AA နှင့်ဆက်စပ်သည့်သံသယဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် ကျောက်ဆိပ်ရွာသားငါးဦးကို စစ်ဆေးပြီး

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားငါးဦးကို စစ်ဆေးမှုပြီးစီးပြီဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။

02 Feb 2022

DMG ၊ ဖေဖေါ်ဝါရီ ၂

ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ သံသယဖြင့်ဖမ်းဆီးခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်၊ ပုဏ္ဏာန်းကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသားငါးဦးကို စစ်ဆေးမှုပြီးစီးပြီဖြစ်ကြောင်း ရှေ့နေထံမှ သိရသည်။

ကျောက်ဆိပ်ကျေးရွာသားငါးဦးအနက် ဇန်နဝါရီလ ၁၉ ရက်နေ့က ကိုမျိုးလင်းဦးနှင့် ကိုညီညီအောင်တို့ကိုစစ်ဆေးခဲ့ပြီး ကျန်သုံးဦးကို ယနေ့(ဖေဖော်ဝါရီလ ၂ ရက်)တွင် စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“လာမယ့်(ဖေဖော်ဝါရီလ ၉ ရက်)နေ့မှာ တရားခံပြသက်သေတွေကိုစစ်မယ်။ တရားခံ ၅ ယောက်အတွက် တရားခံပြသက်သေအကုန်လုံး ၁၃ ယောက်တင်ထားတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးကျော်ညွှန့်မောင်ကပြောသည်။

ကျောက်ဆိပ်ကျေးရွာသားများဖြစ်ကြသော ကိုညီညီအောင်(၂၄)နှစ်၊ ကိုအောင်မျိုးလင်း(၂၄)နှစ်၊ ကိုမောင်ချေ(၂၄)နှစ်၊ ကိုမင်းစိုး(၃၈)နှစ်နှင့် ကိုကျော်ဝင်းဟိန်း(၂၂)နှစ်တို့ကို စစ်တွေခရိုင်တရားရုံးတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၀(ည)၊ ၅၂(က)တို့ဖြင့် တရားစွဲဆိုထားသည်။

ပြီးခဲ့သည့် ၂၀၂၀ ခုနှစ် ဧပြီလအတွင်းက ပုဏ္ဏားကျွန်းမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာသား(၃၈)ဦးကို မြန်မာစစ်တပ်ကဖမ်းဆီးခဲ့ပြီး (၃၃)ဦးကို ပြန်လွှတ်ပေးခဲ့သည်။ သို့သော် ကိုညီညီအောင်အပါအဝင်(၅)ဦးကို ဆက်လက်ဖမ်းဆီးပြီး ပုဏ္ဏားကျွန်းမြို့အခြေစိုက် ၅၅၀ တပ်ရင်းက ဗိုလ်ကြီးတင့်နိုင်ထွန်းက တရားလိုပြုလုပ်ကာ တရားစွဲဆိုခဲ့သည်။

ကိုညီညီအောင်၏မိခင် ဒေါ်နီနီက “သူတို့က ဘယ်အဖွဲ့အစည်းနဲ့မှ ဆက်စပ်မှုမရှိဘူး။ သူတို့ကို ပြန်လွှတ်ပေးစေချင်တယ်”ဟု ပြောသည်။

၎င်းတို့ ၅ ဦးကို ဖမ်းဆီးချုပ်နှောင်ထားစဉ်ကာလအတွင်း မြန်မာစစ်တပ်၏တပ်ဖွဲ့ဝင်များက ရေယာဉ်ပေါ်တွင် ထိုးကြိတ်၊ကန်ကျောက်နှိပ်စက်မှုကို ခံခဲ့ကြရသည်။

လက်ရှိကျောက်ဆိပ်ကျေးရွာသားငါးဦးမှာ စစ်တွေအကျဉ်းထောင်မှနေ၍ အမှုရင်ဆိုင်နေရသည်မှာ ၂ နှစ်နီးပါးကြာမြင့်နေပြီဖြစ်သည်။

ရက္ခိုင့်တပ်တော်(ULA/AA)ကို အကြမ်းဖက်အုပ်စုအဖြစ်မှ ရုပ်သိမ်းပြီးနောက် ရခိုင်ကအကြမ်းဖက်မှုဖြင့်စွဲဆိုထားသည့်အမှုများကို စစ်ကောင်စီက ရုပ်သိမ်းပေးမှုများရှိလာသော်လည်း လက္ကာကျေးရွာနှင့် ကျောက်ဆိပ်ကျေးရွာသားများကဲ့သို့ ထင်ရှားသောအမှုများကို ပြန်လည်ရုပ်သိမ်းပေးမှုမရှိသေးပါ။

လက်ရှိတွင် ရခိုင်ပြည်အတွင်းက အကြမ်းဖက်မှုပုဒ်မများဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသူထဲမှ လွတ်ငြိမ်းချမ်းသာခွင့်နှင့် အမှုရုပ်သိမ်းမှုတို့ကြောင့် လွတ်မြောက်လာသူ ၉၀ ကျော်ရှိပြီဖြစ်ပြီး မလွတ်မြောက်သေးသူ ၁၀၀ ကျော်အထိ ကျန်ရှိနေသေးသည်။