- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ နေ့စဉ်တိုးနေသော်လည်း စည်းကမ်းလိုက်နာမှုပိုင်းတွင် အားနည်းနေဆဲဟုဆို
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ နေ့စဉ်တိုးလာနေသေးသော်လည်း ပြည်သူအချို့မှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာသည်ကို တွေ့ရသည်။
07 Aug 2021
DMG ၊ သြဂုတ် ၇
ရခိုင်ပြည်နယ်တွင် ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးသူ နေ့စဉ်တိုးလာနေသေးသော်လည်း ပြည်သူအချို့မှာ ကိုဗစ်စည်းမျဉ်းစည်းကမ်းချက်များကို လိုက်နာမှုအားနည်းလာသည်ကို တွေ့ရသည်။
ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ သြဂုတ်လ ၆ ရက်နေ့အထိစာရင်းအရ ရခိုင်တွင် ကိုဗစ်ကြောင့်သေဆုံးသူ ၂၆၅ ဦးရှိလာပြီး ပိုးတွေ့လူနာစုစုပေါင်း ၃၁၅၄ ဦးအထိရှိလာနေပြီဖြစ်ကြောင်း သိရသည်။
ယင်းသို့သေဆုံးသူများလာသော်လည်း အချို့မှာ ကိုဗစ်စည်ကမ်းလိုက်နာရန် ပေါ့လျော့နေသည်ဟု ရခိုင်ရှေ့ဆောင်အမျိုးသမီးများအဖွဲ့ ဥက္ကဋ္ဌ ဒေါ်စောစံငြိမ်းသူကဆိုသည်။
ကိုဗစ်ပထမလှိုင်း၊ ဒုတိယလှိုင်းတို့တွင် ပေါ့လျော့သည့်အနေအထားအပေါ်မူတည်၍ ရောဂါကူးစက်မှုအချိန်ကြာမြင့်ခဲ့ရကြောင်းလည်း ၎င်းကပြောသည်။
“စည်းကမ်းတွေလိုက်နာဖို့ ကိုယ့်ကိုကိုယ်ကွယ်စောင့်ရှောက်မှုဆိုင်တာကို ပိုပြီးတော့ဂရုစိုက်ဖို့ဆိုပြီးတော့ သတိပေးတိုက်တွန်းနေတာတွေရှိနေပေမယ့်လည်း အဲဒါကိုလိုက်နာဆောင်ရွက်မှုကို အခုအချိန်ထိအားနည်းနေတာကိုတွေ့ရတယ်။ အဲလိုအားနည်းနေတဲ့အနေအထားမှာလည်း ကူးစက်မှုက ပိုပြီးမြန်မြန်ဆန်ဆန် ကူးစက်ခံနေရတဲ့အနေအထားတွေရှိတယ်”ဟု ဆိုသည်။
ယင်းသို့ မိမိကိုယ်ကိုကာကွယ်ရန် ပေါ့လျော့မှုများ ဆက်လက်ရှိနေမည်ဆိုပါက ကိုဗစ်ကပ်ရောဂါမှာ ပို၍စိုးရိမ်စရာအခြေအနေရှိလာနိုင်ကြောင်းလည်း ဒေါ်စောစံငြိမ်းသူက သုံးသပ်ပြောဆိုသည်။
ကိုဗစ်ကူးစက်မှုမြင့်တက်နေသည့်အတွက် ရောဂါဆက်လက်မပြန့်ပွားရန် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ရခိုင်ပြည်အတွင်း ဇူလိုင်လ ၂၀ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့အထိ Stay at Home ပထမအကြိမ် နှစ်ပတ်တာသတ်မှတ်ခဲ့သည်။
ယင်းသို့ သတ်မှတ်ပြီးနောက်ပိုင်းတွင် ကိုဗစ်စည်းမျဉ်းစမ်းများကို ပြည်သူအများအပြား လိုက်နာမှုများရှိခဲ့သော်လည်း တစ်ချို့မှာ စည်းကမ်းလိုက်နာမှုအားနည်းသည့်အပိုင်းကိုတွေ့ရကြောင်းလည်း ရခိုင်တစ်မျိုးသားလုံးညီညွတ်ရေးကော်မတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်မောင်ကြီးကပြောသည်။
“မမြင်ကွယ်ရာနေရာတွေမှာ ဖဲဝိုင်းတော့ အဲလိုနေရာမျိုးတွေ၊ မြင်သာထင်သာမဟုတ်တဲ့နေရာတွေ၊ တစ်ချို့သောရပ်ကွက်အုပ်စုတော်တော်များများမှာ အုပ်စုဖွဲ့ပြီးနေထိုင်နေကြတာတွေရှိတယ်” ဟု ဦးခင်မောင်ကြီးက ဆိုသည်။
ရခိုင်ပြည်တွင် ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းအတွင်း သေဆုံးသူ ၃၇ ဦးသာရှိခဲ့ပြီး တတိယလှိုင်းအတွင်း ကိုဗစ်ကြောင့်သေဆုံးမှုမှာ ၇ ဆကျော်အထိမြင့်တက်လာနေသည်။
ကိုဗစ်တတိယလှိုင်းအတွင်း သေဆုံးမှုနှုန်းမြင့်တက်လာသည့်အတွက် ပြည်သူများအနေဖြင့် အထူးဂရုစိုက်နေထိုင်ရန်လိုကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
“မနေ့ကလည်း လေးဆယ်ကျော်တွေ့တယ်။ သေဆုံးတာက ၉ ယောက်ဆုံးတယ်။ ရောဂါကိုယ်တိုင်ကလည်း ပြင်းထန်နေတယ်။ အဓိကတော့ အဆုပ်ကိုပျက်စီးစေတဲ့ရောဂါဖြစ်တယ်။ ဒီရောဂါကူးစက်နှုန်းမြင့်တယ်။ တတိယလှိုင်းမှာ သေဆုံးနှုန်းအနေနဲ့မြင့်နေတယ်။ ပြည်သူလူထုအနေနဲ့ ဒီရောဂါမကူးစက်စေဖို့ သတိထားနေထိုင်ဖို့လိုတယ်”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ရခိုင်ပြည်အတွင်း Stay at Home ကာလကို ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၄ ရက်နေ့ကို ပထမအကြိမ်သတ်မှတ်ထုတ်ပြန်ခဲ့သည်။ ယင်းကာလအတွင်း ရောဂါပိုးကူးစက်နှုန်း၊ သေဆုံးမှုများ ဆက်လက်ရှိနေသည်အတွက် သြဂုတ် ၅ ရက်နေ့မှ ၁၈ ရက်နေ့အထိကို Stay at home ကာလအဖြစ် ထပ်မံသက်တမ်းတိုးမြှင့် ထုတ်ပြန်ထားသည်။