တိုက်ပွဲပြင်းထန်နေသော အမ်းတွင် လေကြောင်းဗုံးကြဲ၍ ဒေသခံတစ်ဦးဒဏ်ရာရ 

မဲလက်မောင်း၊ ခမောင်းတော၊ ကြိမ်ချောင်း စသည့် ကျေးရွာများမှာ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ စစ်ဘေးရှောင်နေကြသော်လည်း ဒေသခံအချို့မှာ ရွာစောင့်အဖြစ် ကျန်ခဲ့ကြသည်။

By Admin 12 Oct 2024

လေကြောင်းဗုံးကြမှုကြောင့် ပျက်စီးသွားသည့် မဲလက်မောင်း စာသင်ကျောင်း။ ဓာတ်ပုံ - AMP
လေကြောင်းဗုံးကြမှုကြောင့် ပျက်စီးသွားသည့် မဲလက်မောင်း စာသင်ကျောင်း။ ဓာတ်ပုံ - AMP

DMG ၊ အောက်တိုဘာ ၁၂ 

တိုက်ပွဲပြင်းထန်နေသော ရခိုင်ပြည်၊ အမ်းမြို့နယ်တွင် စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်မှုကြောင့် မဲလက်မောင်းကျေးရွာမှ ဒေသခံတစ်ဦး ဒဏ်ရာရရှိသွားခဲ့သည်ဟု သတင်းရရှိသည်။ 

အောက်တိုဘာ ၁၁ ရက်တွင် ဂျက်တိုက်လေယာဉ်မှ ကြဲချလိုက်သောဗုံးမှာ မဲလက်မောင်းစာသင်ကျောင်းအတွင်း ကျရောက်ပေါက်ကွဲစဉ် အနီးအနားတွင်ရှိနေသည့် အသက် (၅၀) အရွယ် ဦးဦးကျော်ဆန်းမှာ ဒဏ်ရာရရှိသွားခဲ့ခြင်း ဖြစ်သည်။ 

“ရွာသားတွေက အကုန်လုံးနီးပါး တိမ်းရှောင်နေကြတယ်။ သူက အိမ်စောင့်အဖြစ် ကျန်နေခဲ့တာ။ အနီးအနားမှာဆိုတော့ ဗုံးစတွေထိမှန်ပြီး ဒဏ်ရာရရှိသွားတာ။ ဒဏ်ရာကတော့ သိပ်မစိုးရိမ်ရဘူး” ဟု အမ်းဒေသခံတစ်ဦးက ပြောသည်။ 

မဲလက်မောင်း၊ ခမောင်းတော၊ ကြိမ်ချောင်း စသည့် ကျေးရွာများမှာ တိုက်ပွဲများကြောင့် ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ စစ်ဘေးရှောင်နေကြသော်လည်း ဒေသခံအချို့မှာ ရွာစောင့်အဖြစ် ကျန်ခဲ့ကြသည်။ 

မဲတောင်ဗျူဟာကုန်းကို သိမ်းပိုက်ပြီးနောက် အာရက္ခတပ်တော်၏ ထိုးစစ်မှာ အမ်းမြို့အနီးသို့ နီးကပ်လာကာ တိုက်ပွဲများလည်း ဆက်လက်ပြင်းထန်နေသည်။ 

နပခ နာဌာချုပ်အဝင် ခမရ (၃၇၃) တပ်ရင်းနှင် မြို့အဝင်လမ်းတလျှောက်တွင် စစ်ကောင်စီနှင့် AAတို့ စက်တင်ဘာ ၁၁ ရက်အထိ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးပစ်ကူများဖြင့် ခုခံလျက်ရှိသည်။  

“မနေက ညနေပိုင်းကစပြီး ဒရုန်းသံတွေ၊ လေယာဉ်သံ၊ လက်နက်ကြီး၊ လက်နက်ငယ်ပစ်သံတွေ တောက်လျှောက်ကြားနေရတယ်။ တစ်ညလုံးပဲ။ နပခကိုလည်း လက်နက်ကြီး ကျရောက်ပေါက်ကွဲတာတွေ ရှိတယ်လို့ ကြားရတယ်။ အတိအကျကိုတော့ မသိနိုင်သေးဘူး” ဟု စစ်ရေးအခြေအနေ သိရှိသူတစ်ဦးက ပြောသည်။ 

အမ်းမြို့နယ်တွင် စစ်ကောင်စီနှင့်အာရက္ခတပ်တော်တို့ ပြီးခဲ့သည့် မေလအတွင်းမှစ၍ တိုက်ပွဲဖြစ်ပွားနေပြီး စစ်ကောင်စီ၏ တောဟိန်းတောင်ဗျူဟာကုန်း၊ မဲတောင်ဗျူဟာကုန်းတို့ကို AAက သိမ်းပိုက်ထားကာ နပခဌာနချုပ်အထိ ဆက်လက် ထိုးစစ်ဆင်နေသည်။