ဖမ်းဆီးခံ တောင်ကုတ်ဒေသခံများ မိသားစုနှင့် အဆက်အသွယ် မရ

တောင်ကုတ်မြို့ရှိ တက္ကသိုလ်၊ ကြိုးကြာကွင်း၊ ဖုံညိုလိပ်၊ ရေကြောင်းဆိပ်ကမ်း စသည့် မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ဒေသခံများအား ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

By Admin 07 Oct 2024

ဖမ်းဆီးခံ တောင်ကုတ်ဒေသခံများ မိသားစုနှင့် အဆက်အသွယ် မရ

DMG ၊ အောက်တိုဘာ ၇ 

ရခိုင်ပြည်၊ တောင်ကုတ်မြို့ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ဖမ်းဆီးခံရသည့် ဒေသခံ ၁၀ ကျော်အား လက်ရှိအချိန်ထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သိရသည်။ 

တောင်ကုတ်မြို့နယ်၊ သဒွန်ကျေးရွာမှ ဦးဝင်းမောင် (၃၆) နှစ်မှာ မြို့ပေါ်မှ စက်ပစ္စည်းများဝယ်၍ ပြန်လာစဉ် အောက်တိုဘာ ၃ ရက်၊ နံနက် ၁၀ ကျော်အချိန် တောင်ကုတ်တက္ကသိုလ် စစ်ဆေးရေးဂိတ်၌ ဖမ်းဆီးခံခဲ့ရသည်။ 

“သူ့ကို တောင်ကုတ်အခြေစိုက် စစ်ကောင်စီတပ်ရင်းတစ်ခုကို ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ သိရတယ်။ ဒါပေမဲ့ အခုအချိန်ထိ အဆက်အသွယ်မရသေးဘူး” ဟု ဦးဝင်းမောင်၏ မိသားစုဝင်များနှင့် နီးစပ်သူတစ်ဦးက ပြောသည်။ 

ပြီးခဲ့သည့် စက်တင်ဘာ ၆ ရက်ကလည်း တောင်ကုတ်မြို့၊ ချောင်းကောက်ရပ်ကွက်မှ ဒေါက်တာ ကျော်သူရထွန်းကို နေအိမ်၌ဖမ်းဆီးပြီး ခမရ (၅၄၄) တပ်ရင်းသို့ ခေါ်သွားပြီးနောက် ယခုအချိန်ထိ အဆက်သွယ်မရသေးကြောင်း သိရသည်။ 

အလားတူ ဩဂုတ် ၂၀၊ ၂၇ ရက်များကလည်း တောင်ကုတ်မြို့ရှိ စစ်ကောင်စီ၏ ကြိုးကြာကွင်း စစ်ဆေးရေးဂိတ်တွင် ဒေသခံ ၁၀ ဦး ဖမ်းဆီးခံခဲ့ရပြီး ယခုအချိန်ထိ သတင်းအစအန မရသေးပေ။ 

“တောင်ကုတ်မြို့မှာ စစ်ကောင်စီက ခံစစ်ပြင်ဆင်ပြီးကတည်းက ဖမ်းဆီးခံရတဲ့ဒေသခံတွေ တစ်ယောက်မှ ပြန်မလွတ်သေးဘူး။ အဆက်အသွယ်လည်း မရကြဘူး” ဟု သတင်းရင်းမြစ်တစ်ဦးက ပြောသည်။  

တောင်ကုတ်မြို့တွင် စစ်ကောင်စီသည် ဇွန်လ နောက်ဆုံးပတ်မှစ၍ စစ်ဆေးရေးဂိတ်များ တိုးချဲ့ဖွင့်လှစ်ကာ ဒေသခံများကို တင်းကြပ်စွာ စစ်ဆေးပြီး ဖမ်းဆီးခြင်းများ လုပ်ဆောင်နေခြင်းဖြစ်သည်။ 

ယခုရက်ပိုင်းအတွင်း တောင်ကုတ်မြို့ရှိ တက္ကသိုလ်၊ ကြိုးကြာကွင်း၊ ဖုံညိုလိပ်၊ ရေကြောင်းဆိပ်ကမ်း စသည့် မြို့ဝင် စစ်ဆေးရေးဂိတ်များတွင် ဒေသခံများအား ဖမ်းဆီးစစ်ဆေးခြင်းများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ဒေသခံများက ပြောဆိုကြသည်။ 

“အခုနောက်ပိုင်း စစ်ဆေးရေးဂိတ်တွေက တော်တော်လေးဆိုးလာတယ်။ ဒေသခံတွေကို ဖမ်းဆီးငွေညှစ်တာတွေ၊ သူတို့က စစ်ဆေးလို့ သဘောမတွေ့တဲ့သူတွေဆိုရင် အဝတ်တွေကအစ ချွတ်ခိုင်းပြီး စစ်ဆေးတယ်” ဟု တောင်ကုတ်ဒေသခံ လူမှုရေးတက်ကြွလှုပ်ရှားသူ တစ်ဦးက ပြောသည်။

လက်ရှိတိုက်ပွဲကာလ တောင်ကုတ်မြို့နယ်တွင် ဒေသခံ ၂၀ ကျော်ထက်မနည်း ဖမ်းဆီးခံထားရပြီး မြေပြင်တွင် ယခုထက်ပို၍ များနိုင်သည်။ 

တောင်ကုတ်မြို့နယ်တွင် ယခုရက်ပိုင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသော်လည်း စစ်ကောင်စီသည် တောင်ကုတ်မြို့ နေရာအနှံ့တွင် ခံစစ်အခိုင်အမာပြင်ဆင်ထားသလို အာရက္ခတပ်တော်(AA) ကလည်း ဝန်းရံပိတ်ဆို့ထားသည်။