ရခိုင်တွင် ရေစီးရေလာစနစ်မကောင်းမွန်သဖြင့် သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှုန်း မြင့်တက်နေခြင်းဟုဆို

ရေစီးရေလာစနစ်မကောင်းမွန်သဖြင့် ရခိုင်ပြည်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန၏ ပြောကြားချက်အရသိရသည်။

31 Aug 2022

DMG ၊ သြဂုတ် ၃၁

ရေစီးရေလာစနစ်မကောင်းမွန်သဖြင့် ရခိုင်ပြည်အတွင်း သွေးလွန်တုပ်ကွေးရောဂါကူးစက်မှုနှုန်း မြင့်တက်နေခြင်းဖြစ်ကြောင်း ကျန်းမာရေးဌာန၏ ပြောကြားချက်အရသိရသည်။

ရခိုင်က မြို့များတွင်ပြုလုပ်ထားသော ရေစီးကြောင်းစနစ်မှာ အညစ်အကြေးများ ပိတ်ဆို့မှုများဖြစ်ပေါ်နေသည့်အတွက် မိုးရာသီကာလတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားမှုကို ဖြစ်ပေါ်စေသည်ဟု မြန်မာနိုင်ငံ ဆရာဝန်များအသင်း ဥက္ကဋ္ဌ ဒေါက်တာကျော်ခိုင်က ပြောသည်။

“ရခိုင်မှာက မိုးအရမ်းများတယ်။ မိုးများတော့ ရေမြောင်းတွေက ပုံမှန်ရေမစီးဆင်းနိုင်ဘူး။ တချို့နေရာတွေမှာဆိုရင် ရေကြည်အဖြစ်နဲ့ တင်ကျန်ခဲ့တယ်။ အင်းခွက်၊ ချိုင့်ခွက်တွေမှာ တင်ကျန်ခဲ့တယ်။ အဲဒီရေကနေတစ်ဆင့် ခြင်တွေပေါက်ဖွားပြီးတော့ သွေးလွန်တုပ်ကွေးရောဂါဖြစ်ကြတာပေါ့”ဟု ၎င်းကဆိုသည်။

သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု လျော့နည်းလာစေရန် ရေမြောင်းများကို စနစ်တကျပြုလုပ်ရန်လိုအပ်ပြီး ရေမြောင်းများတွင် ရေမတင်ကျန်ဘဲစီးဆင်းရေးအတွက် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ဒေါက်တာကျော်ခိုင်က တိုက်တွန်းပြောကြားသည်။

သက်ဆိုင်ရာစည်ပင်ဌာနအနေဖြင့် ကောင်းမွန်သည့် ရေမြောင်းစနစ်ကို ဖော်ဆောင်ပေးခြင်းမရှိပါက ရေမြောင်းမှလာသည် အနံ့ဆိုးကြောင်း ပြည်သူများ၏ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်နိုင်သည်ဟုလည်း ပြောသည်။

ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်အတွင်း ရခိုင်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦးသာရှိခဲ့သော်လည်း ယခု ၂၀၂၂ ခုနှစ်တွင် ဇန်နန်ဝါရီလမှ သြဂုတ်လကုန်ထိ ၈ လတာအတွင်း ရောဂါဖြစ်ပွားသူဦးရေ ၁၉၀၀ ဦးနှင့် သေဆုံးသူ ၅ ဦးအထိရှိကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရသိရသည်။

လက်ရှိ ရခိုင်တစ်ပြည်နယ်လုံးတွင် သွေးလွန်တုပ်ကွေးဖြစ်ပွားလျက်ရှိပြီး စစ်တွေမြို့နယ်မှာ အများဆုံးဖြစ်ပွားကာ ဒုတိယအများဆုံးမှာ မောင်တောမြို့နယ်ဖြစ်ကြောင်း သိရသည်။

သွေးလွန်တုပ်ကွေးရောဂါသည် ကလေးငယ်များတွင် အဖြစ်များတတ်သော်လည်း ယခုနောက်ပိုင်းတွင် လူကြီးများပါဖြစ်ပွားလာသည်ကို တွေ့နေရသည်ဟု အထွေထွေရောဂါကုဆရာဝန်တစ်ဦးက ပြောသည်။

“အဲဒီခြင်က အလင်းရောင်ရှိတဲ့အချိန် နေ့လည်ဘက်တွေမှာ ကိုက်တယ်။ အဲဒါက ရေကြည်ရေသန့်မှာပေါက်တယ်။ ဒါကြောင့် မိုးရွာပြီးရင် ရေအိုင်ထဲမှာရေဝပ်ကျန်ခဲ့တာတို့၊ ဘုရားပန်းအိုးတို့ အဲဒီထဲမှာပေါက်တယ်။ မိုးရာသီမှာ ခြင်ပေါက်ဖွားမှုများတာဖြစ်တဲ့အတွက် သွေးလွန်တုတ်ကွေး ပိုပြီးတော့အဖြစ်များတာပေါ့”ဟု ၎င်းဆရာဝန်ကပြောသည်။

ရခိုင်တွင် ၂၀၂၁ ခုနှစ်က သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၄၂၁ ဦး၊ ၂၀၁၉ ခုတွင် ၁၈၀၈ ဦးရှိခဲ့ကာ သေဆုံးသူ ၈ ဦးရှိခဲ့ကြောင်း ပြည်နယ်ကျန်းမာရေးဌာန၏ စာရင်းအရသိရသည်။