- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ကျောင်းသားလေးဦး လွတ်မြောက်
စစ်တပ်နှင့် အစိုးရကိုဝေဖန်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်က တက္ကသိုလ်ကျောင်းသားလေးဦးမှာ ယနေ့မတ်လ ၁၁ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသည်။
11 Mar 2022
DMG ၊ မတ် ၁၁
စစ်တပ်နှင့် အစိုးရကိုဝေဖန်မှုကြောင့် နှစ်ရှည်ထောင်ဒဏ်ချမှတ်ခံထားရသည့် ရခိုင်ပြည်က တက္ကသိုလ်ကျောင်းသားလေးဦးမှာ ယနေ့မတ်လ ၁၁ ရက်နေ့တွင် စစ်တွေအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာကြသည်။
အဆိုပါ ကျောင်းသားလေးဦးတို့မှာ ကိုကျော်နိုင်ဌေး၊ ကိုဦးသန်းနိုင်၊ ကိုမြတ်စိုးဝင်းနှင့် ကိုကောင်းထွန်းတို့ကြသည်။
၎င်းတို့လွတ်မြောက်မှုနှင့်ပတ်သက်၍ စစ်တွေတက္ကသိုလ်ယာယီဥက္ကဋ္ဌ ကိုဘုန်းပြည့်က "ဒီနေ့မနက်အစောကြီးက လွတ်လာတယ်လို့သိရပါတယ်။ လွတ်မယ့်အချိန်ကိုကျနော်လည်းတို့လည်း မသိလိုက်ရဘူး။ အခုလွတ်လာတဲ့သူတွေနဲ့ ခဏနေရင်သွားတွေ့ဖို့လုပ်နေပါတယ်"ဟု ပြောသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၂၀၂၀ ခုနှစ် ၁၉ ရက်နေ့က ရခိုင်ပြည်ကျောင်းသားသမဂ္ဂမှဦးဆောင်ပြီး “ဖက်ဆစ်စစ်တပ် အလိုမရှိ၊ ကိုလိုနီအစိုးရ အလိုမရှိ၊ No Bloody Government ၊ Burmese Government Get Out ၊ Burmese Army Get Out” စသည့်အချက်များကိုကြွေးကြော်ကာ စစ်တွေမြို့အတွင်း လှည့်လည်ဆန္ဒဖော်ထုတ်ခဲ့ကြသည်။
ယင်းသို့ဆန္ဒထုတ်ဖော်မှုကြောင့် ကျောင်းသားလေးဦးမှာ နိုင်ငံတော်အကြည်အညိုပျက်စေမှုပုဒ်မ- ၅၀၅(ခ)၊ ဘေးစီမံဥပဒေပုဒ်မ-၂၉ တို့ဖြင့်တရားစွဲဆိုခံရပြီး ထောင်ဒဏ်(၂)နှစ်နှင့်ခြောက်လချမှတ် ခံခဲ့ရသည်။
ဖြစ်စဉ်တစ်ခုအပေါ် ကျောင်းသားလေးဦးအား အမှုနှစ်ခုဖြင့်တရားစွဲပြီး ယင်းသို့အမြင့်ဆုံးပြစ်ဒဏ်ချမှတ်ခြင်းမှာ ဥပဒေနှင့်မညီဟုဆိုကာ စစ်တွေခရိုင်တရားရုံးသို့ အယူခံတက်ရောက်ခဲ့သည်။
ခရိုင်တရားရုံးမှ အမှုကိုလက်ခံကြားနာခြင်းမရှိဘဲ ပလပ်လိုက်သည့်အတွက် ထပ်မံ၍ ပြည်နယ်တရားလွှတ်တော်သို့ ပြင်ဆင်မှု တက်ရောက်ခဲ့ရာ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် ပြည်နယ်တရားလွှတ်တော်မှ အပြီးသတ်အမိန့်ချရာ၌ ကျောင်းသားလေးဦးအား ပြစ်ဒဏ်တစ်နှစ်လျော့ချလိုက်သည်။
"မနက်ခြောက်နာရီလောက်က လွတ်လာကြပါတယ်။ လွတ်လာတော့ အများကြီးပျော်ပါတယ်"ဟု ကိုကျော်နိုင်ဌေး၏ ညီမဖြစ်သူ မပန်းအိဖြူကပြောသည်။