- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တိုက်ပွဲများကြောင့် ထားဝယ်မြို့အနီးတဝိုက်တွင် စစ်ကောင်စီက စစ်ဆေးမှုတင်းကြပ်ထား
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှစပြီး တိုက်ပွဲပြင်းထန်နေမှုကြောင့် မြို့အဝင်၊အထွက်သွားလာခွင့်ကို ကန့်သတ်ထားကြောင်း မြို့ခံများထံမှသိရသည်။
09 Sep 2022
DMG ၊ စက်တင်ဘာ ၉
တနင်္သာရီတိုင်း၊ ထားဝယ်မြို့တွင် စက်တင်ဘာလ ၇ ရက်နေ့မှစပြီး တိုက်ပွဲပြင်းထန်နေမှုကြောင့် မြို့အဝင်၊အထွက်သွားလာခွင့်ကို ကန့်သတ်ထားကြောင်း မြို့ခံများထံမှသိရသည်။
ထားဝယ်မြို့အနီးရှိ အရှေ့တောနယ်ကျေးရွာတွင် စက်တင်ဘာလ ၇ ရက်မှစပြီး စစ်ကောင်စီတပ်နှင် KNU တပ်မဟာ(၄) KNDO ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲအပြင်းအထန်ဖြစ်ပွားနေသဖြင့် ထားဝယ်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ကောင်စီက ရှာဖွေစစ်ဆေးရေး တင်းကြပ်စွာလုပ်ဆောင်နေကြောင်း ထားဝယ်မြို့ခံတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်နေတာ ၇ ရက်နေ့တည်းက။ မြို့ထဲကနေ ခဏအပြင်ထွက်တာ မရဘူး။ လာတဲ့ကားတွေ ဆိုင်ကယ်တွေကို အတင်းအကြပ်စစ်ဆေးတယ်။ ကုန်ကားတွေကအစ အကုန်ဂိတ်အနားမှာ ရပ်ပေးနေရတယ်။ စစ်တပ်တွေ အင်အားအများကြီးနဲ့ကို စစ်နေတာ”ဟု အဆိုပါမြို့ခံကပြောသည်။
ထိုသို့ ရှာဖွေစစ်ဆေးမှုများအတွင်း အစားအသောက်ကုန်များနှင့် အခြားကုန်ပစ္စည်းများကို ထောက်ခံစာပါမှ သယ်ယူခွင့်ရသည့်အတွက် ကုန်စည်ပို့ဆောင်ရန် အခက်အခဲများဖြစ်ပေါ်နေကြောင်း ကုန်တင်ယာဉ်မောင်းများထံမှ သိရသည်။
ကုန်တင်ယာဉ်မောင်းတစ်ဦးက “ဆန်တွေ အစားအသောက်ကုန်တွေ မြို့ထဲသယ်လို့မရဘူးလို့ စစ်သားတွေပြောတယ်။ ထောက်ခံစာပါမှ သယ်လို့ရမယ်လို့ပြောတယ်။ ထောက်ခံစာမပါတဲ့ကားသမားတွေဆို နောက်လှည့်ပြန်ရတာရှိတယ်။ တချို့ဆို ဖမ်းဆီးထိန်းသိမ်းခံထားရတာလည်းတွေ့ခဲ့ရတယ်”ဟု ဆိုသည်။
လက်ရှိတွင် အရှေ့တော-ထားဝယ်ကားလမ်းမပေါ်ရှိ ဗျောတောဝ၊ သဗျာရွာထိပ်၊ ပကာရီရဲစခန်း၊ ကျောက်မဲတောင်နှင့် မေတ္တာ တံတားတို့တွင် စစ်ဆေးရေးဂိတ်များဖွင့်လှစ်ကာ စစ်ဆေးရေး တင်းကြပ်ထားသည့်အပြင် စစ်ကားများဖြင့် အင်အားပြသွားလာနေကြကြောင်းလည်း ဒေသခံများကပြောဆိုသည်။
သဗျာရွာထိပ်ကျေးရွာသားတစ်ဦးက “စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတာကြာပြီ။ အခုရက်ပိုင်းမှာ တိုက်ပွဲဖြစ်လို့ဆိုပြီး စစ်ဆေးတာ ပိုမိုတင်းကြပ်လာနေတယ်။ တခါတလေ ကားလမ်းပေါ်မှာပဲ စစ်ကားတွေနဲ့လှည့်ပြီး သွားနေတာကိုပါတွေ့ခဲ့ရတယ်”ဟု ပြောသည်။
ထားဝယ်မြို့၊ အရှေ့တောကျေးရွာ၌ စစ်ကောင်စီတပ်နှင့် KNU တပ်မဟာ(၄) KNDO ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲများ မကြာခဏဖြစ်ပွားမှုများရှိနေပြီး ထားဝယ်မြို့တွင်း အပြင်သွားလာခွင့်ကိုလည်း ကန့်သတ်မှုများရှိနေသည်။