ဒေါ်လာဈေးတက်နေ၍ နိုင်ငံခြားသွင်းကုန်များနှင့် အခြားကုန်စည်များ ဈေးဆက်လက်မြင့်တက်လာနိုင်

ဒေါ်လာဈေးမြင့်တက်လာနေမှုကြောင့် နိုင်ငံခြားသွင်းကုန်များနှင့်အခြားကုန်စည်များ ဈေးနှုန်းဆက်လက်မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

10 Sep 2021

ဓာတ်ပုံ - အင်တာနက်

DMG ၊ စက်တင်ဘာ ၁၀

ဒေါ်လာဈေးမြင့်တက်လာနေမှုကြောင့် နိုင်ငံခြားသွင်းကုန်များနှင့်အခြားကုန်စည်များ ဈေးနှုန်းဆက်လက်မြင့်တက်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာဈေးနှင့်ရွှေဈေးမှာ စံချိန်တင်မြင့်တက်နေပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် တစ်ဒေါ်လာကို မြန်မာငွေ ၁၈၀၀ ခန့်အထိ ပေါက်ဈေးရှိနေသည်။

ထိုသို့ ဒေါ်လာဈေးမြင့်တက်လာနေသည့်အတွက် နိုင်ငံခြားမှတင်သွင်းရသည့် ကုန်ပစ္စည်းများဝယ်ယူရာတွင် ဈေးနှုန်းအဆမတန်မြင့်တက်လာမှုများကြုံနေရကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင်များက ပြောသည်။

မြန်မာနိုင်ငံသည် စက်သုံးဆီများကို နိုင်ငံခြားမှ အဓိကတင်သွင်းနေရခြင်းကြောင့် ဒေါ်လာဈေးမြင့်တက်နေ၍ စက်သုံးဆီဈေးများလည်းမြင့်တက်လာနေသည်။ စက်သုံးဆီဈေးမြင့်တက်မှုနှင့်အတူ အခြားစားသောက်ကုန်စည်များမှာလည်း သယ်ယူရေးစရိတ်မြင့်တက်လာနိုင်သောကြောင့် ကုန်စည်မျာ းဈေးမြင့်တက်လာနိုင်ကြောင်း ဆိုကြသည်။

Rakhine UMFCCI ဥက္ကဋ္ဌ ဦးတင်အောင်ဦးက “စက်သုံးဆီဆိုရင် နိုင်ငံခြားကနေပြီးတင်သွင်းရတဲ့ ပစ္စည်းတွေဖြစ်တယ်။ဒါတွေဟာ တော်တော်လေးဈေးတက်လာတယ်။ တက်လာတယ်ဆိုတော့ သယ်ယူပို့ဆောင်ရေးမှာ စက်သုံးဆီက အဓိကကျတဲ့အတွက် ကျန်တဲ့အသုံးစရိတ်တွေလည်းမြင့်တက်လာပြီး ကျန်တဲ့ဟာတွေမှာလည်း ထိလာမှာပါ။ ဒီတော့ဈေးနှုန်းတွေလည်း တက်လာနိုင်ခြေရှိနေတယ်”ဟု ပြောသည်။

ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ စက်သုံးဆီဈေးများ မြင့်တက်လာနေခြင်းကြောင့်လည်း စက်သုံးဆီလုပ်ငန်းရှင်များ အခက်တွေ့နေကြရကြောင်းလည်း သိရသည်။

ရခိုင်ပြည်နယ်စက်သုံးဆီအသင်း ယာယီဥက္ကဋ္ဌ ဦးသန်းလှိုင်က “ဒီနေ့ရောင်းလိုက်တဲ့ငွေက အမြတ်နဲ့အရင်းနဲ့ပေါင်းတောင် မနက်ဖြန်အတွက် အရင်းပြန်မဖြစ်ပါဘူး”ဟု ဆိုသည်။

ရခိုင်ကကုန်သည်များမှာ ပြည်မကတစ်ဆင့် ကုန်စည်များ ဝယ်ယူနေရခြင်းကြောင့် ပုံမှန်ထက်ဈေးနှုန်းမြင့်တက် နေရခြင်းဖြစ်ကြောင်းလည်း စီးပွားရေးလုပ်ငန်းရှင် ဦးခင်မောင်ကြီးကပြောသည်။

“နိုင်ငံခြားကသွင်းတဲ့ပစ္စည်းတွေကို လက်ကားရောင်းချတဲ့သူတွေက ဒေါ်လာဈေးတက်သွားတဲ့အတွက် သူတို့ဝယ်တဲ့သွင်းကုန်တွေ ဈေးတက်သွားတယ်။ ဒီလိုမျိုးတက်သွားရင် ရခိုင်ကလုပ်ငန်းရှင်တွေက သူတို့ဆီကတစ်ဆင့်ဝယ်ရတာ ဒီတော့နိုင်ငံခြားငွေ တက်သွားတာနဲ့ သူတို့ကုန်တွေကဈေးတက်သွားတယ်။ ဒီတော့ သူတို့ဆီကနေ တစ်ဆင့်ဝယ်ရတဲ့ ရခိုင်ကကုန်သည်တွေက ဈေးပိုတက်သွားတာပေါ့” ဟု ဦးခင်မောင်ကြီးကဆိုသည်။

မြန်မာနိုင်ငံတွင် ဒေါ်လာဈေးမြင့်တက်လာမှုနှင့်အတူ ရွှေဈေးနှုန်းလည်းမြင့်တက်လာနေပြီး စက်တင်ဘာ ၁၀ ရက်နေ့တွင် အခေါက်ရွှေတစ်ကျပ်ကို ၁၈ သိန်းကျော်အထိ ပေါက်ဈေးရှိနေသည်။

လက်ရှိရွှေဈေးမှာ စံချိန်တင်မြင့်တက်လာနေခြင်းကြောင့် ရခိုင်က ရွှေဈေးကွက်များမှာ အရောင်းအဝယ်အေးနေပြီး ရွှေပေါင်နှံသူ များပြားလာနေကြောင်း ရွှေဆိုင်ပိုင်ရှင်များကပြောသည်။

ဂျွန်စ်ဟော့ပ်ကင်းတက္ကသိုလ်၏ သြဂုတ်လနောက်ဆုံးပတ် အစီရင်ခံစာအရ မြန်မာနိုင်ငံသည် ငွေကြေးဖောင်းပွမှုနှုန်း ၃၁ ရာခိုင်နှုန်းအထိရှိနေပြီး ကမ္ဘာ့ငွေကြေးအဖောင်းပွဆုံးနိုင်ငံများထဲတွင် နံပတ် ၉ နေရာမှာ ရပ်တည်နေကြောင်း သိရသည်။