်စာရင်းမတိုင်ရင် လာရောက်ဖမ်းဆီးတာတွေရှိတယ်” ဟု ၎င်းက ပြောသည်။

ရခိုင်ပြည်အတွင်း မောင်တောနှင့် သံတွဲမြို့နယ်တွင် တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး ဂွမြို့နယ်ထိ တိုက်ပွဲနယ်မြေ ကျယ်ပြန့်လာနေသည်။ တိုက်ပွဲများကြောင့် သံတွဲနှင့် ဂွမြို့နယ်က ဒေသခံတစ်သိန်းကျော်မှာ ဧရာဝတီတိုင်းနှင့် ပြည်မဘက်တို့တွင် စစ်ဘေးတိမ်းရှောင်လျက်ရှိကြသည်။