- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် COVID တတိယလှိုင်းအတွင်း ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးသူ မြင့်တက်နေဆဲဖြစ်ကြောင်း ကျန်းမာရေးဌာန တာဝန်ရှိသူပြော
ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးမှု မြင့်တက်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
04 Aug 2021
DMG ၊ သြဂုတ် ၄
ကိုဗစ်တတိယလှိုင်းအတွင်း ရခိုင်ပြည်နယ်တွင် ရောဂါပိုးတွေ့ရှိသူနှင့်သေဆုံးမှု မြင့်တက်နေဆဲဖြစ်ကြောင်း ရခိုင်ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ရောဂါပိုးတွေ့ရှိသူနှင့် သေဆုံးသူ အများအပြားမရှိခဲ့သော်လည်း ယခုတတိယလှိုင်းတွင် ပိုးတွေ့ရှိမှုနှင့်သေဆုံးမှုနှုန်းမှာ မြင့်တက်နေဆဲဖြစ်ပြီး ပေါ့ဆစွာမနေထိုင်ရန်လိုအပ်ကြောင်း ၎င်းကဆိုသည်။
“အခုလက်ရှိအခြေအနေက ပိုးတွေ့ရှိသူတွေလည်းများတယ်။ သေဆုံးမှုတွေလည်းများနေတယ်ဆိုတော့ အရင်လှိုင်းတွေထက် မြင့်တက်နေတယ်။ အစတုန်းကတော့ လူ ၁၀၀ စစ်ရင် ၁၂ လောက်ပဲပိုးတွေ့တယ်။ အခုက လူ ၁၀၀ စစ်ရင် ၅၈ ဦးလောက်ကပိုးတွေ့တယ်။ ကူးစက်မှုရာခိုင်နှုန်းက မြင့်တက်နေဆဲပါ”ဟု ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာလည်း ကိုဗစ်ပထမလှိုင်းနှင့် ဒုတိယလှိုင်းနှစ်ခုထက် ယခုတတိယလှိုင်းတွင် သေဆုံးသူ ၆ ဆကျော်မြင့်တက်လာနေပြီး သြဂုတ် ၃ ရက်နေ့ ညနေ့ ၅ နာရီအထိ သေဆုံးသူစုစုပေါင်း ၂၃၉ ဦးအထိရှိလာကြောင်း ရခိုင်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ စာရင်းများအရ သိရသည်။
ယင်းသို့ ကိုဗစ်အတည်ပြုလူနာသေဆုံးမှုမှာ စစ်တွေတွင် (၅၅)ဦး၊ မောင်တော (၁၂)ဦး၊ သံတွဲ (၂၆)ဦး၊ တောင်ကုတ် (၄၉)ဦး၊ ဘူးသီးတောင် (၂)ဦး၊ ကျောက်တော် (၁၄)ဦး၊ မင်းပြား (၅)ဦး၊ ဂွ (၄)ဦး၊ ကျောက်ဖြူ (၂၀)ဦး၊ ရမ်းဗြဲ (၄)ဦး၊ ပုဏ္ဏားကျွန်း (၄)ဦး၊ ပေါက်တော (၇)ဦး၊ အမ်း (၇)ဦး၊ မြောက်ဦး (၈)ဦး၊ ရသေ့တောင် (၄)ဦးနှင့် မာန်အောင် (၈)ဦးတို့ဖြစ်ကြောင်း သိရသည်။
ယခုကဲ့သို့ သေဆုံးသူဦးရေများပြားလာနေသည့်အတွက် ပြည်သူများမှာ ကိုဗစ်စည်းကမ်းနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်သင့်ကြောင်း ဒေါက်တာစိုးဝင်းပိုင်က ပြောသည်။
ရခိုင်ပြည်နယ်အတွင်း ရောဂါပိုးကူးစက်ခံရသူများလာသည့်အတွက် စစ်တွေမြို့အတွင်း Mask မတပ်သူများကို ဇူလိုင် ၁၄ ရက်နေ့မှစပြီး အရေးယူဆောင်ရွက်နေသည်ဟု ပြည်နယ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းကပြောသည်။
သြဂုတ် ၃ ရက်နေ့အထိ ရခိုင်တွင် ကိုဗစ်အတည်ပြုလူနာ စုစုပေါင်းမှာ ၃၀၂၁ ဦးအထိရှိလာနေကြောင်း၊ မြန်မာတစ်နိုင်ငံလုံးတွင် ကိုဗစ်အတည်ပြုလူနာစုစုပေါင်း (၃၀၆,၃၅၄)ဦးရှိပြီး ဆေးရုံမှဆင်းခွင့်ရသူ(၂၁၇,၁၄၂)ဦးနှင့် သေဆုံးသူစုစုပေါင်း (၁၀,၀၆၁)ဦးရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ချက်အရသိရသည်။