ကိုဗစ်ကူးစက်မှုကို အလေးထားစောင့်ကြည့်နေရသည့် ဂွမြို့နယ်တွင် ကူးစက်မှုလျော့ကျလာ

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတွင် ကိုဗစ်ကူးစက်မှုလျော့ကျမှုရှိသော်လည်း ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှုလျော့ကျခြင်းမရှိသဖြင့် ဒေသန္တရအမိန့်ထုတ်ပြန်ကာ စည်းကမ်းတင်းကြပ်ထားခဲ့ရာ ယခုအခါ ကိုဗစ်ကူးစက်မှု အနည်းငယ်လျော့ကျမှုရှိလာပြီဖြစ်ကြောင်း သိရသည်။

16 Sep 2021

DMG ၊ စက်တင်ဘာ ၁၆

ရခိုင်ပြည်နယ်အတွင်းမှ မြို့နယ်အသီးသီးတွင် ကိုဗစ်ကူးစက်မှုလျော့ကျမှုရှိသော်လည်း ဂွမြို့နယ်တွင် ကိုဗစ်ကူးစက်မှုလျော့ကျခြင်းမရှိသဖြင့် ဒေသန္တရအမိန့်ထုတ်ပြန်ကာ စည်းကမ်းတင်းကြပ်ထားခဲ့ရာ ယခုအခါ ကိုဗစ်ကူးစက်မှု အနည်းငယ်လျော့ကျမှုရှိလာပြီဖြစ်ကြောင်း သိရသည်။

အခြားမြို့နယ်များ၌ ကိုဗစ်ကူးစက်မှုလျော့ကျလာချိန်တွင် ဂွမြို့နယ်အတွင်း ကူးစက်မှုလျော့ကျခြင်းမရှိသေး သဖြင့် နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီနောက်ပိုင်း အပြင်မထွက်ရအမိန့်တစ်ရပ်ကို သြဂုတ်လ ၂၅ ရက်နေ့က ထုတ်ပြန်ခဲ့သည်။

ယင်းသို့ ဒေသန္တရအမိန့်ထုတ်ပြန်ကာ စည်းကမ်းတင်းကြပ်ထား၍ ယခင်က တစ်နေ့လျှင်ပိုးတွေ့လူနာ ၂၀ ခန့် အထိရှိခဲ့ရာမှာ လက်ရှိမှာ တစ်နေ့လျှင် ပိုးတွေ့လူနာ ၁၀ အောက်သို့ လျော့ကျသွားခဲ့ကြောင်း ဂွမြို့နယ် ဆေးရုံအုပ် ဒေါက်တာကောင်းမြတ်စံက ပြောသည်။

“အခုပိုးတွေ့လူနာကတော့ လျော့လာတယ်။ အရင်ကနဲ့စာရင် အခုလက်ရှိ ဆေးရုံမှာဆေးကုသနေသူ ၆၀ ကျော်သာ ရှိတော့တယ်” ဟု ၎င်းကပြောသည်။

လက်ရှိ ဂွမြို့နယ်ဆေးရုံရှိ ကိုဗစ်အတည်ပြုလူနာ ၆၀ ကျော်ရှိရာ အောက်ဆီဂျင်ကျဆင်းမှုများကြောင့် တစ်နေ့လျှင် အောက်ဆီဂျင်အလုံးရေ ၄၀ အထိ အသုံးပြုနေရကြောင်း၊ လိုအပ်သည့်အောက်ဆီဂျင်များကို တောင်ကုတ်-သံတွဲ-ဟင်္သတတို့မှ သယ်ယူအသုံးပြုနေရကြောင်း ဒေါက်တာကောင်းမြတ်စံက ပြောဆိုသည်။

ဂွမြို့နယ်အတွင်း နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ရ အမိန့်ထုတ်ပြန် ထားသည်မှာ ၃ ပတ်မျှကြာမြင့်လာပြီဖြစ်ပြီး လက်ရှိကိုဗစ်ကူးစက်မှုမှာလည်း လျော့ကျလာသဖြင့် ဒေသန္တရ အမိန့်အား နံနက် ၅ နာရီမှ ညနေ ၆ နာရီအဖြစ် အချိန်ပြောင်းလဲသတ်မှတ်နိုင်ရန် တင်ပြထားကြောင်း မြို့နယ်ထွေအုပ်ရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“ပြောင်းလဲသတ်မှတ်ဖို့ အစည်းအဝေးဆုံးဖြတ်ချက်အရ တင်ပြထားတယ်။ ခရိုင်ရုံးကို။ ဒါပေမဲ့ အကြောင်းပြန်မှုတော့ မရှိသေးဘူး။ အကြောင်းပြန်လာတာနဲ့ ချက်ခြင်းပြောင်းလဲ သတ်မှတ်ဖို့ရှိတယ်” ဟု ၎င်းကဆိုသည်။

ယခုကဲ့သို့ ဒေသန္တရအမိန့်အား အချိန်ပြောင်းလဲသတ်မှတ်နိုင်ရန် ဒေသခံများကလည်းလိုလားကြောင်း ဂွမြို့နယ် ဒေသခံတစ်ဦးဖြစ်သူ ကိုဖိုးချစ်ကပြောသည်။

“အခုလို ပြောင်းလဲသတ်မှတ်မယ်ဆိုတာကို ပြည်သူတွေက အထူးလိုလားကြပါတယ်။ ဘာလို့လဲဆိုတော့ အခုထုတ်ပြန်ချက်က လက်လုပ်လက်စားတွေအတွက် အချိန်မလုံလောက်ဘူး”ဟု ၎င်းကပြောသည်။

ဂွမြို့နယ်အတွင်း နံနက် ၅ နာရီမှ နေ့လည် ၁၂ နာရီနောက်ပိုင်း နေအိမ်ပြင်ပမထွက်ရအမိန့်ထုတ်ပြန်ထားမှုကို ဖောက်ဖျက်ကျူးလွန်မှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ် ၁ လချမှတ်ခံရသူ ၅ ဦးအထိရှိကြောင်း သိရသည်။

ဂွမြို့နယ်အတွင်းတွင် ကိုဗစ်အတည်ပြုလူနာ ၉၂၇ ဦးရှိခဲ့ပြီး ယင်းအထဲမှ သေဆုံးသူ ၂၇ ဦးရှိကြောင်းနှင့် ရခိုင်တစ်ပြည်လုံးတွင် ကိုဗစ်အတည်ပြုလူနာ ၄၅၉၅ ဦးရှိခဲ့ပြီး သေဆုံးသူ ၄၂၈ ဦးရှိကြောင်း ပြည်နယ်စစ်ကောင်စီ၏ စက်တင်ဘာလ ၁၃ ရက်နေ့ကထုတ်ပြန်သည့် စာရင်းအရသိရသည်။