ဧရာဝတီတိုင်းရောက် ရခိုင်စစ်ရှောင်များကို စစ်ဆေးမှုတင်းကြပ်နေ

ဧရာဝတီတိုင်းသို့ ရောက်ရှိနေသည့်စစ်ဘေးရှောင်များကို ဩဂုတ် ၁၀ ရက်တွင် ဂွမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ပိုမိုတင်းကြပ်စွာ စစ်ဆေးလာခြင်းဖြစ်သည်။ 

By Admin 24 Aug 2024

ပုံစာ - ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်း စစ်ကောင်စီ၏ ဧည့်စာရင်းစစ်ဆေးမှုတစ်ခု။ (ဓာတ်ပုံ - MOI)
ပုံစာ - ဧရာဝတီတိုင်း၊ လပွတ္တာမြို့နယ်အတွင်း စစ်ကောင်စီ၏ ဧည့်စာရင်းစစ်ဆေးမှုတစ်ခု။ (ဓာတ်ပုံ - MOI)

DMG ၊ ဩဂုတ် ၂၄ 

စစ်ကောင်စီနှင့် အာရက္ခတပ်တော်(AA) တိုက်ပွဲများကြောင့် ဧရာဝတီတိုင်းတွင် လာရောက်စစ်ဘေးရှောင်နေသည့် ရခိုင်ဒေသခံများကို စစ်ကောင်စီက စစ်ဆေးမှုများ ပို၍တင်းကြပ်လာကြောင်း သိရသည်။ 

ဧည့်စာရင်းစစ်ဆေးခြင်း၊ အိမ်ထောင်စုစာရင်းတောင်းခြင်း၊ မိသားစုဓာတ်ပုံတောင်းခြင်းအပြင် စစ်ဘေးရှောင်များ တည်းခိုရာနေအိမ်များမှ ဒေသခံများကိုယ်တိုင် အာမခံပေးရခြင်းအထိ စစ်ဆေးမှုများ တင်းကြပ်နေသည်။ 

ဧရာဝတီတိုင်းသို့ ရောက်ရှိနေသည့်စစ်ဘေးရှောင်များကို ဩဂုတ် ၁၀ ရက်တွင် ဂွမြို့နယ်အတွင်း တိုက်ပွဲစတင်ဖြစ်ပွားပြီးနောက် ပိုမိုတင်းကြပ်စွာ စစ်ဆေးလာခြင်းဖြစ်သည်ဟု ပြောဆိုကြသည်။ 

“ဧရာဝတီဖက်ရောက်နေတဲ့ စစ်ဘေးရှောင်တွေကို ဂွမြို့နယ်အတွင်း တိုက်ပွဲဖြစ်ပြီးတော့မှ တော်တော်လေး တင်းတင်းကြပ်ကြပ် စစ်ဆေးလာတယ်။ တချို့ဆိုရင် အိမ်ပိုင်ရှင်တွေကိုယ်တိုင်လိုက်ပြီး စစ်ဘေးရှောင်ဖြစ်ကြောင်း အာမခံပေးရတယ်” ဟု ရေကြည်မြို့နယ်သို့ ရောက်ရှိနေသည့် ရခိုင်စစ်ဘေးရှောင် တစ်ဦးက ပြောသည်။ 

ယခင်က ဧရာဝတီတိုင်းရှိ မြို့နယ်များတွင် ညအချိန်များတွင်သာ စစ်ကောင်စီနှင့် ရပ်/ကျေးအုပ်ချုပ်ရေးမှူးများက ဧည့်စာရင်းစစ်ဆေးခြင်း ရှိသော်လည်း ယခုရက်ပိုင်းတွင် နေ့ခင်းအချိန်များတွင်လည်း စစ်ဆေးခြင်းများ ရှိလာသည်ဟု ပြောဆိုကြသည်။ 

တိုက်ပွဲဖြစ်ပွားမှုကြောင့် သံတွဲနှင့် ဂွမြို့နယ်တို့မှ သောင်းနှင့်ချီသည့် ဒေသခံများမှာ နေရပ်စွန့်ခွာပြီး ဧရာဝတီ၊ ပဲခူး၊ ရန်ကုန်စသည့် ဒေသများတွင် စစ်ဘေးတိမ်းရှောင်နေကြရသည်။ 

 “အဓိကတော့ စစ်ကောင်စီက AA ရဲ့ထိုးစစ် ဧရာဝတီဖက်ကို ရောက်ရှိလာမှာကို တော်တော်လေးကြောက်နေတာ။ အဲဒါကြောင့် AA တပ်ဖွဲ့ဝင်တွေ ရောက်ရှိလာမှာကို စိုးရိမ်ပြီး တပ်လှန့်ထားတဲ့သဘောဖြစ်တယ်” ဟု သံတွဲမြို့နယ်မှ လူမှုရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ပြောသည်။ 

ဩဂုတ် ၉ ရက်က ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်ကို ရောက်ရှိနေကြသည့် သံတွဲမြို့နယ်က စစ်ဘေးရှောင် ၃၃ ဦး ဧည့်စာရင်းမတိုင်၍ဟု ဆိုကာ စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။ 

လက်ရှိတွင် အာရက္ခတပ်တော်(AA)သည် သံတွဲမြို့၊ ငပလီမြို့နှင့် ဂွမြို့နယ်ရှိ ကျိန္တလီမြို့တို့ကို သိမ်းပိုက်ထားပြီး သံတွဲမြို့နယ်ရှိ စစ်ကောင်စီ၏ မောင်ရွှေလေးရေတပ်နှင့် ဂွမြို့နယ်တို့တွင် နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေသည်။